Advertisement

Bollywood မင်းသားကြီး Irrfan Khan ကတော့ အူလမ်းကြောင်းကင်ဆာ၊ အူမကြီးပိုးဝင်ရောဂါတွေနဲ့ မနေ့ကပဲဆုံးပါးသွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၅၃နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့သား ၂ယောက်ကျန်ရစ်ခဲ့ပါတယ်။ အသက် ၅၃နှစ်ဆိုတာသရုပ်ဆောင်တယောက်အတွက်တော့ ရုပ်ရှင်တွေအများကြီးရိုက်လို့ရသေးတဲ့အရွယ်ဖြစ်တာမို့ သူကွယ်လွန်သွားတာစောနေသလိုခံစားရတယ်။

ဒီဆောင်းပါးမှာတော့အိန္ဒိယမှာသာမက နိုင်ငံတကာရုပ်ရှင်လောကမှာပါထင်ရှားတဲ့မင်းသားကြီးရဲ့ဘဝဇာတ်လမ်းအကျဉ်းနဲ့ ကျနော်သဘောကျတဲ့သူ့ရုပ်ရှင်တွေအကြောင်းပြောပြချင်ပါတယ်။ တချို့နာမည်ကြီးရုပ်ရှင်တွေကိုမကြည့်ဖူးသေးပေမယ့် ကြုံရင်ကြည့်လို့ရအောင် ညွှန်းပေးလိုက်ပါတယ်။

Irrfan Khan ဆိုတာ…

Khan နှင့်မိသားစု

အိန္ဒိယနိုင်ငံ Jaipur မြို့မှာ ၁၉၆၆ခုနှစ် ဇန်နဝါရီလမှာမွေးဖွားခဲ့တဲ့ Khan ဟာအစ္စလာမ်ဘာသာဝင် Pashtun လူမျိုးဖြစ်ပါတယ်။ ငယ်စဉ်က cricket ကစားတာကျွမ်းကျင်ခဲ့ပေမယ့်လည်း မိသားစုကမပံ့ပိုးပေးနိုင်တဲ့အတွက် ဒီအားကစားကိုစွန့်လွှတ်ခဲ့ရပါတယ်။ ကမ္ဘာကြီးက cricket player တယောက်ဆုံးရှုံးလိုက်ရပေမယ့် စွယ်စုံရသရုပ်ဆောင်တယောက်အစားရလိုက်တယ်လို့ပြောရမှာပေါ့ဗျာ။

New Delhi က National School of Drama မှာ scholarship နဲ့ကျောင်းတက်ခဲ့တယ်။ Bombay ရောက်တော့အဲကွန်းစက်ပြင်သမားတယောက်အဖြစ်အသက်မွေးခဲ့သေးတယ်။

သူ့ရဲ့သရုပ်ဆောင်ဘဝအစပိုင်းကအခက်အခဲတွေနဲ့ပြည့်နေပါတယ်။ ပထမဆုံးသရုပ်ဆောင်ခွင့်ရခဲ့တဲ့ရုပ်ရှင် Salaam Bombay (1988) ထဲမှာသူပါတဲ့အခန်းဟာတည်းဖြတ်ခံခဲ့ရပြီးပိတ်ကားပေါ်ရောက်မသွားခဲ့ပါဘူး။ ဒီလိုတာထွက်မကောင်းခဲ့ပေမယ့်လည်း Khan ဟာလွယ်လွယ်နဲ့လက်မလျှော့ခဲ့ပါဘူး။

သရုပ်ဆောင်လောကမှာ ၁၀စုနှစ်တခုကျော်ရုန်းကန်ခဲ့ရအပြီးမှာတော့ ဗြိတိသျှ-အိန္ဒိယဒါရိုက်တာ Asif Kapadia ရဲ့ The Warrior (2001) မှာအဓိကဇာတ်လိုက်အဖြစ်ပါဝင်ခွင့်ရခဲ့ပြီးလူသိများလာခဲ့ပါတယ်။ Khan ဟာBenecio del Toro တို့ Gary Oldman တို့လို ဇာတ်ရုပ်မရွေးသရုပ်ဆောင်နိုင်တဲ့သူမျိုးလို့ Kapadia ကမှတ်ချက်ချပါတယ်။

Khan ဟာ ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့် Bollywood မင်းသားတွေရဲ့ stereotype ကနေကွဲထွက်နေသူဖြစ်ပါတယ်။ တကယ်တော့လည်း Khan ကမင်းသားဆိုတာထက် သရုပ်ဆောင်တယောက်ဖြစ်ရေးကိုသာရှေးရှုခဲ့သူပါ။ စကားတွေအများကြီးပြောမယ့်အစား အကြည့်နဲ့လိုရာကိုပြောနိုင်စွမ်းရှိတယ်။ အဲ့ဒါကြောင့်လည်း The Warrior မှာခေါင်းဆောင်နေရာကပါရပေမယ့် ဒိုင်ယာလော့က ၇မျက်နှာသာရှိပါတယ်။

နိုင်ငံတကာမှာတော့ Khan ကို Slumdog Millionaire (2008)၊ Life of Pi (2012) ရုပ်ရှင်တွေနဲ့လူသိများပေမယ့် သူ့ရဲ့အနုပညာမှော်ကိုတကယ်ထင်ထင်ရှားရှားတွေ့မြင်နိုင်တာက ဟင်ဒီစကားပြောရုပ်ရှင်တွေမှာဖြစ်ပါတယ်။ Khan နဲ့ပတ်သက်ပြီးကျနော့်စိတ်ကြိုက်ရုပ်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေကြည့်တိုင်း Irrfan Khan ကိုသတိရနေမှာပါ။

The Lunchbox (2013)

ဒီကားမှာ Khan ကိုပင်စင်ယူခါနီးအထီးကျန်မုဆိုးဖိုတယောက်အဖြစ်တွေ့ရမယ်။ ကျနော်အကြိုက်ဆုံး Khan ရဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ မထင်မှတ်တဲ့လွဲချော်မှုတခုကနေ အိမ်ထောင်သည်အမျိုးသမီးငယ်လေးတယောက် သူမရဲ့ခင်ပွန်းအတွက် delivery service ကတဆင့်ပေးလိုက်တဲ့နေ့လယ်စာထမင်းဘူးဟာ Khan ရဲ့ဇာတ်ကောင်ဆီရောက်သွားပါတယ်။ ထမင်းဘူးနဲ့အတူပါလာတဲ့စာကိုဖတ်မိပြီး ပြန်စာရေးပေးလိုက်ရာကနေ မမြင်ဖူးမတွေ့ဖူးတဲ့သူ ၂ယောက်ကြားအပြန်အလှန်စာရေးရင်းသံယောဇဉ်ဖြစ်တည်လာပုံကိုရိုက်ပြထားတာပါ။ ရယ်လည်းရယ်ရသလို ဝမ်းနည်းစရာလေးတွေလည်းပါတယ်။

Piku (2015)

Bollywood ရဲ့မျိုးဆက် ၃ဆက်က သရုပ်ဆောင် ၃ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Bollywood ဂန္ထဝင်မင်းသားကြီး Amitabh Bachchan နဲ့ Deepika Padukone တို့ကမတည့်အတူနေသားအဖ။ သူတို့ ၂ယောက် Delhi ကနေ Calcutta ကိုခရီးထွက်ကြတော့ Irrfan Khan ကသူ့ကားနဲ့လိုက်ပို့ပေးတယ်။ Bachchan ရဲ့ဇာတ်ကောင်ကဝမ်းခဏခဏချုပ်လေ့ရှိပြီး ဘာပြဿနာပဲဖြစ်ဖြစ် ဝမ်းချုပ်တာကိုပဲအကြောင်းရှာညည်းညူနေတတ်တယ်။ သမီးဖြစ်သူကအဖေ့ကိုချစ်ပေမယ့် တခါတလေသူ့အဖေတဗျစ်တောက်တောက်ပြောတာတွေကိုနားမခံသာဘဲ ပြန်ပြောရင်းမကြာခဏစကားများလေ့ရှိပါတယ်။ သူတို့ ၂ယောက်တကျက်ကျက်စကားများနေတာကိုကြည့်ပြီးရယ်ရသလို သားအဖ ၂ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလည်းခံစားရပါတယ်။ တချို့က Khan ကိုဒီကားမှာဇာတ်ပို့လို့ပြောကြပေမယ့် သူ့မှာလည်းကိုယ်ပိုင်ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ရှိတာမို့ ဇာတ်ဆောင် ၃ယောက်ပါတဲ့ရုပ်ရှင်လို့ပဲမြင်ပါတယ်။

The Namesake (2006)

အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး အမေရိကန်ဟာသမင်းသား Kal Penn နဲ့ Khan တို့ကသားအဖအဖြစ် သရုပ်ဆောင်ထားပါတယ်။ အိန္ဒိယကနေအမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းအခြေချတဲ့ မိသားစုတစုရဲ့အခက်အခဲတွေ ယဉ်ကျေးမှုကွာဟချက်တွေကိုမြင်ရမယ်။ အမေရိကမှာကြီးပြင်းတဲ့သားဖြစ်သူနဲ့ အိန္ဒိယမှာကြီးပြင်းတဲ့အဖေဖြစ်သူကြားအတွေးအမြင်ကွဲပြားမှုတွေ၊ သဘောထားချင်းမတိုက်ဆိုင်မှုတွေကိုလည်း တွေ့ရပါလိမ့်မယ်။

The Warrior (2001)

ဒီကားကိုကြည့်တော့မကြည့်ရသေးပေမယ့် သူ့ကိုပရိသတ်တွေစတင်သတိထားမိစေခဲ့တဲ့ရုပ်ရှင်မို့ ကြည့်သင့်တယ်လို့ထင်ပါတယ်။ သက်ဦးဆံပိုင်ခေတ် Rajasthan မှာဇာတ်အိမ်တည်ထားပြီး Khan ကသတ်ရဖြတ်ရတာတွေကိုငြီးငွေ့လာတဲ့စစ်သည်တော်တယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။

Life of Pi (2012)

ဒီဇာတ်ကားမှာ Khan ကသက်လတ်ပိုင်းရောက်နေပြီဖြစ်တဲ့အဓိကဇာတ်ကောင် Pi ရဲ့နေရာကသရုပ်ဆောင်ထားပါတယ်။ Khan က narrator အဖြစ်လည်းပါဝင်ထားပြီးနိုင်ငံတကာမှာ Life of Pi ရဲ့ကျော်ကြားမှုနဲ့အတူ Khan ကို လူပိုသိလာကြတယ်။ ဆယ်ကျော်သက်အရွယ် Pi အဖြစ် Suraj Sharma ကသရုပ်ဆောင်ထားတယ်။ ဇာတ်လမ်းပြီးခါနီးလောက်မှာဘဝနဲ့ပတ်သက်ပြီး Khan ပြောခဲ့တဲ့စကားလေးကတော့ အခုချိန်မှာအရမ်းလူသိများလာပါတယ်။

“တကယ်တော့ဘဝဆိုတာနှုတ်ဆက်ခွဲခွာရခြင်းတွေပါပဲ။ နှုတ်ဆက်ခွင့်မရလိုက်တာက ဝမ်းနည်းစရာကောင်းတာ။”
– Pi

Khan နှင့်ဇနီးသည်
Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here