ငှက်နှုတ်သီးမျက်နှာဖုံးဝတ်၊ ဦးထုတ်ဝိုင်းဆောင်းထားပြီး ဝတ်ရုံရှည်ကြီးတွေခြုံထားတဲ့ plague doctor တွေကိုရုပ်ရှင်တွေထဲမှာမြင်ဖူးကြပါလိမ့်မယ်။ ဒီဘက်ခေတ်မှာတော့ အဲ့ဒီဝတ်စုံကြီးတွေကိုဂေါ်တယ်လို့ ထင်ရပေမယ့် သူ့ခေတ်သူ့အခါကတော့ကပ်ရောဂါနဲ့သေခြင်းတရားတို့ရဲ့နိမိတ်ပုံဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပလိတ်ဒေါက်တာတွေရောက်လာပြီဆိုရင်အများအားဖြင့်လူနာတွေကရောဂါကျွမ်းနေကြပြီး သေဖို့ ၉၀ရာခိုင်နှုန်းလောက်သေချာနေတဲ့အတွက်ပါ။ ဒီဆောင်းပါးမှာတော့ ပလိတ်ဒေါက်တာတွေနဲ့ သူတို့ရဲ့ဝတ်စုံအကြောင်းရှင်းပြထားပါတယ်။
ဝတ်စုံ၏ဖွဲ့စည်းပုံ

ဝတ်ဆင်ထားတဲ့သူကိုအဓိကကာကွယ်ပေးတဲ့အရာကတော့ မျက်နှာဖုံးပဲဖြစ်ပါတယ်။ မျက်စိနေရာမှာ မှန်နဲ့ဖုံးထားတဲ့အပေါက် ၂ပေါက်ရှိပြီး ၆လက်မလောက်ရှည်တဲ့ငှက်နှုတ်သီးရဲ့အရင်းနား နှာခေါင်းနေရာမှာအသက်ရှူဖို့အပေါက်လေး ၂ခုရှိပါတယ်။ ငှက်နှုတ်သီးရဲ့အဖျားနေရာမှာတော့ နှင်းဆီ၊ ကာနေးရှင်းစတဲ့ရနံ့သင်းတဲ့ပန်းတွေနဲ့ ပရုတ်လေးညှင်းတို့လိုဆေးဖက်ဝင်အပင်တွေကိုသိတ်ထည့်ထားပါတယ်။
၁၆ရာစုလောက်ကတည်းက ပုလိတ်ဒေါက်တာမျက်နှာဖုံးတွေထွန်းကားနေခဲ့တာပါ။ ပလိတ်ဒေါက်တာဝတ်စုံကို ၁၇ရာစုလောက်ကပြင်သစ်ဆရာဝန် Charles de Lorme ကတီထွင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကဥရောပမှာပလိတ်ကပ်ဒုတိယအကြိမ်ထပ်ဖြစ်နေတဲ့အချိန်ပါ။ အဲ့ဒီတုန်းကဆေးပညာရှင်တွေဟာ အဏုဇီဝပိုးမွှားတွေရဲ့တည်ရှိမှုကိုမသိကြသေးတဲ့အတွက် ရောဂါဘယတွေဟာညစ်ညမ်းတဲ့လေ (miasma) ကတဆင့်ကူးစက်တယ်လို့ယူဆကြတယ်။ ဒါကြောင့်လူနာတွေရဲ့အဖုအကျိတ်ကထွက်တဲ့ သွေးနံ့ ပြည်ပုပ်နံ့တွေကိုမရှူမိစေဖို့ အနံ့အသက်မွှေးတဲ့အပင်နဲ့ပန်းတွေကိုငှက်နှုတ်သီးထဲထည့်ထားတာပါ။ တနည်းအားဖြင့်ဒီအပင်တွေကလေကိုသန့်စင်ပေးတယ်လို့ယုံကြည်ကြတယ်။
ဦးထုပ်ကတော့ဆရာဝန်တွေရဲ့အဆောင်အယောင်ပါ။ အဲ့ဒီခေတ်ကာလကဥပဒေပညာရှင်တွေဆို ဆံပင်တုကြီးတွေဝတ်ကြသလို ဆရာဝန်တွေဆိုရင်လည်း ဦးထုပ်ဝိုင်းတွေဝတ်လေ့ရှိပါတယ်။ ဝတ်ရုံကတော့ သားရေ (သို့) ဖယောင်းသုပ်ထားတဲ့ ပတ္တူအထည်စတွေနဲ့ချုပ်ပြီး လည်ပင်းကနေခြေမျက်စိအထိရှည်ပါတယ်။ ဆရာဝန်တွေဟာလက်အိတ် ခြေအိတ်တွေကိုလည်းဝတ်ဆင်ကြတဲ့အပြင် လူနာတွေကိုလက်နဲ့မထိဘဲစမ်းသပ်ဖို့ ကြိမ်လုံးလေးတွေကိုလည်းဆောင်လေ့ရှိကြတယ်။
ဝတ်စုံ၏ထိရောက်မှု

အဏုဇီဝရောဂါပိုးတွေအကြောင်းမသိကြသေးတဲ့အချိန်ကတီထွင်ခဲ့တဲ့ဝတ်စုံမို့ ရောဂါဘယတွေကိုကာကွယ်တဲ့နေရာမှာထိရောက်မှုရှိပါ့မလားလို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။
တကယ်လည်းဒီဝတ်စုံဟာ ဝတ်ဆင်ထားသူကိုပလိတ်ရောဂါမကူးစက်ဖို့အတိုင်းအတာတခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဝတ်စုံထိရောက်မှုရှိမရှိသိစေဖို့အရင်ဆုံး ပလိတ်ရောဂါအကြောင်းနားလည်ထားဖို့ လိုပါတယ်။
ပလိတ်ရောဂါဟာ ကြွက်သန်းတွေမှာနေလေ့ရှိတဲ့ Yersinia pestis ဘက်တီးရီးယားကြောင့်ဖြစ်ပွားတာပါ။ ကြွက်သန်းတွေလူကိုကိုက်လိုက်တာနဲ့သူတို့သွေးထဲမှာရှိနေတဲ့ဒီဘက်တီးရီးယားတွေဟာ လူ့ကိုယ်ထဲရောက်သွားပြီး ၃ရက်ကနေ ၇ရက်အတွင်းရောဂါဖြစ်စေပါတယ်။
Lymph node တွေကိုရောင်ရမ်းစေတဲ့ bubonic plague။ အဆုတ်ရောင်စေတဲ့ pneumonic plague နဲ့ သွေးဆိပ်တက်စေတဲ့ septicemic plague ဆိုပြီး ၃မျိုးရှိတဲ့အထဲကမှ bubonic plague ကအဖြစ်အများဆုံးပါ။ ရောဂါကူးစက်ခံရသူရဲ့ကိုယ်ထဲဘက်တီးရီးယားစတင်ဝင်ရောက်တဲ့နေရာ (သို့) ကြွက်သန်းအကိုက်ခံရတဲ့နေရာတွေမှာ အဖုအကျိတ်တွေစတင်ဖြစ်ပေါ်လာပြီး ခနာကိုယ်တခုလုံးကိုပျံ့နှံ့သွားပါတယ်။
ပလိတ်ဒေါက်တာဝတ်စုံဟာတကိုယ်လုံးကိုသားရေဝတ်ရုံတထပ်၊ ကိုယ်ကျပ်အင်္ကျီတထပ်ဖုံးထားတာမို့ လူနာကိုစမ်းသပ်နေတုန်းကြွက်သန်းအကိုက်ခံရဖို့အလားအလာတော်တော်နည်းသွားပါတယ်။ ဒါ့အပြင်လူနာနဲ့အကွာအဝေးတခုမှာပဲနေတဲ့အတွက် ချောင်းဆိုးနှာချေရာကနေထွက်လာတဲ့ တံတွေး၊ သလိပ်တွေစင်ဖို့အခွင့်အရေးလည်းနည်းပါတယ်။ Pneumonic plague ဟာ အရည်ကနေကူးစက်တဲ့ရောဂါ (droplet infection) တမျိုးပါ။
ပလိတ်ဒေါက်တာတွေရဲ့တာဝန်

ပလိတ်ဒေါက်တာဝတ်စုံကိုခေတ်ပေါ်မီဒီယာတွေက ၁၄ရာစုမှာဖြစ်ပွားခဲ့တဲ့ပထမပလိတ်ကပ် Black Death နဲ့ယှဉ်တွဲဖော်ပြလေ့ရှိပေမယ့် အဲ့ဒီခေတ်ကဆေးပညာရှင်တွေတကယ်ဝတ်ဆင်ခဲ့ခြင်းရှိမရှိ ခိုင်လုံတဲ့အထောက်အထားတွေမတွေ့ရပါဘူး။ အစောဆုံးအထောက်အထားတွေအရ ၁၇ရာစုလောက်ကဆေးပညာရှင်တွေသာတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြကြောင်းသိရပါတယ်။
အဲ့ဒီခေတ်ကပဋိဇီဝဆေးတွေမပေါ်သေးတာမို့ပလိတ်ကိုထိထိရောက်ရောက်ကုသနိုင်ခြင်းမရှိပါဘူး။ အနံ့ဆိုးကြောင့်ဖြစ်တယ်လို့ယူဆကြတဲ့အတွက် ဆေးရွက်ကြီးသောက်ခြင်း၊ အနံ့မွှေးတဲ့သစ်ပင်ပန်းမန်တွေရှူခြင်းတို့နဲ့ကာကွယ်ကြတယ်။ အလယ်ခေတ်ကဆို အနာတွေကိုပြည်ဖောက်ခြင်း၊ မျှော့တွေထင်ပေးပြီးသွေးထုတ်ကုသခြင်းတွေနဲ့ကြိုးစားကြည့်ကြပါသေးတယ်။
ပလိတ်ဒေါက်တာတွေကဆေးကုသခြင်းအပြင် အလောင်းတွေကိုမြှုပ်နှံသဂြိုလ်ခြင်း၊ သေစာရင်းပြုစုခြင်း၊ သေတမ်းစာရေးပေးခြင်းတွေကိုလည်းဆောင်ရွက်ရပါတယ်။ တချို့ဆိုလူနာသေပြီးနောက် ကျန်ရစ်သူသားသမီးတွေကြားအမွေကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းပေးရတာမျိုးတောင်ရှိပါတယ်။
ဒီနှစ် Halloween မှာတော့ ပလိတ်ဒေါက်တာဝတ်စုံတွေခေတ်စားမလားမပြောတတ်ပါဘူး။ နောက်အပတ်တွေမှာလည်းသမိုင်းထဲကစိတ်ဝင်စားစရာအဖြစ်အပျက်တွေကို MMPlus History ကဏ္ဍမှာတင်ဆက်သွားပါဦးမယ်။