ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ Sa Ba Street Food Tours နဲ့ Food Not Bombs – Myanmar တို့ဟာ ရန်ကုန်မြို့လယ်ကောင်ကလိုအပ်သူတွေဆီ အစားအစာတွေဖြန့်ဝေပေးခဲ့ပါတယ်။
Sa Ba ဟာစေတနာရှင်ပြည်သူတွေဆီကအလှူငွေကောက်ခံပြီး လမ်းဘေးစားသောက်ဆိုင်လေးတွေကို ချက်ပြုတ်စေတယ်။ ပြီးတော့အဲ့ဒီအစားအသောက်တွေကိုလိုအပ်သူတွေဆီလှူဒါန်းပါတယ်။ ဒီနည်းနဲ့ Covid-19 ကြောင့်အလုပ်အကိုင်အဆင်မပြေတဲ့လမ်းဘေးစားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ဝင်ငွေရသလို ရုန်းကန်နေရတဲ့ပြည်သူတွေလည်းလိုအပ်တဲ့အာဟာရကိုရပါတယ်။
ဒီအလှူနဲ့ပတ်သက်ပြီး Sa Ba ရဲ့တည်ထောင်သူ Marc Shortt နဲ့ email ကတဆင့်အင်တာဗျူးလုပ်ထားတာကို Myanmore Plus ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။
၁။ အလှူအကြောင်းလေးအရင်ပြောပြပေးပါဦး။
ကျနော်တို့စခဲ့တာကတော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပါ။ နောက်ပိုင်းလည်းအလှူငွေရရင် ရသလောက်၊ လုပ်အားပေးတွေရှိရင် ရှိသလောက် လှူဒါန်းသွားမယ်လို့စိတ်ကူးပါတယ်။
လောလောဆယ်တော့ မြို့ထဲတဝိုက်ကိုပဲဦးစားပေးလှူဒါန်းနေပါတယ်။ ကျနော်တို့အလုပ်တွေကမြို့ထဲမှာအခြေစိုက်တဲ့အတွက် ဒီအနီးတဝိုက်ကိုပိုကျွမ်းကျင်တယ်လေ။
၂။ တခြားဘယ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှူဒါန်းပါသလဲ။
ကျနော်တို့ရတဲ့အလှူငွေတွေနဲ့လမ်းဘေးမှာအစားအသောက်ရောင်းတဲ့သူတွေကို လူ ၁၀၀စာ ချက်ပြုတ်စေပါတယ်။ ပြီးတော့သစ်သီးနဲ့ရေသန့်ဘူးတွေကိုလည်း လမ်းဘေးဆိုင်လေးတွေကပဲဝယ်ပြီး လိုအပ်သူတွေဆီမျှဝေပေးတယ်။ သွားရေးလာရေးကတော့ဆိုက်ကားတွေနဲ့ပေါ့ဗျာ။
Food Not Bombs ဆိုတဲ့ပရဟိတအဖွဲ့အစည်းကဒီလိုအစားအသောက်လှူဒါန်းတဲ့လှုပ်ရှားမှုတွေကို စီစဉ်ခဲ့ဖူးတော့ သူတို့ဆီကလုပ်အားပေးတွေနဲ့ပူးပေါင်းလှူဒါန်းပါတယ်။ ကျနော်တို့အားလုံးက လုပ်အားပေးတွေပါပဲ။ Zero Plastic လိုလုပ်ငန်းတွေကစားသောက်ကုန်တွေကိုအခမဲ့ထုပ်ပိုးပေးပါတယ်။
၃။ အခုလိုလှူဒါန်းရာမှာမှတ်မှတ်ရရရှိနေတဲ့အဖြစ်အပျက်မျိုးပြောပြချင်တာရှိလားခင်ဗျ။
အလှူလုပ်တုန်းတွေ့ခဲ့တဲ့ပြည်သူတွေ၊ အစားအသောက်ရောင်းသူတွေ၊ လုပ်အားပေးတွေ အကြောင်းပဲပြောရမှာပေါ့ဗျာ။ ကျနော်တို့အလှူမလုပ်ခင်က တချို့တွေပြောကြတယ်၊ မြို့လယ်ကောင်မှာ အစားအသောက်လိုအပ်နေတဲ့သူအယောက် ၁၀၀ လောက်ရှိနိုင်ပါ့မလားတဲ့။ တကယ်လှူပြီးတော့မှ ကျနော်တို့ထင်ထားတာထက် အကူအညီလိုအပ်နေတဲ့သူတွေအများကြီးပဲဗျ။
တချို့အိမ်ခြေမဲ့ကလေးတွေဆိုရင်အမှိုက်ပုံးထဲကနေစားကြွင်းစားကျန်တွေရှာစားနေရတယ်။ မမြင်ရက်စရာပါပဲဗျာ။ အစားအသောက်ရလိုက်တဲ့အတွက်သူတို့ပြုံးပျော်သွားတာကိုမြင်ရတာ တကယ်ပီတိဖြစ်မိတယ်။ ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ သူတို့ကိုပစ်မထားဘဲကူညီမယ့်သူတွေရှိတယ်ဆိုတာ သူတို့ကိုသိစေချင်တယ်။
၄။ ကပ်ရောဂါကြောင့် Sa Ba ရဲ့လုပ်ငန်းတွေရပ်ထားရတဲ့အချိန်မှာ တခြားဘာတွေလုပ်နေလဲခင်ဗျ။
ခရီးသွားလာရေးလုပ်ငန်းတွေနာလန်မထူခင်အထိတော့ကျနော်တို့ရဲ့ လမ်းဘေးအစားအစာလှည့်လည်မြည်းစမ်းကြည့်တဲ့ခရီးစဉ်ကော အချက်အပြုတ်သင်တန်းတွေကော ရပ်ထားရပါတယ်။ အခုချိန်ကတော့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေအတူတကွလက်တွဲပြီး လိုအပ်သူတွေကိုကူညီကြဖို့အရေးကြီးပါတယ်။ ဒါမှသာ Covid-19 ပြီးသွားတဲ့အခါ ရန်ကုန်ဟာအရင်ကထက် ပိုပြီးသန်မာကြံ့ခိုင်လာမယ်၊ ပြည်သူအချင်းချင်းပိုပြီးကြင်နာသနားမှုရှိလာပါလိမ့်မယ်။
၅။ အနာဂတ်အတွက်ကောဘာတွေစီစဉ်ထားပါသလဲ။
အရင်လိုပုံမှန်အခြေအနေပြန်ရောက်ဖို့တော့မျှော်လင့်တာပါပဲ။ Covid-19 အလွန်ကာလမှာလည်း အခုလိုအစားအသောက်လှူဒါန်းတာတွေဆက်လုပ်ချင်ပါသေးတယ်။
…..
ဒီ link ကနေတဆင့် သဒ္ဒါတရားနည်းများမဆိုကူညီလှူဒါန်းနိုင်ပါတယ်။
ပြည်သူအချင်းချင်း ဖေးမခြင်း အခန်းဆက်ဆောင်းပါးတွေကနေ ပရဟိတသမားတွေ၊ စေတနာရှင်လုပ်အားပေးတွေအကြောင်းအခါအားလျော်စွာဖော်ပြပေးသွားပါ့မယ်။