တေးရေးဆရာမြို့မငြိမ်းကိုလူတိုင်းမသိကြရင်တောင်မှ သင်္ကြန်ရောက်တိုင်းပျံ့လွင့်လာလေ့ရှိတဲ့ တူးပို့ တူးပို့ ဆိုတဲ့တေးသံကိုတော့လူတိုင်းသိကြမှာပါ။ ဆရာမြို့မငြိမ်းကွယ်လွန်ခဲ့တာနှစ်ပေါင်း ၆၀ကျော်သွားပြီဖြစ်ပေမယ့် သူရေးစပ်သီကုံးခဲ့တဲ့သီချင်းတွေကတော့ အခုထိရှင်သန်နေဆဲပါ။ သင်္ကြန်ရောက်တိုင်းသူ့ဂီတဝိညာဉ်ကလည်း အသစ်တဖန်နိုးထလာစမြဲပါပဲ။

မြို့မငြိမ်း၊ ဓားတန်းဦးသန့်နဲ့ တခြားဂီတဝါသနာရှင်ပညာရှင်တွေစုစည်းပြီး မြို့မတေးဂီတအဖွဲ့ကို ၁၉၂၅ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီတီးဝိုင်းဟာမြန်မာနိုင်ငံမှာသက်တမ်းအရင့်ဆုံးတီးဝိုင်းတခုဖြစ်ပြီး အချိန်ကာလရဲ့တိုက်စားမှုဒဏ်ကိုကြန့်ကြန့်ခံရပ်တည်ခဲ့တာ ရာစုနှစ်တခုနီးပါးရှိပါပြီ။
Myanmore အနေနဲ့ လွန်ခဲ့တဲ့ ၃နှစ်ဧပြီလမှာ မြို့မအဖွဲ့ဝင်တယောက်ဖြစ်သူ ကိုသန်းမြတ်စိုးနဲ့စကားပြောခွင့်ရခဲ့ပြီး မြို့မတီးဝိုင်းအကြောင်းမေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာမြို့မတီးဝိုင်းမှာ ၁၉၆၅ခုနှစ်ကတည်းကပါဝင်ဖျော်ဖြေခဲ့တာပါ။
“ကျနော်ကအဖွဲ့ဝင်မဖြစ်ခင်ကတည်းကသီချင်းဆိုနေခဲ့ပြီး အဆိုပြိုင်ပွဲတွေမှာလည်းအနိုင်ရခဲ့တော့ ကိုယ့်ကိုယ်ကိုယ်လည်းတော်တော်အထင်ကြီးနေတာပေါ့ဗျာ။ အဲ့ဒါနဲ့ကျနော့်ထက်ဝါရင့်တဲ့မြို့မဂီတအဖွဲ့ဝင်တွေကို အဖွဲ့ဝင်ဖြစ်ခွင့်တောင်းခဲ့တယ်။ ကျနော့်အနေနဲ့တူရိယာတခုခုတီးတတ်ဖို့လိုကြောင်းသူတို့ကပြောပါတယ်။ ကျနော်ကစန္ဒရားတီးသင်ပြီး ဘီသိုဗင်လိုတီးတတ်ချင်ခဲ့တာလေ။ ဒါပေမယ့်သူတို့ကကျနော့်ကိုနှဲမှုတ်သင်ခိုင်းတယ်။ စစချင်းမှာတော့ စိတ်ပျက်သွားပေမယ့်အခုပြန်တွေးကြည့်တော့ နှဲမှုတ်တဲ့အတတ်ပညာဟာတော်တော်လေးခက်ခဲနက်နဲမှန်း သိခဲ့ရတဲ့အတွက်ဆရာတွေကိုကျေးဇူးတင်မိပါတယ်။ အဲ့ဒီတုန်းကတခြားသင်တန်းသားတွေထွက်သွားတဲ့အချိန်မှာ ကျနော်တယောက်ပဲကျန်ခဲ့တာဗျ။ ဂီတသင်္ကေတတွေကိုဖတ်နည်း၊ သီချင်းရေးနည်းတွေလည်းသင်ရပါတယ်။ အဖွဲ့နဲ့အတူတူသီချင်းဆိုဖို့ တနှစ်ပြင်ဆင်ခဲ့ရတယ်” လို့ကိုသန်းမြတ်စိုးကပြောပါတယ်။
မြို့မဂီတအဖွဲ့ဟာမန္တလေးမြို့အခြေစိုက်ဖြစ်ပြီး နိုင်ငံတဝှမ်းကအလှူအတန်းအခမ်းအနားတွေမှာ တနှစ်ပတ်လုံးဖျော်ဖြေလေ့ရှိပေမယ့် သူတို့ရဲ့အဓိကပွဲကတော့သင်္ကြန်ဖြစ်ပါတယ်။
“ကျနော်သူတို့နဲ့အတူအလုပ်စလုပ်တုန်းက တကြိမ်မှာ ၃နာရီ ၄နာရီဆက်တိုက်ဖျော်ဖြေရတာဗျ။ အဖွဲ့ဝင်တွေကတယောက်တလှည့်တီးတဲ့သူကတီး ဆိုတဲ့သူကဆိုပေါ့ဗျာ။ ဒါကြောင့်ကျန်းမာရေးဂရုစိုက်ဖို့အရမ်းအရေးကြီးပါတယ်။ သင်္ကြန်နီးရင်အပြင်းအထန်လေ့ကျင့်ရပြီး မြို့အနှံ့လည်ဖို့ကျနော်တို့ရဲ့ကားကိုလည်းအလှဆင်ရသေးတယ်။”

“မြို့မ” လို့ပြောလိုက်တာနဲ့ငွေငန်းရုပ်ကြီးကိုမြင်ယောင်လာစေတဲ့အထိ မြို့မတေးဂီတအဖွဲ့နဲ့ငွေငန်းဟာ ခွဲမရအောင်ဒွန်တွဲလျက်ရှိပါတယ်။ ကားခေါင်းမှာငွေငန်းရုပ်ကိုတင်ပြီး ကားပတ်ပတ်လည်ကိုတော့ ရေကန်ပုံပေါက်အောင်စိမ်းပြာရောင်ခြယ်မှုန်းထားလေ့ရှိတယ်။
၁၉၆၇ ခုနှစ်တုန်းကစွယ်စုံရအနုပညာရှင်ဝင်းဦးနဲ့မြို့မအဖွဲ့မန္တလေးသင်္ကြန်မှာအတူတူဖျော်ဖြေကြတာကို အခုထိမှတ်မှတ်ထင်ထင်ဖြစ်နေကြောင်းကိုသန်းမြတ်စိုးကပြောပါတယ်။
”ကိုဝင်းဦးကဆရာမြို့မငြိမ်းရဲ့သီချင်း ၁၅ပုဒ်ဝယ်ယူခဲ့ပြီး ကျနော်တို့နဲ့အတူအလုပ်လုပ်ဖူးတယ်။ ကျနော်တို့ကသင်္ကြန်မှာအတူဖျော်ဖြေရအောင်မန္တလေးလာခဲ့ပါလားလို့ဖိတ်တော့ သူကလာနိုင်အောင်ကြိုးစားမယ်လို့ပြောတယ်။ ဖိတ်သာဖိတ်လိုက်ရတယ်၊ သူကနိုင်ငံကျော်အနုပညာရှင်ဆိုတော့အလုပ်တွေများနေမှာပဲဆိုပြီး သိပ်တော့မမျှော်လင့်ရဲဘူးပေါ့။ ဒါပေမယ့်သင်္ကြန်ကျတော့တကယ်ရောက်လာတယ်ဗျ။ တမြို့လုံးလည်းအုံးအုံးထသွားတာပေါ့ဗျာ။ ကျနော်တို့ကားနဲ့ပတ်တော့လူတိုင်းကသူ့ကိုဝိုင်းအားပေးကြ နာမည်တွေအော်ခေါ်ကြနဲ့။ သူကတော့ကျနော်တို့ကားနဲ့ဖျော်ဖြေတဲ့ခရီးတလျှောက်လုံး အပြုံးတချက်မပျက်ဘူးဗျာ။ ကျနော်တောင်သူ့အစားပါးတွေညောင်းလာတဲ့အထိပဲ” ကိုသန်းမြတ်စိုးကသူ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။

ဝင်းဦးဟာမြို့မငြိမ်းရေးသားတဲ့ သစ္စာတို့ တူရိယာလုလင်တို့ကိုသီဆိုခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုရခဲ့ပါတယ်။ မြို့မငြိမ်းရဲ့သီချင်းတပုဒ်ဖြစ်တဲ့ မပြီးသေးသောပန်းချီကားကို ဝင်းဦးဟာသူ့ရဲ့ ဆောင်းအိပ်မက် ရုပ်ရှင်မှာပြန်လည်သီဆိုခဲ့တော့ ပိုပြီးလူသိများသွားခဲ့တယ်လို့ ကိုသန်းမြတ်စိုးကပြောတယ်။
“အဲ့ဒီသီချင်းကို ကိုဝင်းဦးမတိုင်ခင်ကဆိုခဲ့တဲ့သူတွေအများကြီးရှိခဲ့ပါတယ်။ လူသိလည်းများပြီးသားပါ။ ဒါပေမယ့်သူ့ရုပ်ရှင်မှာပါပြီးနောက်ပိုင်း ပိုပေါက်သွားတယ်လို့ပြောရမှာပေါ့။ ကျနော်ဆိုအခမ်းအနားတခုမှာ ပရိသတ်တောင်းဆိုချက်အရအဲ့ဒီသီချင်းကို ၄ ၅ခေါက်လောက်ဆိုပေးခဲ့ရတယ်။ အဲ့ဒီလောက်ထိနာမည်ကြီးတာ။”
တူးပို့ဆိုတဲ့တေးသံကတော့ မြို့မငြိမ်းနဲ့ခေတ်ပြိုင်ကျော်ကြားခဲ့တဲ့ဦးလှဒင်ရဲ့တီထွင်မှုပါ။ ဦးလှဒင်ဟာဒိုးပတ်တီးရင်းဒီသီချင်းတီးလုံးကိုစဉ်းစားမိခဲ့တာဖြစ်ပြီး တူးပို့ကတော့ ဒိုးပတ်ကိုတီးလိုက်ရင်ထွက်လာတဲ့အသံကိုယူထားတာဖြစ်ပါတယ်။
ယနေ့ခေတ်အချိန်အထိမြို့မတီးဝိုင်းဟာစည်ပင်ဝပြောနေဆဲပါ။ ၃ထပ်တိုက်မှာသူတို့ကိုယ်ပိုင်စတူဒီယို၊ အသံဖမ်းကိရိယာတွေနဲ့သီချင်းတွေသီဆိုရေးစပ်လျက်ရှိပါတယ်။ အဲ့ဒီအဆောက်အအုံကလည်းသူ့ရာဇဝင်နဲ့သူ။ မီးလောင်ခဲ့ဖူးပြီးမန္တလေးမြို့သူမြို့သားတွေနဲ့ အစိုးရရဲ့အကူအညီနဲ့ပြန်လည်ပြုပြင်ထားရတာပါ။
“အရာအားလုံးအတွက်ဒီအဖွဲ့အစည်းကိုကျေးဇူးတင်ပါတယ်” လို့ ကိုသန်းမြတ်စိုးကပြောပါတယ်။
ဓာတ်ပုံ – ဆရာဆူးငှက်
၂၀၁၇ခုနှစ် ဧပြီလထုတ် Myanmore Magazine အတွက် R.E. SAW ရေးသားသော MYOMA NYEIN: The Enchanting Silver Swan အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။