သံဖြူနဲ့လုပ်ထားပြီးအရောင်အသွေးစိုပြည်တောက်ပနေဆဲနံရံကပ်ကြော်ငြာတွေကိုရန်ကုန်မြို့အနှံ့ကစားသောက်ဆိုင်တချို့မှာတွေ့နိုင်ပါတယ်။ ဝီစကီကနေအာဟာရဖြည့်စွက်မှုန့်အထိအမျိုးစုံလင်လှတဲ့ဒီကြော်ငြာတွေဟာ တခေတ်တခါကမြန်မာပြည်ရဲ့အကြောင်းပြောပြနေကြတယ်။
တချို့ကြော်ငြာတွေက Staedtler ခဲတံ၊ Nestle ကော်ဖီနဲ့ Horlick တို့လိုဒီဘက်ခေတ်မှာရှိသေးတဲ့ ကုန်ပစ္စည်းကြော်ငြာတွေဖြစ်လို့ ခုခေတ်လူငယ်တွေနဲ့သိပ်မစိမ်းဘူး။ ဒါပေမယ့် Ebensen’s ထောပတ်၊ Bile Beans၊ Sanatogen ဦးနှောက်စွမ်းရည်မြှင့်ဆေး (brain tonic) တို့လိုပျောက်ကွယ်သွားပြီဖြစ်တဲ့ ကုန်စည်တွေရဲ့ကြော်ငြာမျိုးကျတော့အထူးအဆန်းဖြစ်နေလိမ့်မယ်ထင်ပါတယ်။
ကြော်ငြာအများစုကဘာသာစကား ၂မျိုး ၃မျိုးနဲ့ဖော်ပြကြတယ်။ Tiger Balm ကျားဘန်းပရုတ်ဆီရဲ့ ကြော်ငြာကတော့ မြန်မာစာ၊ မန်ဒရင်းတရုတ်စာ၊ အင်္ဂလိပ်စာ၊ မလေးစာတွေနဲ့ပါ ဖော်ပြတာတွေ့ရပါတယ်။ ဒါကိုကြည့်ရင်အဲ့ဒီခေတ်ကတည်းကမြန်မာနိုင်ငံမှာဘာသာစကားအမျိုးမျိုးပြောတဲ့သူတွေရှိနေပြီဆိုတာ သိနိုင်တယ်။

၁၉ရာစုလောက်ကစပြီး ဗြိတိသျှလက်အောက်ရောက်နေခဲ့တဲ့မြန်မာနိုင်ငံဟာ ရော်ဘာ၊ ကျွန်းသစ်နဲ့ ရေနံတွေကို အနောက်တိုင်းတင်ပို့နေခဲ့ပြီး ဥရောပကကုန်စည်အမျိုးမျိုးတင်သွင်းခဲ့ပါတယ်။
ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှပြည်တွင်းကုန်ထုတ်လုပ်မှုကနိုင်ငံအတွက်အရေးပါလာမယ်ဆိုတာကိုတော့ ထိုအချိန်ကလုပ်ငန်းရှင်တွေမရိပ်စားမိခဲ့ကြပါဘူး။ မြန်မာ့ထုတ်ကုန်တွေဟာဒေသတွင်းနိုင်ငံတွေကိုတင်ပို့ဖို့အဓိကရည်ရွယ်ပြီး ကုန်ထုတ်လုပ်မှုပမာဏဟာ သွင်းကုန်ပမာဏထက်လျော့နည်းနေခဲ့တယ်။
ဥပမာ ကျားဘန်းပရုတ်ဆီဟာ ၁၈၇၀တုန်းကမြန်မာနိုင်ငံမှာစတင်ထုတ်လုပ်ခဲ့ပြီး ဖော်စပ်ရောင်းချသူဟာ သူ့ရဲ့ဆေးဝါးဖော်မြူလာကို Haw နဲ့ Par ဆိုတဲ့တရုတ်လူမျိုးညီအစ်ကိုဆီပေးလိုက်တဲ့နောက်ပိုင်း သူတို့ညီအစ်ကိုဟာဒီပရုတ်ဆီကိုမလက္ကာရေလက်ကြားတလျှောက်မှာရှိတဲ့နိုင်ငံတွေဆီတင်ပို့ရောင်းချရင်း အဆမတန်ကြီးပွားချမ်းသာလာခဲ့ပါတယ်။ ဒီပရုတ်ဆီဟာဥရောပနဲ့တရုတ်ပြည်အထိပါခြေဆန့်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။
ညီအစ်ကို ၂ယောက်ဟာလည်းသူဌေးဖြစ်သွားပြီးအလှူအတန်းတွေအများကြီးလုပ်ခဲ့တယ်။ သူတို့တည်ဆောက်လှူဒါန်းခဲ့တဲ့အဆောက်အအုံတွေထဲမှာ ရန်ကုန်မျက်မမြင်ကျောင်းဟာထင်ရှားပြီး ပရုတ်ဆီအမှတ်တံဆိပ်ဖြစ်တဲ့ ခုန်နေတဲ့ကျားပုံကို အခုချိန်ထိအဆောက်အအုံရှေ့မှာတွေ့နိုင်ပါတယ်။

အွန်လိုင်းမှာရှာကြည့်ရင်ပြည်တွင်းမှာပဲထုတ်လုပ်တဲ့တခြားအမှတ်တံဆိပ်တွေပေါ်လာပါလိမ့်ဦးမယ်။ Dawood Match Co., Imperial Waters, Burma Enameled Iron Wares Ltd., Bo Ohn Thee Toy Company နဲ့ Burma Biscuit Factory တွေကအဲ့ဒီခေတ်မှာနာမည်ကြီးခဲ့တဲ့လုပ်ငန်းတွေပါ။
လှည်းထုတ်တဲ့ Phoenix Coach Works၊ စန္ဒရားထုတ်တဲ့ Misquith and Co.၊ ရေနဲ့ရေခဲထုတ်လုပ်တဲ့ Diamond Co. တို့ဟာရန်ကုန်မှာပဲအခြေချတယ်။
အဲ့ဒီခေတ်တုန်းကကုန်စည်တွေမှာ Made in Burma ဆိုတဲ့စာသားကိုဂုဏ်ယူစွာနဲ့ရိုက်နှိပ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ ဒီစာသားဟာကုန်ထုတ်လုပ်ငန်းတွေမှာအလွန်အတွေ့ရနည်းနေပါပြီ။
ဈေးကွက်ထဲမှာတော့သွင်းကုန်တွေကကြီးစိုးနေဆဲဖြစ်တဲ့အတွက် အဲ့ဒီခေတ်ကကုန်စည်တင်သွင်းသူတွေဟာ အနောက်တိုင်းနဲ့အမီလိုက်နိုင်ဖို့ကြော်ငြာတွေကိုအားကိုးလာကြတယ်။

မြန်မာစားသုံးသူတွေနဲ့ရင်းနှီးမှုရဖို့ကြော်ငြာရာမှာနိုင်ငံခြားသားတွေကပြည်တွင်းဝန်ထမ်းတွေကိုပဲ တာဝန်ပေးလေ့ရှိတယ်။
Refiguring Women, Colonialism and Modernity in Burma ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ Chie Ikeya ရဲ့အဆိုအရထိုခေတ်ကလုပ်ငန်းရှင်တွေဟာ “ခေတ်မီ” ဆိုတဲ့စာလုံးနဲ့ “သိပံ” ဆိုတဲ့စာလုံးကို တွင်တွင်သုံးခဲ့ပါသတဲ့။ “နိုင်ငံခြား” ဆိုတဲ့စကားလုံးဟာလည်းမြန်မာ့ကြော်ငြာတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
အင်္ဂလန်နဲ့စကော့တလန်မှာထုတ်လုပ်တဲ့ကုန်စည်တွေကိုကြော်ငြာတဲ့အခါ လုပ်ငန်းရှင်တွေကဒီပစ္စည်းတွေကိုသုံးဖူးမှခေတ်မီမယ်လို့ပြောလာကြတယ်။
အဲ့ဒီလောက်နဲ့မလုံလောက်သေးတဲ့အခါမှာတော့ သွင်းကုန်လုပ်ငန်းရှင်တွေဟာသူတို့ကုန်စည်ရောင်းသွက်ဖို့ နည်းအမျိုးမျိုးနဲ့ကြော်ငြာလာကြပါတယ်။
ဥပမာ Peek Frean ရဲ့သစ်သီးစုံကိတ်ဆိုရင် ဘုန်းကြီးဆွမ်းကပ်ဖို့အလွန်သင့်လျော်ကြောင်း၊ အတာသင်္ကြန်နဲ့ နှစ်သစ်ကူးအလှူတွေမှာလည်းအချိုပွဲအဖြစ်ကျွေးမွေးနိုင်ကြောင်းကြော်ငြာခဲ့တယ်။

အင်္ဂလိပ်မုန့်ကိုမြန်မာ့အလှူအတန်းတွေမှာကျွေးမွေးဧည့်ခံတာအဆန်းတော့မဟုတ်ပေမယ့် အဲ့ဒီခေတ်တုန်းကတော့ အနောက်နိုင်ငံကစားစရာတိုင်းဟာအရှေ့တိုင်းမှာလူကြိုက်များလေ့မရှိတဲ့အတွက် ဒီစိတ်ကူးဟာထူးခြားတယ်လို့ပြောနိုင်ပါတယ်။
ဒါပေမယ့်လည်းမြန်မာစားသုံးသူတွေအနေနဲ့သူတို့စိတ်ကြိုက်ကုန်စည်တွေကို များများစားစားရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိလာပြီး နိုင်ငံတကာနဲ့တပြေးညီခေတ်မီလာပါတော့တယ်။
Christian Gilberti ရေးသားသော The “Mad Men” of Colonial Burma အားမြန်မာဘာသာဖြင့် ပြန်ဆိုဖော်ပြအပ်ပါသည်။