လက်ရှိ တစ်ကမ္ဘာလုံးမှာရင်ဆိုင်ကြုံတွေ့နေကြရတဲ့ COVID -19 (သို့) Coronavirus ကပ်ရောဂါကတော့ လူတွေကို ကျန်းမာရေးထိခိုက်၊ အသက်ဆုံးရံှုးစေတဲ့အပြင် တခြားသောနောက်ဆက်တွဲဆိုးကျိုးတွေကိုပါ သွယ်ဝိုက်တဲ့နည်းနဲ့ ဖန်တီးလာနေပြီဖြစ်ပါတယ်။ ဒီလိုဆိုရတဲ့အကြောင်းရင်းကတော့ Coronavirus ကျန်းမာရေးမထိခိုက်စေဖို့ လူတိုင်းမဖြစ်မနေ ဂရုပြုလိုက်နာဖို့လိုတဲ့ကန့်သတ်ချက်တချို့က လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေအတွက် မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှု၊ ပျက်ကွက်မှုတွေကို ဖြစ်လာစေခဲ့လို့ပါပဲ။
အခုဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လုပ်သားဦးရေစုစုပေါင်း ၃.၃ ဘီလျံထဲက ၈၁% လောက်ဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို တစ်စိတ်တစ်ပိုင်းဖြစ်စေ အပြည့်အဝဖြစ်စေ ဆုံးရံှုးထားကြပါပြီ။ Coronavirus ကပ်ရောဂါဘေးကိုရှောင်လွှဲနိုင်ဖို့ရွေးချယ်မှုတွေပြုလုပ်ရာမှာ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေဟာ အခိုက်အတန့် ဒါမှမဟုတ် အပြီးတိုင်လမ်းခွဲမှု ဆိုတာကို မလွှဲမရှောင်သာ ရွေးချယ်ခဲ့ကြရလို့ဖြစ်ပါတယ်။
လုပ်ငန်းရှင်၊ လုပ်သား၊ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး coronavirus outbreak ရဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုအခြေအနေတွေကို လေ့လာစာရင်းပြုစုခဲ့တဲ့ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) က
Director General ဖြစ်သူ Guy Ryder က “ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းတွေနဲ့ အဲဒီကလုပ်သားတွေအတွက်တော့ ကပ်ဘေးဆိုးတစ်ခုကို ရုတ်တရက်ကြီး ရင်ဆိုင်လိုက်ရတာပါ။ ဒီအရေးကိစ္စအတွက် အားလုံးအတူလက်တွဲပြီး မြန်မြန်နဲ့ ပြတ်ပြတ်သားသားဖြေရှင်းပေးကြဖို့လိုနေပါပြီ။ တရားမျှတမှု၊ အဆောတလျင်အရေးယူဆောင်ရွက်မှုနဲ့ ဆောင်ရွက်မယ့်မူဘောင်တွေက အန္တရာယ်ကြားကပြန်ရုန်းထွက်နိုင်ခြင်းနဲ့ ပျက်စီးဆုံးရံှုးခြင်းတွေကို အဆုံးအဖြတ်ပေးပါလိမ့်မယ်” လို့ တိုက်တွန်းပြောဆိုထားပါတယ်။

လုပ်သားဦးရေ သန်း ၂၀၀ နီးပါး အလုပ်အကိုင်ဆုံးရှုံးရနိုင်
ကမ္ဘာတစ်ဝှမ်းမှာသတ်မှတ်လက်ခံထားကြတဲ့အလုပ်ချိန်ပမာဏကလည်း 2020 ခုနှစ်ရဲ့ ဒုတိယလေးလပတ်အချိန်ရောက်ချိန်လောက်မှာ ၆.၇% လောက်လျော့ကျသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်းရှိနေပါတယ်။ အဲဒီလို တကယ်ဖြစ်လာမယ်ဆိုရင်တော့ အချိန်ပြည့်ဝန်ထမ်း ၁၉၅ သန်းလောက်ဟာ ချက်ချင်း အလုပ်လက်မဲ့ဘဝကိုရောက်သွားကြမှာပါ။ ဒီလိုထိခိုက်နစ်နာမှုတွေအများဆုံးရှိလာနိုင်တဲ့နေရာကတော့ Arab ပြည်ထောင်စုနိုင်ငံတွေဖြစ်ပါတယ်။
ILO ကတော့ “ဒုတိယကမ္ဘာစစ်ပြီးရင် အဆိုးရွားဆုံးဘေးဒုက္ခ”လို့ ဒီကပ်ရောဂါအပေါ်မှတ်ချက်ပြုထားပြီး၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာအလုပ်လက်မဲ့ဦးရေတိုးမြင့်မှုအခြေအနေကတော့ (၁) ကမ္ဘာ့စီးပွားရေးကဏ္ဍအနေနဲ့ လာမယ့်ဒုတိယနှစ်ဝက်ကာလထဲမှာ ဘယ်လောက်မြန်မြန် ပြန်နာလန်ထူလာမလဲ နဲ့ (၂) မူဝါဒချမှတ်ဆောင်ရွက်မှုတွေက လုပ်သားတွေရဲ့အလုပ်အခွင့်အလမ်းအတွက် ဘယ်လောက်ထိအကျိုးများစေနိုင်မလဲ ဆိုတဲ့အချက် (၂) ခုအပေါ်မှာပဲ မူတည်နေတာပါ။

ဆိုးဆိုးရွားရွားအထိနာခဲ့ရတဲ့ Accommodation service တွေနဲ့ manufacturing ကဏ္ဍ
လုပ်ငန်းလည်ပတ်နေရာကနေ ရုတ်ချည်းရပ်လိုက်ရတာဖြစ်လို့ ဘယ်စီးပွားရေးလုပ်ငန်းမဆို တစ်နည်းနည်းနဲ့တော့ ထိခိုက်နစ်နာရတာချည်းပါ။ ဒိတော့ Social Distancing ကြောင့်ခရီးသွားလာမှုနှုန်းကျဆင်းသွားလို့ အကြီးအကျယ်နစ်နာဆုံးရှုံးမှုဖြစ်ရတဲ့လုပ်ငန်းတွေထဲမှာ accommodation and food services လုပ်ငန်းပါနေတာက မဆန်းလောက်ပါဘူး။ ဒါ့အပြင် manufacturing, wholesale and retail နဲ့ real estate လုပ်ငန်းတွေဟာလည်း နစ်နာဆုံးရှုံးခဲ့ကြရပါတယ်။ အချက်အလက်တွေအရ အဲဒီလုပ်ငန်းနယ်ပယ်တွေထဲမှာ အလုပ်လုပ်ကိုင်နေတဲ့လုပ်သားဦးရေက ကမ္ဘာ့လုပ်သားဦးရေစုစုပေါင်းရဲ့ ၃၈% တစ်နည်းအားဖြင့် လုပ်သား ၁.၂၅ ဘီလျံထိရှိနေပါတယ်။

အလုပ်ဆုံးရှုံးရနိုင်ချေများပြားတဲ့လုပ်သားဦးရေအများဆုံးရှိနေတဲ့နေရာတွေက America နဲ့ Europe ဒေသတွေဖြစ်ပါတယ်။ America မှာနေထိုင်သူအားလုံးရဲ့ 43.2% ဥရောပနဲ့ ဗဟိုအာရှဒေသတွေမှာနေထိုင်သူအားလုံးရဲ့ 42.1% လောက်က အလုပ်ဆုံးရှုံးနိုင်ချေများတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေပါ။ Africa, Arab states၊ Asia နဲ့ Pacific ဒေသတွေမှာ အဓိကလုပ်သားအင်အားစုအဖြစ် မြင်ရလေ့ရှိတဲ့ကျပန်းလုပ်သားတွေကိုတော့ အဲဒီဒေသတွေမှာ သိပ်များများမတွေ့ရပါဘူး။

ILO Director General Mr. Ryder ကတော့ ” ဖြတ်သန်းလာခဲ့သမျှ ဒီ 75 နှစ်ကျော်အချိန်ကာလတစ်လျှောက်လုံးမှာတော့ အခုအဖြစ်အပျက်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အကြီးကျယ်ဆုံးစမ်းသပ်မှု လို့ပြောနိုင်ပါတယ်။ တစ်နိုင်ငံကျရှုံးသွားတာက အားလုံးကျရှုံးရတာနဲ့အတူတူပါပဲ။ ဒိပြဿနာကိုဖြေရှင်းဖို့အတွက်က တစ်ကမ္ဘာလုံးအတိုင်းအတာထိ (အထူးသဖြင့် ဘေးဒုက္ခတွေထဲကပြန်ရုန်းမထွက်နိုင်တော့လောက်အောင်အားအင်နည်းပါးနေသူတွေအတွက်) အလေးပေးစဉ်းစားပြီး အဖြေရှာကြရမှာပါ” လို့ သုံးသပ်ပြောကြားထားပါတယ်။
Ref: BBC
Thiha