Advertisement

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ အလှူရှင် (AA Medical Products Ltd) မှ လှူဒါန်းထားသော COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်သည့် Cobas 6800 စက်အား (၂၄-၄-၂၀၂၀) ရက်နေ့မှ စတင်တပ်ဆင်လျက်ရှိရာ ယခုအခါ (၉၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါသည်။

အဆိုပါတပ်ဆင်မှုလုပ်ငန်းများကို (၂၇-၄-၂၀၂၀) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ဆင်မှုလုပ်ငန်းများပြီးဆုံးသည့်အခါ အရည်အသွေးပြည့်ဝမှု စစ်ဆေးခြင်း (quality control and laboratory management information) ကိုပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီးနောက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် လက်ရှိဆောင်ရွက်နေသည့် (standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြိုင်တူစစ်ဆေးမှု (parallel testing) များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

Cobas 6800 စက်အား မေလ၊ ပထမအပတ်ခန့်တွင် စတင်အသုံးချ၍ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး အဆိုပါစက်ကို (၈) နာရီကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း (၃၈၄) ခုအား စစ်ဆေးနိုင်မည်ဖြစ်သည်။

ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်လူနာများအားလုံး၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် နီးကပ်ထိတွေ့ခဲ့သူများအားလုံးနှင့် အသွားအလာကန့်သတ်ထားသူများထဲမှ သတ်မှတ်ရာခိုင်နှုန်းတို့ကို COVID-19 ရောဂါပိုး ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးလျက်ရှိရာ အဆိုပါ Cobas 6800 စက်ကို အသုံးချ၍ အရေအတွက်ပိုမိုစစ်ဆေးနိုင်တော့မည်ဖြစ်သည်။

Source: MOHS

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here