Cillian Murphy နဲ့ Alvero Morte မဲခွဲရာမှာ Murphy ကမဲပိုရသွားတာကြောင့်သူ့ lifestyle နဲ့ ထင်ရှားတဲ့ရုပ်ရှင်တွေအကြောင်းဖော်ပြလိုက်ပါတယ်။ ဒီတခေါက်ဆောင်းပါးမှာတော့ ရုပ်ရှင်တွေရဲ့ဇာတ်လမ်းအပြင် သူ့ရဲ့ထင်ရှားတဲ့ဇာတ်ကောင်တွေနဲ့ နောက်ခံဖြစ်ရပ်မှန်တွေအကြောင်းကိုပါ ရေးထားတယ်။ တင်ဆက်ပုံအသစ်ကိုသဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Murphy ကို ၁၉၇၆ခုနှစ် မေလ ၂၅ရက်နေ့က အိုင်ယာလန်မှာမွေးဖွားခဲ့ပြီးမိဘတွေကကျောင်းဆရာတွေပါ။ သူဟာအိုင်းရစ်ရှ်လူမျိုး ကတ်သလစ်ဘာသာဝင်တယောက်ဖြစ်ပါတယ်။ အရပ် ၅ပေ ၇လက်မ (၁ ဒသမ ၇၅မီတာ) ရှိပြီး မေထုန်ရာသီဖွားတယောက်ပါ။ သူ့ရဲ့နာမည်ကို “ခေလီယမ်” (kill-ee-an) လို့အသံထွက်ပါတယ်။
သူငယ်ငယ်ကပညာရေးကိုသိပ်စိတ်မဝင်စားခဲ့ဘူး။ ဥပဒေပညာသင်ယူခဲ့ပေမယ့်လည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူရော့ခ်တီးဝိုင်းမှာသီချင်းဆိုလိုက် ဂစ်တာတီးလိုက်နဲ့နေရင်း အယ်လ်ဘမ်ထုတ်ဖို့ပဲစိတ်ကူးနေခဲ့တာပါ။ ပြဇာတ်အဖြစ်သရုပ်ဖော်တင်ဆက်ထားတဲ့ A Clockwork Orange ကိုကြည့်ပြီးသွားတဲ့အခါမှာသူသရုပ်ဆောင်ဖြစ်ချင်လာပါတယ်။
သူ့ရဲ့အနုပညာခရီးကိုပြဇာတ်တွေနဲ့စတင်ခဲ့တာဖြစ်ပြီး သူပထမဆုံးကပြဖျော်ဖြေခဲ့တဲ့ Disco Pigs (1996-98) ပြဇာတ်ကအရမ်းအောင်မြင်ခဲ့တယ်။ ၂၀၀၁ခုနှစ်မှာအဲ့ဒီပြဇာတ်ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးတဲ့အခါမှာလည်း ပရိသတ်လက်ခံမှုရခဲ့တယ်။ ဒါပေမယ့်သူ့ကိုဟောလိဝုဒ်နဲ့နိုင်ငံတကာပရိသတ်ကသတိထားမိသွားတဲ့ရုပ်ရှင်ကတော့ Danny Boyle ရိုက်ကူးတဲ့ 28 Days Later (2002) ဖြစ်ပါတယ်။

ပြီးတော့ ၂၀၀၅ခုနှစ်ထုတ် Batman Begins မှာ Jonathan Crane (Scarecrow) အဖြစ်သရုပ်ဆောင်ခဲ့တယ်။ အဲ့ဒီနောက်ဟောလိဝုဒ်ရုပ်ရှင်လောကမှာသူကသွေးအေးရက်စက်တဲ့ဗီလိန်ဇာတ်ရုပ်အဖြစ်လူသိများလာတယ်။ သူဗီလိန်အဖြစ်သရုပ်ဆောင်တဲ့ရုပ်ရှင်တွေထဲမှာ Red Eye (2005) ကလည်းတော်တော်အောင်မြင်ခဲ့ပါတယ်။
ဗီလိန်ဇာတ်ရုပ်တွေနဲ့ပတ်သက်ပြီးသူ့ယူဆချက်ကို Murphy ကအခုလိုပြောပါတယ်။ “သူရဲကောင်းအဖြစ်သရုပ်ဆောင်ရင်ဇာတ်ကားတွေအများကြီးရိုက်ရတယ်ဆိုပေမယ့် တကားနဲ့တကားဇာတ်ရုပ်တွေသိပ်မကွဲပြားတော့ ကြာရင်ဇာတ်ရုပ်ထပ်သွားတယ်လေ။ ဗီလိန်နေရာကဆိုရင်တော့ စိတ်ဝင်စားစရာဇာတ်ကောင်အမျိုးမျိုးသရုပ်ဆောင်ခွင့်ရမယ်။ ပြီးတော့ Christopher Nolan နဲ့လည်းအလုပ်အတူတူလုပ်ခွင့်ရဦးမှာ။”
Batman Begins sequel ၂ခုမှာ Scarecrow အဖြစ် cameo နေရာကပါဝင်ခဲ့ပြီး Inception နဲ့ Dunkirk တို့လို နာမည်ကြီးရုပ်ရှင်တွေမှာပါသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
Murphy ဟာအိမ်ထောင်သည်တယောက်ဖြစ်ပြီး သား ၂ယောက်နဲ့ Labrador ခွေးတကောင်ရှိပါတယ်။ သူကပုဂိုလ်ရေးလွတ်လပ်မှုကို တန်ဖိုးထားသူဖြစ်ပြီး social media မသုံးပါဘူး။ ပရိသတ်တွေနဲ့ဓာတ်ပုံတွဲရိုက်လေ့မရှိဘဲ စကားစမြည်ပြောဖို့၊ အမှတ်တရ autograph ထိုးပေးဖို့သာအားသန်ပါတယ်။ ၂၀၁၅ခုနှစ်လောက်ကတည်းက အင်္ဂလန်ကနေ ဇာတိမြို့ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ County Cork ကိုမိသားစုလိုက်ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အပြင်သွားရင် ရထား (သို့) စက်ဘီးပဲစီးလေ့ရှိပါတယ်။ ဒါကြောင့်အိုင်ယာလန်ကိုသွားလည်လို့ မတော်တဆ Murphy နဲ့တွေ့ခဲ့ရင် ဓာတ်ပုံတွဲရိုက်မယ့်အစားစာရွက်တခုခုမှာအမှတ်တရလက်မှတ်ထိုးပေးဖို့သာတောင်းဆိုပါနော်။
အလုပ်နဲ့မိသားစုဘဝမျှခြေထိန်းတဲ့အနေနဲ့ တနှစ်မှာ ၆လသာကားရိုက်လက်ခံပြီး နောက်ထပ် ၆လကိုမိသားစုနဲ့ ဖြတ်သန်းလေ့ရှိပါတယ်။ ဟောလိဝုဒ်မင်းသားမင်းသမီးအများစုလုပ်သလို ရိုက်ကွင်းတခုပြီးတခုပြောင်းရင်း ဟိုတယ်တွေမှာပဲနေထိုင်အချိန်ကုန်ရတာဟာ တကယ့်ဘဝအစစ်မဟုတ်ဘူးလို့သူကယုံကြည်တယ်။ အားလပ်ချိန်တွေမှာတောင်တက်တာ၊ သူ့ခွေးလေး Scout နဲ့အတူလမ်းလျှောက်တာ၊ သူ့သားတွေအတွက် pasta ချက်ပြုတ်ပြင်ဆင်ပေးတာတွေကိုနှစ်သက်သူပါ။ သူအကြိုက်ဆုံးရုပ်ရှင်က Scarecrow (1973) ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်သူ့ lifestyle နဲ့ပတ်သက်ပြီးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ အခုသူ့ရဲ့ထင်ရှားတဲ့ဇာတ်ကောင်တွေအကြောင်းဖတ်ကြည့်ကြရအောင်နော်။
Disco Pigs (2001)

ပြဇာတ်ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတာပါ။ ဒီကားမှာ Murphy က Darren ဆိုတဲ့ဆယ်ကျော်သက်အရွယ် ကောင်လေးနေရာကသရုပ်ဆောင်ထားတယ်။ သူနဲ့အိမ်နီးချင်းကောင်မလေး Sinéad ဟာဆေးရုံတရုံတည်းမှာ တနေ့တည်းတချိန်တည်းလိုလိုမွေးဖွားလာတာဖြစ်ပြီး စိတ်ချင်းဆက်နေတယ်လို့ပြောရလောက်အောင် နီးစပ်တဲ့ဆက်ဆံရေးရှိတယ်။ ဒါပေမယ့်လည်းတယောက်နဲ့တယောက်ကသိပ်အစေးမကပ်ဘဲ မကြာခဏရန်ဖြစ်ဆဲဆိုနေကြပြီး အရွယ်ရောက်လာတာနဲ့အမျှခံစားချက်တွေပြောင်းလဲလာတာကို တင်ဆက်ထားတာပါ။
ရုပ်ရှင်ရဲ့မူရင်းဖြစ်တဲ့ပြဇာတ်ကို Enda Walsh ကစီစဉ်တာဖြစ်ပြီးမူလက County Cork မှာပဲပြဖို့ရည်ရွယ်ခဲ့ပေမယ့် အရမ်းအောင်မြင်သွားတာကြောင့် ဥရောပ၊ ကနေဒါနဲ့ သြစတြေးလျမှာပါ ၂နှစ်တိတိလှည့်လည်ဖျော်ဖြေခဲ့ရတယ်။ Murphy လည်းတက္ကသိုလ်ကထွက်လိုက်ပြီး သရုပ်ဆောင်လောကကိုပဲခြေစုံပစ်ဝင်လာပါတော့တယ်။
28 Days Later (2002)

သွေးနဲ့ကိုယ်တွင်းရည်တွေကတဆင့်ပျံ့နှံ့တဲ့ virus တမျိုးဟာကူးစက်ခံရတဲ့သူတွေကို သတ်ချင်ဖြတ်ချင် အကြမ်းဖက်ချင်စိတ်ပေါက်အောင်လှုံ့ဆော်ပေးပါတယ်။ ဒီကားမှာ Murphy က coma ဖြစ်နေရာကနေ virus ကြောင့်ကမ္ဘာပျက်သွားတော့မှနိုးလာတဲ့ Jim အဖြစ်သရုပ်ဆောင်ထားတယ်။
ဒီကားရိုက်တုန်းက Murphy အသက် ၂၆နှစ်ပဲရှိသေးတယ်။ Peaky Blinders ထဲကမာကျောခက်ထန်တဲ့ Tommy Shelby နဲ့ 28 Days Later ထဲကပိန်ညှောင်ညှောင်ချာတိတ်လေးဟာ တကယ့်ကို လူ ၂ယောက်လိုပါပဲ။
Danny Boyle က Murphy ရဲ့ Disco Pigs ပြဇာတ်ကိုကြည့်ပြီးနောက်သူ့ရဲ့အရည်အသွေးကိုသဘောကျတာနဲ့ သူ့ကို audition လုပ်ခဲ့တာပါ။ သူ့ရဲ့ပိန်လှီတဲ့ကိုယ်လုံးကိုတွေ့ပြီးမှ ရုပ်ရှင်ရဲ့အစမှာ Murphy ကိုကိုယ်လုံးတီးနဲ့ ဆေးရုံကုတင်ပေါ်ကထလာတဲ့ဇာတ်ဝင်ခန်းကိုထည့်သွင်းလိုက်တာလို့သရုပ်ဆောင်ရွေးချယ်သူ Gail Stevens ကပြောပါတယ်။
“သူကတော်တော်ရှက်နေတာရှင့်။ ကင်မရာကိုတောင်တည့်တည့်မကြည့်ဘူး။ ဒါပေမယ့်သူ့ရဲ့ပိန်လှီတဲ့ခနာကိုယ်ကို ဝတ်လစ်စားလစ်မြင်ရခြင်းဟာ ကြည့်တဲ့သူကိုအားအင်ကုန်ခန်းပြီး နိုးတဝက်အိပ်မက်ထဲရောက်နေသလိုလိုခံစားရစေတယ်။ ဒီရသကရုပ်ရှင်အပေါ်အများကြီးသက်ရောက်မှုှရှိပါတယ်” လို့ Stevens ကရှင်းပြတယ်။
Batman Begins (2005)

၂၀၀၅ခုနှစ်မှာ Christopher Nolan က Batman Begins ရုပ်ရှင်မှာ Batman အဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်။ သူ့အနေနဲ့သိပ်စိတ်မပါပေမယ့် audition ဝင်ရတဲ့အတွေ့အကြုံကိုသဘောကျတာကြောင့် ဝင်အရွေးခံခဲ့တာလို့ GQ magazine နဲ့အင်တာဗျူးမှာပြောပါတယ်။
“ဒီလိုအတွေ့အကြုံမျိုးဆိုတာနောင်အခါ ကိုယ့်သားသမီးတွေကိုပြန်ပြောပြလို့ကောင်းတယ်လေဗျ။”
Audition မှာ Christian Bale လည်းပါတဲ့အတွက် Bale က Batman ဇာတ်ရုပ်နဲ့အလိုက်ဖက်ဆုံးလို့ယူဆပြီး သူ့အနေနဲ့တခြားဇာတ်ရုပ်တွေကိုလေ့လာကြည့်တဲ့အခါမှာ Jonathan Crane (Scarecrow) ဇာတ်ရုပ်ကိုစိတ်ဝင်စားတာနဲ့ အဲ့ဒီဇာတ်ရုပ်ကိုပဲသရုပ်ဆောင်ဖြစ်ခဲ့ပါသတဲ့။
Red Eye (2005)

ဒီထိတ်လန့်သည်းဖိုရုပ်ရှင်မှာတော့ Murphy ကအကြမ်းဖက်သမားတယောက်အဖြစ်သရုပ်ဆောင်ထားတယ်။ ရုပ်ရည်သန့်ပြန့်ပြီးရည်ရည်မွန်မွန်ရှိတဲ့အမျိုးသားတယောက်အဖြစ်ကနေ သွေးအေးရက်စက်တဲ့အကြမ်းဖက်သမားအဖြစ်ပြောင်းလဲသွားတာကိုမြင်ရမှာပါ။ Rachel McAdams က သူနဲ့အပြိုင်ဇာတ်ရုပ်နေရာကနေသရုပ်ဆောင်ထားပြီး ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ဒီကားကိုညွှန်းပါတယ်။
The Wind That Shakes the Barley (2006)

ဝေဖန်ရေးဆရာတွေကတော့ဒီရုပ်ရှင်ဟာအိုင်းရစ်ရှ် indie film တွေထဲမှာအကောင်းဆုံးစာရင်းဝင်ဖြစ်ကြောင်း၊ Murphy ရဲ့သရုပ်ဆောင်အတတ်ပညာကိုအပြောင်မြောက်ဆုံးတွေ့နိုင်ကြောင်းပြောကြတယ်။ ဒီကားက ၁၉၂၂-၂၃ အတွင်းဖြစ်ပွားခဲ့တဲ့အိုင်ယာလန်ပြည်တွင်းစစ်ကိုနောက်ခံထားထားတာပါ။
ဒီကားဟာသူ့အတွက်တော့သရုပ်ဆောင်တယောက်အနေနဲ့ကော အိုင်းရစ်ရှ်လူမျိုးတယောက်အနေနဲ့ပါ ဂုဏ်ယူရတဲ့ဇာတ်ကားဖြစ်ကြောင်း Murphy ကပြောပါတယ်။ ဒါရိုက်တာ Ken Loach ကလည်းအရှိန်အဝါကြီးတဲ့ဒါရိုက်တာတယောက်ဖြစ်တာမို့ audition ကိုလည်း ၄ ၅ကြိမ်လောက်လုပ်ရပြီး သရုပ်ဆောင်ပြရုံသာမကဘဲရုပ်ရှင်ရဲ့ဇာတ်အိမ်တည်ရာသမိုင်းကြောင်းကိုပါစေ့စေ့စပ်စပ်နားလည်အောင် လေ့လာထားရတာမို့ အရမ်းလည်းတာဝန်ကြီးကြောင်း Murphy ကဆိုတယ်။
Peaky Blinders (2013-present)

ဒါကတော့ Murphy ကိုနိုင်ငံတကာကပရိသတ်တွေသတိထားမိစေတဲ့ဇာတ်လမ်းတွဲလို့ပြောရမှာပါ။ Murphy ဟာအမြဲလိုလို low profile နေလေ့ရှိသူမို့တခြားသရုပ်ဆောင်တွေလိုပွဲတက်တာမျိုး၊ media တွေနဲ့ခဏခဏတွေ့ပြီးအင်တာဗျူးပေးတာမျိုးလုပ်လေ့မရှိပါဘူး။ ဒါကြောင့်လည်းသူ့ကိုအမာခံပရိသတ်တွေကလွဲရင် အများစုကအမှတ်တမဲ့ပဲသဘောထားကြပါတယ်။
Peaky Blinders ထဲမှာ Tommy Shelby အဖြစ်သရုပ်ဆောင်အပြီးမှာတော့ဒါတွေအားလုံးပြောင်းလဲသွားတယ်။ အဲ့ဒီထဲကသူ့ရဲ့ဆံပင်ပုံစံကလည်း အိုင်ယာလန်နဲ့ဗြိတိန်ကဆယ်ကျော်သက်တွေကြားမှာရေပန်းစားလာပါတယ်။ သူကတော့အဲ့ဒီကေက တီရှပ်နဲ့ဂျင်းဘောင်းဘီနဲ့ဆိုမလိုက်ပေမယ့် ဝတ်စုံပြည့်ဝတ်ထားရင်တော့ကြည့်ကောင်းကြောင်းပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာသရုပ်ဆောင်ခွင့်ပေးဖို့အစက producer တွေကသိပ်သဘောမတူကြဘူး။ Tommy Shelby ကခက်ထန်မာကျောပြီးမြင်လိုက်တာနဲ့လန့်စရာကောင်းတဲ့ပုံ။ Murphy ကပိန်ပိန်သွယ်သွယ်အရပ်ခပ်ပြတ်ပြတ်မို့ ဒီဇာတ်ရုပ်နဲ့မလိုက်ဘူးလို့ producer ထင်ကြတယ်။ ဒါပေမယ့် Murphy ရဲ့ text message တကြောင်းကသူတို့အမြင်ကိုပြောင်းလဲစေခဲ့ပါတယ် – “ကျနော်ကသရုပ်ဆောင်တယောက်ပါ။ ဇာတ်ရုပ်နဲ့အလိုက်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။”
အခုအချိန်မှာတော့ Tommy Shelby နေရာမှာ Murphy ကလွဲပြီးဘယ်သူ့ကိုမှမြင်ယောင်ကြည့်လို့မရတော့ပါဘူး။