အိမ်ထဲမှာပဲနေနေရလို့အပျင်းပြေအောင်ခွေးမွေးဖို့စိတ်ကူးနေပြီလား။ အဲ့ဒါဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်ဖို့လိုပြီနော်။ ကိုယ်မွေးထားတဲ့တိလေးတွေအကြောင်းကိုလည်း comment မှာမျှဝေပေးပါဦး။
တိလေးတွေမွေးတော့မယ်ဆိုရင် သူတို့နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူတွေဆီကသင်ယူတာ အကောင်းဆုံးပါပဲ။ ဒါကြောင့်ရန်ကုန်မှာနေတဲ့ခွေးချစ်သူတွေဆီက သိသင့်တာတွေမေးမြန်းဖြစ်ခဲ့ပါတယ်။
Daniel Wong မှာ Wawa နဲ့ Chi Chi ဆိုတဲ့ Chihuahua အမျိုးအစားခွေးလေး ၂ကောင်မွေးထားတာ ၃နှစ်လောက်ရှိပါပြီ။ မျက်လုံးပြူးုပြူး၊ နားရွက်ထောင်ထောင်နဲ့ သေးသေးကွေးကွေး Chihuahua လေးတွေဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့မတောင်းဘဲပြည့်နေသလိုပါပဲ။
“သူတို့နဲ့အပြင်သွားရင်တချို့တွေက ယုန်လေးတွေလား၊ ပူးလေးတွေလားလို့မေးတာခဏခဏပဲ” လို့ Wong ကပြောပါတယ်။

ရန်ကုန်မှာနေနေတဲ့ ဒတ်ချ်အမျိုးသမီး Mary Droge မှာလည်း Cappuccino ဆိုတဲ့ French Bulldog လေးတကောင်ရှိပြီး တရက်လမ်းလျှောက်ထွက်တုန်း ကောင်မလေးတယောက်က ခွေးလေးရဲ့ကျောကိုပွတ်သပ်ပြီး “အစ်မရဲ့ကြောင်က အမြှီးညှပ်ထားတားလား” လို့မေးပါသတဲ့။
ကြောင်မဟုတ်ဘဲ French Bulldog ဖြစ်ကြောင်း၊ သူတို့လေးတွေရဲ့အမြှီးကတိုတိုလေးတွေဖြစ်ကြောင်း ပြောပြတော့မှ “သြော်… ခွေးလား။ ကျမက ကြောင်မှတ်နေတာ” လို့ပြန်ပြောပါတယ်။
ရန်ကုန်မှာလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ခွေးမွေးတာအရမ်းခေတ်စားလာပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တယောက်ဖြစ်တဲ့ ဦးကျော်နိုင်ဦးကတော့ ခွေးမွေးတော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ရေမြေသဘာဝနဲ့လိုက်ဖက်တဲ့အမျိုးအစားကိုရွေးချယ်ဖို့တိုက်တွန်းပါတယ်။
“လွန်ခဲ့တဲ့ ၃နှစ်လောက်ကစပြီး Husky တွေအရမ်းလူကြိုက်များလာတယ်။ ဒီကောင်တွေကအေးတဲ့နေရာမှာနေတဲ့နှင်းခွေးတွေဆိုတော့ ပူပြင်းတဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့မကိုက်ညီပါဘူး။ ပူလွန်းရင် Husky တွေချူချာတတ်ပါတယ်။”
အိမ်မွေးခွေးမှတ်ပုံတင်ခြင်း
၂၀၂၀ နှစ်ဆန်းပိုင်းလောက်ကစပြီး ရန်ကုန်စည်ပင်သာယာရေးကော်မတီကအိမ်မွေးတိရစ္ဆာန်တွေကို မှတ်ပုံတင်ဖို့နှိုးဆော်ခဲ့ပါတယ်။
ဒါပေမယ့်မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကသိပ်တော့မလွယ်ကူပါဘူး။

အိမ်မွေးခွေးပြုစုစောင့်ရှောက်ရေးစင်တာ PetCare ရဲ့ပဲ့ကိုင်ရှင် Mary ကကြေညာချက်ထွက်ပြီးပြီးချင်း မှတ်ပုံတင်ဖို့သွားခဲ့တုန်းကသူ့အတွေ့အကြုံတွေကိုအခုလိုရှင်းပြပါတယ်။
“စာရွက်စာတန်းကိစ္စတွေအတွက်ရဲစခန်းသွားတော့ လက်မှတ်လေးတခုရဖို့လက်ဘက်ရည်ဖိုးပေးခဲ့ရသေးတယ်။ မြို့နယ်ရုံးလည်းသွားရောတာဝန်ရှိသူကိုမေးကြည့်တော့ ‘ဘာလဲဟ အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်တယ်ဆိုတာ’ လို့ပြန်ပြောတာနဲ့ကြုံခဲ့ရတယ်။”
တိလေး ၃ကောင်လောက်မှတ်ပုံတင်ဖို့ ၂လကြာသွားပါတယ်။ အကောင် ၅၀မှတ်ပုံတင်ဖို့လိုသေးတယ်လို့ သူကပြောပါတယ်။
အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ရေး
PetCare ဖွင့်ပြီးပြီးချင်း Mary ဟာကားတိုက်ခံထားရလို့ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ခွေးလေးတကောင်ကိုစောင့်ရှောက်ခဲ့ပါတယ်။
Lucky လို့နာမည်ပေးထားတဲ့အဲ့ဒီခွေးလေးဟာ သူမဆီရောက်ပြီးတပတ်လောက်အကြာမှာတော့ အဖျားဝင်၊ ဝမ်းပျက်ပြီး အခြေအနေဆိုးလာပါတယ်။ မေးခိုင်ပိုးဝင်နေကြောင်းစစ်ဆေးတွေ့ရှိအပြီးမှာတော့ ခွေးလေးခံစားနေရတာကိုမကြည့်ရက်တော့တဲ့ Mary ဟာဆေးထိုးပြီးသတ်ပေးဖို့တိရစ္ဆာန်ဆေးကုဆရာဝန်တွေကို တောင်းဆိုကြည့်တော့ဘယ်သူကမှလက်မခံကြပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဦးကျော်နိုင်ဦးကအခုလိုပြောတယ် – “မြန်မာနိုင်ငံရဲ့ထုံးတမ်းစဉ်လာအရ တိရစ္ဆာန်ကုဆရာဝန်အများစုဟာဆေးထိုးသတ်တာကိုကန့်ကွယ်လေ့ရှိတယ်။ အခြေအနေအရမ်းဆိုးတဲ့အခါမျိုး ဥပမာ ခါးရိုးကျိုးသွားတာတို့ဘာတို့မှသာ ဝေဒနာခံစားရမှာကိုသက်ညှာသောအားဖြင့် ဆေးထိုးသတ်လေ့ရှိပါတယ်။”

ခွေးသားဖောက်လုပ်ငန်းတွေအကြောင်းမေးကြည့်တော့ တချို့ခွေးအရောင်းဆိုင်တွေဟာ ခွေးလေးတွေကိုစတီးရွိုက်တွေထိုးပေးပြီး ကာကွယ်ဆေးမှန်မှန်ထိုးပေးလေ့မရှိတာကြောင့် ခွေးလေးတွေချူချာကြကြောင်း၊ တချို့ဆိုမွေးပြီးတလလောက်အတွင်းသေသွားလေ့ရှိကြောင်း ဆရာကပြောပါတယ်။
“အရေးကြီးတာကကာကွယ်ဆေးမှန်မှန်ထိုးပေးဖို့မမေ့ပါနဲ့။ ခွေးရှင်တော်တော်များများကမေ့တတ်ကြတယ်။”
တချို့ခွေးရှင်တွေကသူတို့ခွေးတွေကိုသင်းထားလေ့ရှိပါတယ်။ ဒါပေမယ့်ပိုင်ရှင်အများစုကတော့ ဘာသာရေးအမြင်နဲ့ ဝဋ်လိုက်မှာကြောက်တဲ့အတွက်သင်းကွပ်ခြင်းကိုအားမပေးပါဘူး။
မြန်မာနိုင်ငံမှာခွေးမွေးတဲ့သူတွေများလာပေမယ့်ခွေးတွေနဲ့ပတ်သက်ပြီးအသိပညာဗဟုသုတတွေ ဖြန့်ဝေဖို့လိုသေးကြောင်းဆရာကဆိုတယ်။
“တချို့ကောင်မလေးတွေဆိုခွေးကိုအိပ်ရာထဲခေါ်အိပ်တယ်။ ပြီးတော့ ‘ကျမခွေးကြောင့်ကိုယ်ဝန်ရနိုင်သလား’ လို့မေးတယ်။ ခွေးရှင်တွေအနေနဲ့ ခွေးအကြောင်းသင်ယူဖို့အများကြီးလိုပါသေးတယ်။”
ကျမမှာလည်း Angel ဆိုတဲ့ Poodle အမျိုးအစားခွေးမလေးတကောင်ရှိပါတယ်။ Angel ဟာ အသက်အရွယ်ရနေပြီဖြစ်ပြီး မျက်စိလည်းမမြင်တော့ပါဘူး။
ရန်ကုန်မှာနေရတာကို Angel လေးကသဘောကျပုံပါပဲ။ အပြင်ထွက်လမ်းလျှောက်ချိန်တွေမှာ သူ့နှုတ်ခေါင်းလေးနဲ့နေရာအစုံကိုစူးစမ်းနမ်းရှုံ့ကြည့်လေ့ရှိတယ်။
တချို့သူတွေကတော့ သူ့ကို ရုပ်ကဆိုးလိုက်တာ အိုမင်းမစွမ်းဖြစ်နေပြီလို့ပြောလေ့ရှိတယ်။ ဒါပေမယ့်ကျမမျက်လုံးထဲမှာတော့ Angel လေးကအမြဲချစ်စရာကောင်းနေလျက်ပါပဲရှင်။
Mary Benfield နှင့် Morris Averill ရေးသားသော The Very Surprising World Of Pets In Yangon အားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။