Advertisement

မြန်မာနိုင်ငံမှာဒိုင်နိုဆောဦးခေါင်းနစ်မြုပ်နေတဲ့ပယင်းကျောက်တုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာတော့ မြန်မာဟာတချိန်ကဒိုင်နိုဆောတွေကျက်စားခဲ့တဲ့ဒေသဖြစ်ခဲ့လေသလားလို့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေစဉ်းစားလာကြပါတယ်။

China University of Geosciences ကကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Lida Xing ဟာ ၂၀၁၆ခုနှစ်က ဒီပယင်းတုံးကိုမြန်မာနိုင်ငံမြောက်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၉၉သန်းကဒိုင်နိုဆောအနွယ်ဝင်ငှက်ကလေး၏ဦးခေါင်းခွံ (Credit: Lida Xing)

အဲ့ဒီပယင်းတုံးရဲ့သက်တမ်းကိုစစ်ဆေးကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့နှစ် သန်း ၁၀၀ကျော်လောက်ကဖြစ်ကြောင်း တွေ့ရှိရတယ်။ ဒီပယင်းတုံးရဲ့သက်တမ်းဟာ ဘောလ်တစ်ဒေသမှာတွေ့ရှိရတဲ့ပယင်းတွေထက် ၂ဆ၊ မက္ကဆီကိုကပယင်းတွေထက် ၅ဆလောက်ပိုရှေးကျပါတယ်။

“မြန်မာ့ပယင်းတွေကိုသိပံပညာရှင်တွေအရူးအမူးစိတ်ဝင်စားလာကြပြီဗျ” လို့ဆိုလာသူကတော့ မြန်မာ့ပယင်းပြတိုက်ရဲ့ကြီးကြပ်ရေးမှူး Roger Long ဖြစ်ပါတယ်။ “ဒီလောက်အတုမရှိတန်ဖိုးကြီးတဲ့ပယင်းကို အရင်ကဘယ်သူမှမတွေ့ဖူးခဲ့ဘူး။ ဒိုင်နိုဆောပေါက်လေးတကောင်ရဲ့ခေါင်းပယင်းထဲနစ်ဝင်နေလိမ့်မယ်လို့ ဘယ်သူကမှမထင်ထားခဲ့မိဘူး။ အခုမှမျက်ဝါးထင်ထင်တွေ့ရတာလေ။”

အခုမြန်မာနိုင်ငံဖြစ်လာမယ့်အရပ်ဒေသဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၉သန်းတုန်းကတော့ စိမ့်တောနွံတောတွေပေါများပြီးပူအိုက်စွတ်စိုတဲ့ဒေသတခုပါ။ ဒီလိုအရပ်ဒေသမျိုးဟာဇီဝမျိုးကွဲပေါင်းစုံ ရှင်သန်ပေါက်ဖွားလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

အဲ့ဒီကာလကကမ္ဘာကြီးဟာသစ်တောတွေနဲ့ဖုံးလွှမ်းနေခဲ့ပြီး လုံးပတ် ၆မီတာလောက်ရှိတဲ့ ထင်းရှူးပင်ကြီး (conifer) တွေဟာ နေရာအနှံ့အများမှာပေါက်ရောက်ကြပါတယ်။ မျက်စိထဲမြင်အောင်ပြောရရင် ဒီသစ်ပင်ကြီးတွေရဲ့လုံးပတ်ဟာ အိပ်ခန်းကျယ်ကြီးတခုစာလောက်ရှိပါတယ်။ သူတို့ရဲ့အမြင့်ကမီတာ ၁၀၀ကျော်ပါတယ်။ အရွယ်ရောက်ပြီးလူတယောက်ရဲ့ခြေလှမ်း ၁၃၀စာလောက်လို့ဆိုကြပါစို့။

အဲ့ဒီကာလကလေထုထဲမှာအောက်ဆီဂျင်ပါဝင်မှုနှုန်းဟာလည်း ယနေ့ခေတ်ထက် ၅၀ရာခိုင်နှုန်းပိုပါတယ်။ မြေနိမ့်ဒေသတွေမှာဆိုမုန်တိုင်းတွေမကြာခဏတိုက်ခတ်လေ့ရှိပြီး မုန်တိုင်းနဲ့အတူ ထင်းရှူးပင်ရဲ့အကိုင်းအခတ်တွေကြွေကျမြေခလေ့ရှိတယ်။

အချိန်တခုကြာတဲ့အခါမှာကျိုးသွားတဲ့သစ်ကိုင်းနေရာကိုကုစားဖို့ သစ်ပင်ကသစ်စေးတွေထုတ်ပေးပါတယ်။ သစ်စေးတွေဟာသွေးနဲ့အလားသဏ္ဍာန်တူပြီး သစ်ပင်ရဲ့ပျက်စီးသွားတဲ့နေရာတွေကိုပိုးကောင်နဲ့ ပုရွက်ဆိတ်တွေမဖျက်ဆီးနိုင်အောင် ဖုံးအုပ်ကာကွယ်ပေးတယ်။ သစ်စေးတွေခြောက်သွေ့သွားတဲ့အခါမှာ ပယင်းဖြစ်သွားပြီးတခါတလေကျရင်ပယင်းထဲမှာ အဲ့ဒီခေတ်ကာလကသက်ရှိမျိုးစိတ်တချို့ကိုတွေ့ရတတ်ပါတယ်။

“ကျနော်အကြိုက်ဆုံးပယင်းတုံးကတော့ဒါလေးပါပဲ။ အထဲမှာပါတဲ့အကောင်လေးကမျှော့လေ။ သူ့ကိုဒေါ်နယ်လို့နာမည်ပေးထားတယ်” လို့ Long ကပြောပါတယ်။

မျှော့ကလေးဒေါ်နယ် (Crd: Myanmar Amber Museum)

သစ်ပင်ထဲမှာမျှော့တွေ့တယ်ဆိုတာထူးတော့ထူးဆန်းတယ်။ ဒေါ်နယ်ဟာအတောင်ပံပါတဲ့ဒိုင်နိုဆောမျိုး Microraptor တကောင်ရဲ့ကိုယ်မှာကပ်တွယ်သွေးစုပ်ရင်း သူနဲ့အတူသစ်ပင်ပေါ်ရောက်သွားတာဖြစ်နိုင်ပါတယ်။ ဒီဒိုင်နိုဆောကသူ့နှုတ်သီးနဲ့ဒေါ်နယ်ကိုဆွဲခွာပြီး သစ်စေးရည်ထဲနှစ်ပစ်ခဲ့ပုံပါပဲ။ ဒါမှမဟုတ် ဒေါ်နယ်ရှိနေတဲ့ရွှံ့အိုင်ထဲ သစ်ကိုင်းကျိုးကျပြီးသစ်စေးရည်တွေဒေါ်နယ်ပေါ်ကျသွားတာလည်းဖြစ်နိုင်ပါတယ်။

ပယင်းဆိုတာစိန်တို့ နီလာတို့လိုမာကျောခြင်းမရှိဘဲ ရာသီဥတုဒဏ်နဲ့ ဘေးရန်အမျိုးမျိုးကြောင့်အလွယ်တကူ ပျက်စီးသွားနိုင်တာမျိုးပါ။ ဒေါ်နယ်ရှိနေတဲ့ပယင်းတုံးလေးဟာနှစ်ပေါင်း ၉၉သန်းလုံးလုံး လုံခြုံတဲ့နေရာတနေရာမှာရောက်နေခဲ့ပုံပါပဲ။

ပယင်းတုံးတတုံးဟာထူထပ်တဲ့ရွှံ့နွံတွေအောက်ထဲရောက်နေမှသာ ရေရှည်တည်မြဲနိုင်တယ်။ ဒါတောင်အပေါ်က လေးလံတဲ့မြေသားတွေစုလာရင်ပယင်းတုံးဟာအလွယ်တကူကြေမွပျက်စီးသွားနိုင်ပါတယ်။

Sergey Krasovskiy ပုံဖော်ရေးဆွဲသော Microraptor

သစ်ပင်တွေသေဆုံးသွားတဲ့အခါမြေပေါ်ပြိုလဲသွားပြီး သူတို့အပေါ်ကနေသစ်ပင်အသစ်တွေထွက်လာတယ်။ နှစ်ပရိစေဒကြာမြင့်တဲ့အခါဒီအပင်သေတွေကကျောက်မီးသွေးဖြစ်သွားပြီး သူတို့အောက်မှာတော့ ပယင်းကျောက်တွေကိုတွေ့နိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကမြန်မာနိုင်ငံဟာ Tethys သမုဒ္ဒရာထဲကကျွန်းလေးတကျွန်းသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၅၀လောက်အထိ ကမ္ဘာပေါ်မှာ Pangaea လို့ခေါ်တဲ့တိုက်ကြီးတတိုက်ပဲရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇၅သန်းလောက်ရောက်မှ ဒီတိုက်ကြီးပြိုကွဲသွားပြီး ကုန်းမြေဒေသအမျိုးမျိုးပင်လယ်ရေထဲမျောသွားခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀လောက်မှာ အိန္ဒိယတိုက်ကြီးဖြစ်ပေါ်လာပြီး ပင်လယ်ထဲကနေထိုးထွက်လာတဲ့ ကုန်းမြေကြီးဟာအခုအချိန်မှာ မြန်မာနဲ့အိန္ဒိယသွယ်တန်းတည်ရှိတဲ့ဟိမဝန္တာတောင်ကြီးဖြစ်လာပါတယ်။

မြန်မာ့ပယင်းပြတိုက်သမိုင်းကြောင်း

Long ဟာ ၂၀၁၆လောက်မှာ မြန်မာ့ပယင်းပြတိုက်ကိုစတင်တည်ထောင်ခဲ့ပြီး ပယင်းကျောက်တွေကနေတဆင့် ကမ္ဘာမြေကြီးရဲ့သမိုင်းကြောင်းဗဟုသုတကိုပြည်သူတွေဆီဖြန့်ဝေပေးခဲ့ပါတယ်။

သူ့ပြတိုက်အတွက်ပယင်းတွေကိုဗိုလ်ချုပ်ဈေးကရှာဖွေဝယ်ယူလေ့ရှိပြီး ပယင်းအများစုက ဟူးကောင်းချိုင့်ဝှမ်းကလာပါတယ်။

ပယင်းတွေတူးဖော်တဲ့နေရာမှာတခါတရံမြေကြီးထဲမီတာ ၁၀၀လောက်အထိတူးရတတ်ပြီး ကံကောင်းရင်တော့အပေါ်ယံမြေလွှာမှာတင်တွေ့ရတတ်ပါတယ်။

“ပယင်းကျောက်တိုင်းမှာကမ္ဘာမြေရဲ့အတိတ်နဲ့ပတ်သက်တဲ့သဲလွန်စတခုခုရှိနေတတ်တယ်” လို့ Long ကမှတ်ချက်ပြုတယ်။

မြေကြီးထဲကတူးဖော်ပြီးစပယင်းကျောက်တွေဟာမျက်နှာပြင်ကြမ်းတမ်းနေတတ်ပြီးတောက်ပခြင်းလည်း မရှိပါဘူး။ မျက်နှာပြင်ကိုသုတ်ပြီးနမ်းကြည့်လိုက်ရင်တော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကထင်းရှူးစေးနံ့ကို ရပါလိမ့်မယ်။

အခုအချိန်မှာတော့ Jurassic Park ရုပ်ရှင်ဆန်ဆန်အဖြစ်မျိုးတကယ်ဖြစ်လာခဲ့ပါပြီ။

ဒါဟာစိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်တော့ပါဘူး။ မြန်မာ့ပယင်းကရတဲ့အမိုင်နိုအက်ဆစ်ကနေငှက်တကောင်ရဲ့ အတောင်ပံကိုတွေ့ထားပြီးပါပြီ။ ဒီနည်းနဲ့အဲ့ဒီခေတ်ကငှက်ရဲ့ DNA ကိုခြေရာခံနိုင်ပါလိမ့်မယ်။

ယခင်က ၃၆လမ်းအလယ်လမ်းမှာဖွင့်လှစ်ခဲ့ပေမယ့် လတ်တလောမှာတော့မြန်မာ့ပယင်းပြတိုက်ကိုပိတ်ထားပြီး ပိုကြီးတဲ့နေရာတခုရှာနေကြောင်းသိရပါတယ်။ ဘယ်နေရာမှာဘယ်တော့ပြန်ဖွင့်မလဲသိရဖို့ သူတို့ Facebook page ကနေကြေညာပါလိမ့်မယ်။

Mary Banfield ရေးသားသော Scientists Going Mad (!) Over Myanmar Amber အားမြန်မာဘာသာဖြင့် ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here