ကပ်ရောဂါကြီးသာမဖြစ်ခဲ့ရင် အခုစာရင်းထဲကရုပ်ရှင်တချို့ကိုကျနော်တို့ကြည့်ပြီးသွားလောက်ပါပြီ။ ဒီစာရင်းမှာ Covid-19 ကြောင့်ရုံတင်ရက်ရွှေ့လိုက်ရတဲ့ရုပ်ရှင်တွေထဲက နာမည်ကြီးတချို့ကိုဖော်ပြထားပါတယ်။ ရုံတင်ရက် တနှစ်လောက်နောက်ဆုတ်လိုက်ရတဲ့ရုပ်ရှင်တွေတောင်ရှိပါတယ်။ ပရိသတ်တွေအကြည့်ချင်ဆုံးရုပ်ရှင်တွေကိုလည်းပြောပြသွားပါဦးနော်။
A Quiet Place Part 2

၂၀၁၈ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ထိတ်လန့်သည်းဖိုရုပ်ရှင် A Quiet Place ဟာ ပရိသတ်တွေတောင်းဆိုမှုကြောင့် ဒုတိယပိုင်းထွက်ရှိလာပါပြီ။ အကြားအာရုံမြင့်မားလွန်းတဲ့ဂြိုဟ်သားတွေ လွှမ်းမိုးထားတဲ့ကမ္ဘာကိုပိုကျယ်ကျယ်ပြန့်ပြန့်တွေ့ရဖို့ရှိပါတယ်။ ပထမကားရဲ့ဇာတ်လိုက် Emily Blunt ပြန်ပါဝင်လာမှာဖြစ်ပြီး Cillian Murphy ကအားဖြည့်ထားတယ်။ A Silence is Not Enough ဆိုတဲ့ tagline ကြောင့်အသံမထွက်ဘဲနေရုံနဲ့ ဂြိုဟ်သားတွေရဲ့ရန်ကမလွတ်တော့ဘဲ စိန်ခေါ်မှုအသစ်တွေပါလာမလားလို့မျှော်လင့်ရပါတယ်။
Original release date: March 20
New release date: September 4
Mulan

Mushu မပါ၊ Li Shang မပါတဲ့ Mulan ရုပ်ရှင်ပါ။ ဇာတ်လမ်းကျောရိုးကတော့ သူ့အရင်ထွက်ရှိခဲ့တဲ့ကာတွန်းကားထဲကလိုပဲ ခြေထောက်မသန်တဲ့ဖခင်ကိုယ်စား ယောကျ်ားလေးဟန်ဆောင်ပြီး တရုတ်ပြည်စစ်တပ်မှာစစ်မှုထမ်းဖို့ကြိုးစားတဲ့ Fa Mulan ရဲ့စွန့်စားခန်းတွေကိုကြည့်ရမယ်။ Disney ရဲ့ live action တွေထုံးစံအတိုင်းဟာသတွေသိပ်မပါဘဲ တည်ငြိမ်ရင့်ကျက်တဲ့ဇာတ်လမ်းသွားပုံစံဖြစ်ဖို့များတယ်။ Mulan ပရိသတ်စစ်စစ်တွေအနေနဲ့ကတော့ ရုပ်ရှင်ကိုကာတွန်းကားနဲ့နှိုင်းယှဉ်မနေဘဲကြည့်မှအဆင်ပြေမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နဂိုဇာတ်လမ်းကိုမီဖို့မလွယ်လို့ပါ။
Original release date: March 27
New release date: July 24
No Time to Die

Spectre နဲ့ချိတ်ဆက်ထားတဲ့ဒီ ၂၅ကားမြောက် Bond ရုပ်ရှင်ဟာ Daniel Craig ရဲ့နောက်ဆုံးရုပ်ရှင်လို့လည်း သိရပါတယ်။ (Spectre ပြီးတုန်းကလည်း Craig ကအဲ့လိုပြောခဲ့တာပါပဲ :3) Spectre ထဲကဇာတ်ကောင်တွေဖြစ်တဲ့ Bond ရဲ့ချစ်သူ Medeleine Swann နဲ့ SPECTRE ရဲ့ခေါင်းဆောင် Blofeld တို့ပြန်လည်ပါဝင်ထားတယ်။ ဒီကားရဲ့အဓိကရန်သူ Safin နေရာမှာတော့ Rami Malek ကသရုပ်ဆောင်ထားပါတယ်။ Bond အမာခံပရိသတ်တွေကတော့ Safin ဟာ ပထမဆုံး Bond ရုပ်ရှင် Dr No ထဲကဗီလိန် Dr No ပဲဖြစ်လိမ့်မယ်လို့ခန့်မှန်းနေကြတယ်။ အရင် Bond ရုပ်ရှင်တွေထဲက Blofeld လိုဇာတ်ကောင်ဟောင်းတွေ ဇာတ်ကားသစ်တွေမှာပြန်ပါလာတတ်တဲ့အတွက် သူတို့ခန့်မှန်းထားတာဖြစ်တော့လည်းဖြစ်နိုင်ပါတယ်။
Original release date: April 2
New release date: Nov. 25
Saint Maud

A24 ကထုတ်လုပ်တဲ့စိတ္တဇဆန်ဆန်ထိတ်လန့်သည်းဖိုရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအတိအကျမထွက်သေးပေမယ့်ဒီကားမှာလူနာတယောက်ရဲ့အသက်ကိုကယ်ဖို့ကြိုးစားနေတဲ့သူနာပြုဆရာမလေး၊ သူမရဲ့အတိတ်ဆိုးနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြဿနာတွေကို တင်ဆက်ထားတယ်လို့တော့သိရတယ်။ Toronto International Film Festival 2019 မှာပြသပြီး ဧပြီ ၁၀ရက်နေ့ရုံတင်မယ်လို့စီစဉ်ထားပေမယ့် Covid-19 ကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ ရုံတင်ရက်သစ်ကိုမကြေညာသေးပါဘူး။
Antebellum

အဆိုတော် Janelle Monae ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားမှာ စာရေးဆရာမ Veronica Henley (Monae) ဟာအမေရိကန်ပြည်တွင်းစစ်မဖြစ်ခင်ကာလကိုပြန်ပို့ခံရပြီးကျွန်ဖြစ်နေတဲ့သူမရဲ့ ဘိုးဘေးတွေကိုကယ်တင်ရမှာပါ။ အမေရိကန်နိုင်ငံရဲ့အသားအရောင်ခွဲခြားမှုပြဿနာကို horror ဆန်ဆန်ဇာတ်လမ်းမျိုးတင်ဆက်ထားပါတယ်။
Original release date: April 24
New release date: August 21
Black Widow

Black Widow ကိုလွမ်းနေကြတဲ့သူများအတွက် သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံး standalone ရုပ်ရှင်ကို Disney ကချပြလိုက်ပါပြီ။ ဒီကားဟာ Captain America: Civil War နဲ့ Avengers: Infinity Wars တို့ကြားမှာဇာတ်အိမ်တည်ထားပြီး Natasha ရဲ့အတိတ်ကိုတူးဆွထားပါတယ်။ Natasha ဟာ Civil War မှာ Cap တို့ကိုကူညီခဲ့တဲ့အတွက်အမေရိကန်အစိုးရလက်ကနေထွက်ပြေးရင်း အရှေ့ဥရောပကိုရောက်လာပါတယ်။ Trailer ထဲမှာတော့ Hungary ရဲ့မြို့တော် Budapest ကိုပြထားတဲ့အတွက် MCU ရုပ်ရှင်တွေထဲမှာ သူနဲ့ Hawkeye တို့မကြာခဏပြောပြောနေတဲ့ Operation Budapest နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင်းလင်းသွားမယ်လို့မျှော်လင့်ရပါတယ်။ RDJ ကလည်း Tony Stark အဖြစ် cameo ပါဝင်သွားမယ်လို့သိရသလို Hawkeye လည်းပါလာမယ်လို့ခန့်မှန်းနေကြပါတယ်။
Original release date: May 1
New release date: November 6
The New Mutants

မူလက ၂၀၁၉မှာရုံတင်ဖို့စီစဉ်ထားတာပါ။ Fox ကို Disney ကဝယ်ယူလိုက်အပြီးမှာ New Mutants ကိုပိုပြီးထိတ်လန့်ခြောက်ခြားဖွယ်ကောင်းအောင်တကားလုံးနီးပါးပြန်ရိုက်နေတဲ့အတွက် ရုံတင်ရက်နောက်ကျနေတာလို့ဟောလိဝုဒ်သတင်းရပ်ကွက်ကသိရတယ်။ Mutant လူငယ် ၅ဦးဟာသူတို့ရဲ့စွမ်းအင်တွေကိုစတင်သိရှိလာပြီးနောက် လျှို့ဝှက်အကျဉ်းထောင်တခုမှာ ဖမ်းဆီးခံထားရပါတယ်။ သူတို့ဟာအဲ့ဒီထောင်ကလွတ်မြောက်ဖို့၊ အတိတ်ကအမှားတွေကိုပြုပြင်ပြီး သူတို့ကိုယ်သူတို့ပြန်အဖတ်ဆည်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ။
Original release date: May 15
New release date: August 28
The SpongeBob Movie: Sponge on the Run

နာမည်ကျော်ကာတွန်းဇာတ်လမ်းတွဲ SpongeBob ရဲ့ 3D animated ရုပ်ရှင်ဖြစ်ပါတယ်။ ဒီကားမှာ SpongeBob နဲ့ Gary တို့စတင်တွေ့ဆုံခဲ့ပုံကိုတင်ဆက်ထားတယ်။
Original release date: May 22
New release date: August 7
F9

မပြီးဆုံးနိုင်သေးသော Fast & Furious ရုပ်ရှင်စီးရီးထဲက ၉ကားမြောက် F9 မှာတော့ Dominic တို့အဖွဲ့ဟာ သူ့ညီအရင်းဖြစ်သူ Jakob (John Cena) နဲ့ရင်ဆိုင်တွေ့မှာဖြစ်ပါတယ်။ The Fate of the Furious နဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။
Original release date: May 22
New release date: April 2, 2021
Wonder Woman 1984

၂၀၁၇ခုနှစ်က Wonder Woman ရဲ့အဆက်ဖြစ်တဲ့ Wonder Woman 1984 (#WW84) ရဲ့ trailer မှာပထမကားတုန်းက သေသွားပြီလို့ပြထားတဲ့ Diana ရဲ့ချစ်သူ Steve Trevor ကိုတွေ့လိုက်ရတာကြောင့် သူတကယ်ပဲပြန်ရှင်လာသလားဆိုပြီး ဒွိဟဖြစ်ရသလို၊ အရမ်းလန်းတဲ့ Golden Eagle Armour ကိုလည်းတွေ့လိုက်ရပါတယ်။ ဒီကားမှာအဓိကဗီလိန်တွေအဖြစ် Cheetah နဲ့ Maxwell Lord တို့ပါဝင်သွားမှာဖြစ်ပြီး Diana ရဲ့တိမ်မြုပ်နေတဲ့နတ်ဘုရားဆန်ဆန်စွမ်းအင်တွေကိုလည်းမြင်ရနိုင်ချေရှိပါတယ်။
Original release date: June 5
New release date: August 14
Greyhound

ဒုတိယကမ္ဘာစစ်မှာအမေရိကန်တွေပါဝင်လာပြီးနောက်ပိုင်း Commander Ernest Krause (Tom Hanks) ဟာမဟာမိတ်သင်္ဘော ၃၇စင်းကိုဦးဆောင်ပြီး မြောက်အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်သန်းရပါတယ်။ သူတို့နောက်ကိုတကောက်ကောက်လိုက်နေတဲ့ဂျာမန် U-boat တွေရဲ့လက်ကလွတ်အောင်ရှောင်ရင်း Commander Krause တယောက်ဘယ်လိုခရီးဆက်မလဲဆိုတာကြည့်ကြရမှာပါ။ မူလက ဇွန် ၁၂ ရုံတင်ဖို့စီစဉ်ထားပေမယ့် အခုတော့ Apple TV+ မှာထုတ်လွှင့်မယ်လို့သိရပါတယ်။
Soul

Jazz ဂီတကိုချစ်မြတ်နိုးတဲ့ကျောင်းဆရာတယောက် မတော်တဆမှုတခုနဲ့ကွယ်လွန်သွားတဲ့အခါမှာ သူ့ရဲ့ဝိဉာန်ဟာတမလွန်ဘဝကိုရောက်သွားပါတယ်။ အဲ့ဒါနဲ့သူလည်းတမလွန်ဘုံက You Seminar လို့ခေါ်တဲ့သင်တန်းမှာ ဝိဉာန်တွေကိုသူတို့နှစ်သက်တဲ့ဝါသနာတွေသင်ယူလေ့ကျင့်ပြီးလူဝင်စားအဖြစ်မွေးဖွားဖို့ ကြိုးစားရပါတယ်။ အဲ့ဒီမှာနှစ်ပေါင်းများစွာသောင်တင်နေတဲ့ဝိဉာန် 22 နဲ့တွေ့ပြီး ဘဝနဲ့ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကိုအတူတူရှာဖွေကြပါတော့တယ်။ Jamie Foxx နဲ့ Tina Fey တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာသေပြီးနောက်အသစ်တဖန်မွေးဖွားခြင်းဆိုတဲ့ အရှေ့တိုင်းဘာသာရေးအယူအဆကို Pixar ကသူ့ဟန်အတိုင်းဟာသလေးတွေနှောပြီး လှလှပပပုံဖော်သွားတာကိုကြည့်ကြရမယ်။ Pixar ဟာအရာရာတိုင်းမှာစိတ်ခံစားချက်တွေရှိတယ်ဆိုတဲ့အမြင်နဲ့ ရုပ်ရှင်အမျိုးမျိုးတင်ဆက်ရိုက်ကူးပြတတ်ပါတယ်။ ဒီတခါမှာတော့ What if souls have feelings? ဆိုတဲ့မေးခွန်းကိုဘယ်လိုဖြေသွားမလဲကြည့်ကြရမှာပါ။
Original release date: June 19
New release date: November 20
Top Gun: Maverick

Tom Cruise ကိုကမ္ဘာကျော်စေခဲ့တဲ့ရုပ်ရှင် Top Gun ဟာလွန်ခဲ့တဲ့ ၃၁နှစ်ကထွက်ရှိခဲ့တာပါ။ အခုဒုတိယရုပ်ရှင်မှာဘီးကျဲကအသက် ၅၀ကျော်နေပြီဖြစ်ပေမယ့် အရင်ကလိုလန်းနေဆဲဆိုတာကို သက်သေပြထားပါတယ်။ Pete “Maverick” Mitchell လေ့ကျင့်သင်ကြားပေးနေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်မှူးတွေထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့သူ့သူငယ်ချင်းဟောင်း Nick Bradshaw (Goose) ရဲ့သား Bradley Bradshaw (Rooster) လည်းပါဝင်လာခဲ့တယ်။ ခေတ်သစ်မှာစိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့လာရတဲ့အပြင် အတိတ်ကပြဿနာဟောင်းတွေနဲ့ပါရင်ဆိုင်လာရတဲ့ Maverick ကိုမြင်ရပါလိမ့်မယ်။
Original release date: June 24
New release date: December 23
Minions: The Rise of Gru

Despicable Me ရုပ်ရှင်တွေရဲ့အဓိကဇာတ်ကောင် Felonius Gru (Steve Carell) ငယ်ဘဝကနေ criminal mastermind တယောက်ဖြစ်လာပုံကိုရိုက်ကူးထားတာပါ။ Michelle Yeoh, Taraji P. Henson, Jean-Claude Van Damme, Dolph Lundgren, Danny Trejo, Lucy Lawless တို့လိုနာမည်ကြီးသရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။
Original release date: July 3
New release date: July 2, 2021
Free Guy

Grand Theft Auto နဲ့ Fortnite တို့ပေါင်းစည်းဖြစ်တည်နေတဲ့ battle arena Free City မှာ Ryan Reynolds ရဲ့ဇာတ်ကောင် Guy ဟာ ဖြတ်လျှောက်ဇာတ်ကောင်တကောင်သာဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့ Guy ဟာတနေ့မှာတော့ programmer ၂ယောက်ထည့်လိုက်တဲ့ code တခုကြောင့်သူနေထိုင်နေတဲ့ပတ်ဝန်းကျင်ဟာဂိမ်းတခုဆိုတာသတိထားမိသွားပြီး ဒီဂိမ်းရဲ့အဓိကသူရဲကောင်းဇာတ်ကောင်ဖြစ်ဖို့ကြိုးစားပါတော့တယ်။ Online battle arena ဂိမ်းတွေခေတ်စားလာတဲ့ခေတ်မှာ နာမည်အကြီးဆုံးဂိမ်း ၂ခုကိုဟာသနှောပြီးတင်ဆက်ထားသလို Reynolds ရဲ့မြူးကြွတဲ့သရုပ်ဆောင်ချက်တွေကြောင့်ဒီကားကပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေပါလိမ့်ဦးမယ်။
Original release date: July 3
New release date: December 11
The French Dispatch

Wes Anderson ရဲ့ရုပ်ရှင်ဆိုတော့ သိပ်အကျယ်တဝံ့ညွှန်းစရာလိုမယ်မထင်ပါဘူး။ ၁၉ရာစုနှစ် ပြင်သစ်နိုင်ငံက အမေရိကန်သတင်းစာတိုက်တခုမှာဇာတ်အိမ်တည်ထားတဲ့ dramedy ရုပ်ရှင်ပါ။ Anderson ကတချို့ဇာတ်ကောင်တွေကို သူ့အကြိုက်ဆုံးသတင်းစာ The New Yorker ကဝန်ထမ်းတချို့ကိုအခြေခံထားကြောင်းပြောပါတယ်။ Anderson ရဲ့ရုပ်ရှင်တွေမှာတွေ့နေကျဖြစ်တဲ့ Liev Schreiber, Edward Norton, Willem Dafoe နဲ့ Saoirse Ronan တို့လိုသရုပ်ဆောင်တွေလည်းပါပါတယ်။
Original release date: July 24
New release date: October 16
The King’s Man

Kingsman သူလျှိုအဖွဲ့ရဲ့ဖြစ်တည်မှုကိုတင်ဆက်ထားတဲ့ဒီရုပ်ရှင်မှာ ၁၉၀၀ခုနှစ်အစောပိုင်းက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကိုတွေ့ရမယ်။ အာဏာရှင်တွေနဲ့ဒုစရိုက်ခေါင်းဆောင်တွေစုပေါင်းပြီး ကမ္ဘာစစ်ကြီးတခုဖြစ်အောင်ကြံစည်လာကြတဲ့အခါ သူတို့ကိုတားဆီးဖို့အတွက် ဗြိတိသျှစစ်သည်တော်ဟောင်းတွေဟာ Kingsman သူလျှိုအဖွဲ့ကိုဖွဲ့စည်းဖြစ်ခဲ့တာပါ။ Kingsman ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်းခပ်ကြမ်းကြမ်းခပ်ရမ်းရမ်းအက်ရှင်ခန်းတွေနဲ့ ဝတ်စုံအကောင်းစားတွေဝတ်ထားတဲ့သူလျှိုတွေကိုမြင်ရပါလိမ့်မယ်။ ဖေဖော်ဝါရီကနေ စက်တင်ဘာကိုရုံတင်ရက်ရွှေ့ထားပြီး အခုနောက်ပိုင်းထပ်ရွှေ့မရွှေ့မသိရသေးပါဘူး။
Eternals

Eternal ဆိုတာကမ္ဘာဦးလူသားတွေဖြစ်ပြီး အသက်အသင်္ချေရှည်ကြသူတွေဖြစ်ပါတယ်။ သာမန်လူတွေထက်သန်မာလျင်မြန်သလို စွမ်းရည်အမျိုးမျိုးလည်းပိုင်ဆိုင်ကြတယ်။ လွန်ခဲ့တဲ့နှစ် ၅သန်းက Celestials ဆိုတဲ့နတ်ဘုရားဆန်ဆန်တန်ခိုးကြီးတဲ့ဂြိုဟ်သားတွေကမ္ဘာမြေကိုရောက်လာပြီး ရှေးဦးလူသားပုံစံတွေကိုစမ်းသပ်ကြည့်ရင်း Eternal တွေမွေးဖွားလာခဲ့တယ်လို့ Marvel ဒဏ္ဍာရီကဆိုတယ်။ Celestial တွေဟာ Eternal အပြင် Deviant လို့ခေါ်တဲ့မကောင်းဆိုးဝါးဆန်ဆန်သတ္တဝါတွေကိုပါ မွေးထုတ်ခဲ့တယ်။ ဒီကားမှာတော့ Celestial, Eternal နဲ့ Deviant တို့ကြားကဆက်ဆံရေးကို တွေ့မြင်ရမယ့်အပြင် Marvel ရဲ့ရှေးဦးဒဏ္ဍာရီကိုပါသိရလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ Train to Busan ကသရုပ်ဆောင် Ma Dong-seok ပါဝင်သရုပ်ဆောင်မယ့်ဒီရုပ်ရှင်မှာ Hollywood နာမည်ကြီးတွေဖြစ်တဲ့ Angelina Jolie၊ Salma Hayek၊ Richard Madden၊ Kit Harrington နဲ့ Kumail Nanjiani တို့လည်းပါဝင်လာမှာပါ။
Original release date: November 6, 2020
New release date: February 12, 2021