ထွေးညိုဆိုတဲ့ထန်းလျက်ယမကာကို ပရိသတ်တော်တော်များများသတိထားမိလောက်မယ်ထင်ပါတယ်။ သာမန်ထန်းရည်မဟုတ်ဘဲ ထန်းလျက်နဲ့ချက်လုပ်ထားတဲ့ဒီယမကာဟာ မြန်မာ့အညာကျေးလတ်ရဲ့ဂုဏ်ယူစရာပြည်တွင်းဖြစ်ထုတ်ကုန်တခုလည်းဖြစ်ပါတယ်။ Covid-19 ကြောင့်ထုတ်လုပ်ဖြန့်ချီမှုပိုင်းမှာကြန့်ကြာမှုတွေရှိခဲ့ပေမယ့် ထွေးညိုဟာအနှေးနဲ့အမြန်စားသုံးသူတွေလက်ထဲရောက်လာတော့မှာပါ။ ထွေးညိုအကြောင်း email ကနေမေးမြန်းထားတာတွေကို Myanmore Plus ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။
၁) ပထမဆုံး အစ်ကိုတို့ background history နဲ့ ထွေးညိုကိုထုတ်လုပ်ဖြစ်ခဲ့ပုံလေးကိုရှင်းပြပေးပါ။
ကျွန်တော်ကတော့ ကိုနေမျိုးသူရ ပါ။ သမိုင်းနဲ့ဘွဲ့ရထားပြီး ကိုယ်ပိုင် လုပ်ငန်း တခု လက်ရှိလုပ်နေပါတယ်။ကျွန်တော်ကတော့ ကိုအောင်ဟိန်းဦး ပါ။ Engineering ဘွဲ့ရထားပြီး ကုန်ထုတ်လုပ်မှုကုမ္ပဏီ တစ်ခုမှာလုပ်နေပါတယ်။ ကျွန်တော်တို့ နှစ်ယောက် စလုံး မိတ်ဆွေဖြစ်ခဲ့တာ တော်တော်ကြာ ပြီခင်ဗျ။
ကိုယ်ပိုင်ထုတ်ကုန်ဖန်တီးဖို့လည်းနှစ်ယောက်စလုံးမှာ စိတ်ကူးရှိခဲ့ ပါတယ်ဗျ။ အဲ့တုန်းကတော့ ဘယ်လို၊ ဘာနဲ့စရမလဲမသိခဲ့ဘူး။
ဒါပေမယ့်သေချာတာကတော့ ဒေသထွက် သဘာဝကုန်ကြမ်းများကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ပြည်တွင်းထုတ်ကုန်တစ်ခုကို ဖန်တီးချင်တာပါ။
ကျွန်တော်တို့ရဲ့မိဘတွေက အညာဒေသမှာပဲ ကြီးပြင်းလာ သူတွေ ဖြစ်တဲ့ အတွက် ဒီ အိမ်ချက် မိသားစု ချက်အရက် ကိုပဲသောက်ကြတာပါ။
တစ်နေ့ကျတော့ အညာဒေသမှာပဲ ကြီးပြင်းလာသူတွေ ဖြစ်တဲ့ အတွက် ဒီထုတ်ကုန်အကြောင်းကို ကျွန်တော်တို့ရဲ့ မိဘတွေ နဲ့အတူ ညနေခင်းတစ်ခုမှာ သောက်သုံးရင်း ကျွန်တော်တို့စဉ်းစားမိပြီး ကျွန်တော်တို့ လိုချင်တဲ့ ကိုယ်ပိုင်ထုတ်ကုန် အချက်အလက်အားလုံးနဲ့ကိုက်ညီ တာကိုတွေ့ရတယ်ပေါ့။
ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အမြင် ပေါ့ နိုင်ငံခြားမှတင်သွင်းလာတဲ့ အခြားထုတ်ကုန်များနှင့် ရင်ဘောင်တန်းနိုင်သည့် ထုတ်ကုန်တစ်ခု ဖြစ်အောင် ကောင်းမွန်သည့် ထုပ်ပိုးမှုပိုင်း သာမက အရည်အသွေးကောင်း ထုတ်ကုန်တစ်ခု အဖြစ်ပါထုတ်နိုင်အောင် အာရုံစိုက် ကြိုးစား ချင်တယ်ပေါ့ နော်။
ဟုတ်ကဲ့ အဲလိုနဲ့ ထွေးညိုကိုထုတ်လုပ်ဖြစ်ခဲ့ပါတယ်ခင်ဗျ။
၂) ထွေးညိုဟာထန်းလျက်ကိုချက်လုပ်ထားတာလို့သိရပါတယ်။ ရိုးရိုးထန်းရည်နဲ့အာနိသင်ပိုင်းဘယ်လိုကွာပါသလဲခင်ဗျ။
ချက်လုပ်ပုံကောကွဲပြားမှုရှိပါသလား။
ဟုတ်ကဲ့။ အာနိသင်ပိုင်း အရပြောမယ်ဆို အစ်ကို သိတဲ့ အတိုင်း ထန်းရည် မှာ ထန်းရည်အချို ရယ် ထန်းရည်အခါးရယ် ဆိုပြီး ၂မျိုး ရှိတယ်ပေါ့ နော်။ ထွေးညိုက တော့ သဘာဝချက်အရက်ပါ။ ထွေးညိုက ထုတ်လုပ်မှု ပိုင်း မှာ ကွဲပြား သွားပါတယ်။ အဓိက ကွဲပြားမှု ကတော့ ထွေးညိုက ထန်းလျက်ကိုအသုံးပြုပြီး ယမကာ ချက်လုပ်နည်းများအတိုင်း ကစော်ဖောက်၍ အဆင့်ဆင့် ပေါင်းခံထားတာပါ။
၃) Alcohol ပါဝင်မှုနှုန်းနဲ့တခြားဂုဏ်သတ္တိတွေလည်းပြောပြပေးပါ။
Alcohol ပါဝင်မှုနှုန်ကတော့ 17-18% ပါ။ 17% alc/vol ကိုပဲအဓိကထုတ်သွားမှာဖြစ်ပါတယ်။သဘာဝကုန်ကြမ်းများနဲ့ ထုတ်လုပ် ထားတဲ့ အတွက် ကြောင့်ပေါ့နော် အနံ့သင်းခြင်း၊အဝင်ကောင်းခြင်း၊ ခေါင်းမကိုက်ခြင်း၊ အိပ်ကောင်းခြင်း အစရှိတဲ့ဂုဏ်သတ္တိတွေရှိပါတယ်ဗျ။ ထွေးညိုတပုလင်းမှာ ၃၅၀မီလီလီတာပါဝင်ပါတယ်။
၄) Product အရည်အသွေးတသတ်မှတ်တည်းဖြစ်ဖို့
ထန်းလျက်အရည်အသွေးကိုဘယ်လိုထိန်းသိမ်းရပါသလဲ။ ကုန်ကြမ်းပစ္စည်းကိုရောဘယ်ကရယူပါသလဲ။
အရည်အသွေးကောင်း ကုန်ကြမ်းများကို ကျနော်တို့ ရှာဖွေ သိုလှောင်ထားခဲ့တယ်။ အဓိကကတော့ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်း ဆိုသည်မှာ ကုန်ကြမ်းများ ကို တာရှည်ခံဆေး၊ ဓာတုပစ္စည်းများ နှင့် အရာအနှောများ ဖြင့် ရောနှောထုတ်လုပ်ခြင်း မပြုရန် ကို ဆိုလိုခြင်းဖြစ်တယ်။
ကျွန်တော်တို့ပြည်တွင်းဈေးကွက်ကနေတိုက်ရိုက်ကုန်ကြမ်းဝယ်ယူ ပါတယ်။ အဲဒါကြောင့် သဘာဝပစ္စည်းများသာ အသုံးပြုထားမှုကြောင့် ကုန်ကြမ်းပစ္စည်းရဲ့ ကုန်ကျစရိတ် မြင့်မားခြင်းဖြစ်ပါတယ်။
၅) လတ်တလောထုတ်လုပ်မှုပမာဏဘယ်လောက်ရှိပါသလဲ။ ဘယ်မှဝယ်ယူလို့ရပါသလဲ။
ဟုတ်ကဲ့။ အခုမှစပြီး ဈေးကွက်မှာ စတင်မိတ်ဆက်ပေးတဲ့ အဆင့်ပဲ ရှိပါသေးတယ် ခင်ဗျ။ ဖြစ်ပေါ်လာတဲ့ဝယ်လိုအား အပေါ်မှာမူတည်ပြီးတော့ ထုတ်လုပ်မှုပိုင်းကို ချိန်စသွားမှာပါ။ တစ်လကို ပုလင်း ၂၀၀၀ လောက်လို့တော့ခန့်မှန်းထားပါတယ်ဗျ။
စတင်မိတ်ဆက်ပေးတဲ့ အနေ နဲ့ ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းတွေမှာ ဝယ်ယူရရှိနိုင်မှာပါ။ ကျွန်တော်တို့ Facebook Page မှ ရရှိနိုင်တဲ့ Liquor Stores တွေကို update လုပ်ပေးသွားမှာဖြစ်ပါတယ်။ လက်ကားဈေးကတော့ တပုလင်း ၂၇၁၀ကျပ်ပါ။ အနည်းဆုံးတစ်ကာတွန်မှာယူရမှာဖြစ်ပြီး တစ်ကာတွန်မှာ ၂၄ပုလင်းပါပါတယ်။
၆) Customer တွေကရောဘယ်လို feedback ပေးပါသလဲ။
Customer တွေကတော့ အတော်လေးကောင်းတယ်လို့ feedback ပေးကြလို့ ကျွန်တော်တို့တော်တော်ကိုဝမ်းမြောက်ပီတိဖြစ်မိပါတယ်ဗျ။
တစ်ချို့ကတော့ အပြင်းကြိုက်၊ တစ်ချို့ကတော့ အပျော့ကြိုက်ကြတော့ ကိုယ်နဲ့ အဆင်ပြေသလိုတော့ ရောပြီးသောက်သုံးကြပါတယ်လို့ feedback ပေးကြပါတယ်။
၇) ရှေ့လျှောက် ဘယ်လိုလုပ်ငန်း တိုးချဲ့သွားဖို့ စီစဉ်ထားပါသလဲ။
ကျွန်တော်တို့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ကတော့ နည်းစနစ်တကျ ထုပ်ပိုးမှုနှင့် အရည်အသွေး မှန်ကန်စွာတသမတ်တည်း ထုတ်လုပ်နိုင်ခြင်း၊ မြန်မာနိုင်ငံသားများအတွက်ပဲ အဓိကဦးစားပေးပြီး ထုတ်လုပ်သွားခြင်း၊ အလားတူ မြန်မာနိုင်ငံတိုင်းဒေသများ အားလုံးကို ရောက်ရှိအောင် ပို့ဆောင်ပေးခြင်း အစရှိတဲ့ အချက် ၃ ချက် ကို အရင်ဆုံး နည်းမှန်လမ်းမှန် အကောင်းအထည်ဖော် တိုးချဲ့သွားချင်ပါတယ်။ ပထမ အဆင့် အောင်မြင်ခဲ့ရင်တော့ ကျွန်တော်တို့အတွက် အရမ်းကိုကြီးမားတဲ့ အောင်မြင်မှုပါပဲဗျ။
ထွေးညိုအကြောင်း သူ့ရဲ့ official page (ထွေးညို – Melaccan Htway Nyo) မှာကြည့်နိုင်ပါတယ်။