COVID-19 ပြီးသွားတဲ့အခါ New York ဒါမှမဟုတ် Berlin ကနေ နိုင်ငံခြားခရီးသည်တွေပြန်ထွက်လာတဲ့အခါ သူတို့ကိုမြန်မာနိုင်ငံလာလည်ချင်စိတ်ပေါက်အောင် ကျမတို့ဘာတွေပြင်ဆင်ထားဖို့လိုသလဲ။ ဒီမေးခွန်းကို Myanmar Tourism Marketing (MTM) think-tank ကလည်းအဓိကထားဆွေးနွေးနေပါတယ်။
MTM ဆွေးနွေးပွဲတွေရဲ့ moderator ဖြစ်သူ Sammy Samuels က “ဒါဟာတဘဝမှာတခါသာကြုံရတဲ့ အခွင့်အရေးတခုပါ။ ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီး မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုမြှင့်တင်နိုင်အောင် ဘယ်လိုကြိုးစားကြမလဲ။”
‘မြန်မာ့ခရီးသွားလုပ်ငန်းကိုအသစ်တဖန်ဘယ်လိုမြှင့်တင်မလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ မေလ ၁၃ရက်နေ့က MTM ရဲ့ online ဆွေးနွေးပွဲကိုအခုကြည့်ရှုနိုင်ပါပြီ။
ဒီပွဲမှာ MTM ဟာ ပထမဆုံးအကြိမ်အဖြစ်အင်္ဂလိပ်ဘာသာနဲ့ဆွေးနွေးသွားမှာပါ။ ဒီပွဲမှာခရီးသွားလုပ်ငန်းနဲ့အသက်မွေးနေသူတွေအားလုံးကိုပါဝင်ဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀စုနှစ်လောက်က မြန်မာနိုင်ငံကိုလာလည်တဲ့ခရီးသွား ၇၆၀၀၀၀ ပဲရှိခဲ့တယ်။ ၂၀၁၉မှာတော့ ၄သန်းကျော်အထိလာရောက်လည်ပတ်ခဲ့ပါတယ်။
“ ခရီးသွားလုပ်ငန်းဟာအဖိုးမဖြတ်နိုင်တဲ့လုပ်ငန်းတခုပါ။ ၂၀၁၉ခုနှစ်က မြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄ထောင်ကျော်ဝင်ခဲ့တယ်။ ခရီးသွားလုပ်ငန်းဟာနိုင်ငံ့ GDP ရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်” လို့ GCP Hospitality Myanmar ရဲ့ Vice President Operations Suki Singh ကပြောပါတယ်။ GCP Hospitality ဟာ နိုင်ငံတွင်းမှာ ဟိုတယ်နဲ့ service apartment ၃၉လုံးကိုစီမံလုပ်ကိုင်နေတာဖြစ်ပြီး MTM ရဲ့ panel expert လည်းဖြစ်ပါတယ်။
ဒီနှစ်မှာတော့ COVID-19 ကြောင့်နိုင်ငံရဲ့ခရီးသွားကဏ္ဍအထိနာခဲ့တယ်။ ဧပြီလမှာ ခရီးသွားလုပ်ငန်းကရတဲ့ အခွန် ၈၆ရာခိုင်နှုန်းကျဆင်းသွားပြီး ဝန်ထမ်းတွေလုပ်ငန်းရှင်တွေလည်းနစ်နာမှုတွေကြုံခဲ့ရပါတယ်။
World Tourism Organization ရဲ့ General Secretary Zurab Pololikashvili ကတော့ “တကမ္ဘာလုံးမှာ မကြုံစဖူးဆိုးရွားလှတဲ့ကျန်းမာရေးစီးပွားရေးအကျပ်အတည်းကြီးနဲ့ကြုံနေရပါတယ်။ သန်းနဲ့ချီတဲ့ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်မယ့်ဘေးနဲ့ရင်ဆိုင်ရနိုင်ပါတယ်” လို့ပြောပါတယ်။
Singh ကတော့မြန်မာနိုင်ငံမှာခရီးသွားလုပ်ငန်းက အလုပ်အကိုင် ၈၀၀၀၀၀ ဖန်တီးပေးထားကြောင်းပြောပါတယ်။
Mary Banfield ၏ A New Way Forward – Myanmar Tourist Industry Set To Fly ဆောင်းပါးအား ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။