မြန်မာလူမျိုးတွေအတွက်ကတော့ ဇော်ဝင်းထွဋ်ဆိုတာခေတ်အဆက်ဆက်အောင်မြင်နေဆဲဂန္ထဝင် ရော့ခ်အဆိုတော်တယောက်ပါ။ တခေတ်တခါကဆိုရင်သူ့တေးသီချင်းတွေသာမက သူ့ရဲ့ဝတ်ပုံစားပုံဖက်ရှင်တွေဟာ လူငယ်တွေကိုလွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။ ပရိသတ်တွေကကိုညီထွဋ်လို့ ချစ်စနိုးခေါ်ကြတဲ့ဇော်ဝင်းထွဋ်နဲ့ Emperor တီးဝိုင်းဟာမြန်မာနိုင်ငံရဲ့ခေတ်တခေတ်ကိုထုဆစ်ပုံဖော်ခဲ့တယ် လို့ပြောရင်လွန်မယ်မထင်ပါဘူး။ သူ့ရဲ့1964 Gastro Pub ကိုသွားရောက်လည်ပတ်ရင်း သူ့ဘဝအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးစကားပြောဖြစ်ခဲ့ကြတာကိုဖော်ပြပေးလိုက်ပါတယ်။
ရော့ခ်တေးသွားများစတင်ရာ
ဇော်ဝင်းထွဋ်ဟာမျိုးနဲ့ရိုးနဲ့ဂီတပါရမီပါခဲ့သူပါ။ သူ့အဘိုးဖြစ်သူ ရွှေတိုင်ညွှန့်ဟာမြန်မာတို့နှုတ်ဖျားမှာ ရေပန်းစားခဲ့တဲ့ အခုထိလည်းကျော်ကြားနေဆဲဖြစ်တဲ့ နဂါးနီသီချင်းကို ရေးစပ်ခဲ့သူဖြစ်ပါတယ်။ အငြိမ့်မင်းသမီး ယူနီဘာစီတီမြသန်းကြည်၊ ဝိဇ္ဇာမယ်၊ လေဘာတီ မမြရင်တို့ဟာလည်း ဆရာရွှေတိုင်ညွှန့်ရဲ့သီချင်းတွေသီဆိုရင်း ပရိသတ်အားပေးမှုရခဲ့ကြတယ်။
ဆရာရွှေတိုင်ညွှန့်ရဲ့သမီး၊ ဇော်ဝင်းထွဋ်ရဲ့မိခင် ထားဟာလည်းအဆိုတော်တဦးဖြစ်ပြီး၊ ဇော်ဝင်းထွဋ်ရဲ့အစ်ကို ဇော်မျိုးထွဋ်ဟာလည်း Emperor ရဲ့ဂစ်တာသမားဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အီတိုးဟာလည်း ဘလူးစ်အဆိုတော်တဦးပါ။
ဇော်ဝင်းထွဋ်ရဲ့မိခင်နဲ့အဘိုးတို့ဟာမြန်မာတေးသီချင်းတွေနဲ့အောင်မြင်ခဲ့ပေမယ့် သူကတော့ရော့ခ်တေးသွားတွေကိုနှစ်သက်မြတ်နိုးသူပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသူ့မိဘတွေရဲ့အမြင်ကို မေးကြည့်တဲ့အခါမှာတော့ “ကိုယ့်အဖေကဆရာဝန်တယောက်ပါ။ သူကတော့ဘယ်လိုဂီတအမျိုအစားကိုမဆို နှစ်သက်မြတ်နိုးသူပေါ့။ ၁၉၇၃ခုနှစ်မှာသူ အင်္ဂလန်သွားလည်ပြီးပြန်လာတော့ Deep Purple, Alice Cooper စတဲ့အဆိုတော်တွေရဲ့ဓာတ်ပြားတွေအများကြီးဝယ်လာတယ်။”
မန္တလေးမှာနေထိုင်ကြီးပြင်းခဲ့တဲ့ ကိုညီထွဋ်အတွက်တော့ဒီတေးသီချင်းဓာတ်ပြားတွေကိုနားထောင်ရတာဟာ ကမ္ဘာသစ်တခုကိုရောက်သွားသလိုခံစားချက်မျိုးပေးမယ်ထင်ပါတယ်။
“မန္တလေးမှာ ၁၂နှစ်နေခဲ့တယ်။ အဲ့ဒီခေတ်တုန်းကအဲ့ဒီလိုသီချင်းမျိုးဘယ်သူကမှနားမထောင်ဖူးဘူး။ အဲ့ဒီနောက်ပိုင်းနိုင်ငံခြားကပြန်လာတဲ့သင်္ဘောသားတွေကကတ်ဆတ်ခွေလေးတွေယူလာကြတယ်။ ဒါပေမယ့်ကိုယ့်သူငယ်ချင်းတွေထဲမှာရော့ခ်သီချင်းနားထောင်တဲ့သူမရှိသေးဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာဆို ကိုယ်ရယ်၊ ကိုယ့်အစ်ကိုရယ်၊ အဖေရယ်ပဲရှိမယ်၊ ရော့ခ်သီချင်းနားထောင်တာ။ ရန်ကုန်မှာတော့ ရော့ခ်သီချင်းတွေခေတ်စားစပြုနေပါပြီ။ အဲ့ဒီတုန်းက (ကို) မင်းမင်းလတ်တို့ကရန်ကုန်ကိုရော့ခ်သီချင်းတွေနဲ့ မိတ်ဆက်ပေးနေပြီဗျ။ ၁၉၉၀မှာသူကပထမဆုံး music video (ဂီတဗီဒီယို) ကိုရိုက်ကူးထုတ်လုပ်ပါတယ်။ အဲ့ဒါမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော music video ပဲ။ MTV တောင်မြန်မာနိုင်ငံမရောက်သေးဘူး။ တိတ်ခွေနဲ့ထွက်ပြီး VHS နဲ့ဖွင့်ရတာ။”

ကိုညီထွဋ်ကိုတေးဂီတအကြောင်းသင်ပေးခဲ့သူကတော့မိခင်ဖြစ်သူအဆိုတော်ထားပါ။ ဂန္ထဝင်တေးသံရှင်ပီပီ ဗမာ့စောင်းနဲ့ပတ္တလားကိုသင်ကြားပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကိုညီထွဋ်က မြန်မာတေးသွားတွေဟာ သံစဉ်တွေရှည်လျားပြီးသင်ရတာပညာသားပါကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒီခေတ်ကရော့ခ်အဆိုတော်တွေဟာ BBC World Service ကထုတ်လွှင့်တဲ့ရော့ခ်သီချင်းတွေကို မြန်မာမှုပြုပြီးပြန်ဆိုခဲ့ကြပါတယ်။ ရန်ကုန်ကိုပြောင်းရွှေ့ပြီးနောက်မှာတော့ ဆယ်ကျော်သက်အရွယ်ကိုညီထွဋ်ဟာလည်းရော့ခ်ရေစီးနဲ့လိုက်ပါစီးမျောခဲ့ပါတော့တယ်။
၈၀ခုနှစ်တွေအတွင်းမှာ ကိုညီထွဋ်နဲ့သူ့အစ်ကိုဟာပထမဆုံးတီးဝိုင်း Oasis ကိုတည်ထောင်ခဲ့ပါတယ်။ “အဲ့ဒီတုန်းကကျနော်တို့တီးဝိုင်းရဲ့ပင်တိုင်အဆိုတော်က ဖြူသီပါ။ သူကစင်ပေါ်တက်ပြီးဖျော်ဖြေရမှာရှက်တော့ ကျနော်တို့လည်းအဆိုတော်နောက်တယောက်ရှာရတော့တယ်။ နောက်ပိုင်းသူလည်းအောင်မြင်တဲ့အဆိုတော်တယောက်ဖြစ်လာပါတယ်။” ဒီလိုနဲ့ Oasis ကနေ Emperor အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။
၁၉၈၃မှာ ကိုညီထွဋ်နဲ့သူ့အစ်ကိုဟာပထမဆုံးအယ်လ်ဘမ် မာကျူရီည ကိုထုတ်လုပ်ခဲ့ပါတယ်။ “အဲ့ဒီတုန်းကကျနော်တို့ညီအစ်ကို ၆ပုဒ်စီဆိုကြတယ်။ တေးသံသွင်းစတူဒီယိုက ၁ ခု ၂ခုလားပဲရှိသေးတာ။ Recorder နဲ့သွင်းထားတဲ့အစမ်းခွေတွေကိုဆိုင်တွေဆီလိုက်ပြရတယ်။ ဖြန့်ချီရေးဆိုင်ပိုင်ရှင်တွေကနားထောင်ကြည့်ပြီးသူတို့ကြိုက်တဲ့သီချင်းကိုဝယ်တယ်။ တခါတလေ တပုဒ်၊ တခါတလေ ၂ပုဒ်။ ပြီးတော့မှသူတို့ကကတ်ဆတ်ခွေထဲသွင်းပြီးပြန်ရောင်းတာပါ။” Queen တီးဝိုင်းကဂစ်တာသမား Brian May ကိုအတုခိုးပြီး ကိုညီထွဋ်တို့ဟာသူတို့တီးမယ့်ဂစ်တာကို သူတို့ဘာသာပြုလုပ်ရင်း effect တွေထည့်ခဲ့ကြပါတယ်။
အဲ့ဒီခေတ်ကသူတို့အခွေတွေကိုဆင်ဆာတင်ရပြီး တာဝန်ရှိသူတွေရှေ့မှာစာသားတွေအကြောင်းရှင်းပြရပါတယ်။ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့စာသားတွေဆို အများဆုံးဆင်ဆာမိတတ်ကြောင်း၊ ဆင်ဆာကခွင့်မပြုလို့တခွေလုံးပြန်သွင်းရတာမျိုးတွေလည်းရှိကြောင်းကိုညီထွဋ်ကပြောပြတယ်။ “နောက်ပိုင်းကျတော့တိုင်းကျိုးပြည်ပြုသီချင်းတွေဖန်တီးဖို့ဖိအားပေးတာခံရသေးတယ်။ အမှန်အတိုင်းပြောရရင် အဲ့ဒီသီချင်းတွေစပ်ရတာပျော်ဖို့တော့ကောင်းတယ်။ အခုတော့အရင်ကထက်အများကြီးလွတ်လပ်သွားပါပြီ။ တကယ်တင်းကျပ်ခဲ့တာတော့နှစ် ၂၀လောက်ရှိမယ်။
Guns N’ Roses, Aerosmith, AC/DC တို့ရဲ့သီချင်းတွေကိုမြန်မာမှုပြုပြီးဆိုထားတဲ့သီချင်းတွေဟာ ပရိသတ်လက်ခံမှုရရှိခဲ့ပါတယ်။
“အစောပိုင်းလက်ရာတွေကိုလွှမ်းမိုးခဲ့တာကတော့ Deep Purple ရဲ့ Woman From Tokyo ပေါ့။ ဒါပေမယ့်ကိုယ့်အပေါ်တကယ်လွှမ်းမိုးခဲ့တဲ့အဆိုတော်က Rod Stewart and The Faces။ Stewart ရဲ့အသံက ကိုယ်နဲ့လည်းဆင်တယ်လေ။ အဲ့ဒီခေတ်တုန်းကမြန်မာနိုင်ငံမှာအဲ့ဒီလိုအသံနဲ့သီချင်းဆိုတာကို တော်တော်များများမကြိုက်ကြဘူး။ သူကတော့ကိုယ့်အပေါ် လွှမ်းမိုးမှုအရှိဆုံးပါပဲ။”
မြန်မာနှင့်ရော့ခ်ရေစီးကြောင်း

ဆင်ဆာကြီးစိုးတဲ့ခေတ်ဆိုပေမယ့်လည်းရော့ခ်တေးသီချင်းတွေတော်တော်များများထွက်ရှိလာပြီးမြန်မာပြည်သူတွေရဲ့စိတ်အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ အဲ့ဒီခေတ်ကသီချင်းတော်တော်များများယနေ့ခေတ်လူငယ်တွေရဲ့ playlist ထဲမှာရှိနေတုန်းပါပဲ။ Emperor နဲ့ဘက်တူတဲ့ခေတ်ပြိုင်တီးဝိုင်းဆိုရင် Iron Cross ပဲရှိပါလိမ့်မယ်။ ဒါကြောင့်မြန်မာ့ရော့ခ်ရေစီးကြောင်းမှာအဓိကကျတဲ့နေရာကပါဝင်သူတွေထဲမှာ ကိုညီထွဋ်၊ လေးဖြူ၊ မျိုးကြီးတို့က လူကြီးလူငယ်မရွေးနှစ်သက်တဲ့အဆိုတော်တွေဖြစ်ပါတယ်။ ဆံပင်ရှည်ထားခြင်း၊ တက်တူးထိုးခြင်း၊ ၄၀ဒီဂရီလောက်အထိပူတဲ့နေရောင်အောက်မှာလယ်သာအင်္ကျီဝတ်ခြင်းစတဲ့ ယဉ်ကျေးမှုတွေကလည်း ရော့ခ်ရေစီးကြောင်းနဲ့အတူခေတ်စားလာပါတယ်။
“David Coverdale [Whitesnake] နဲ့ Robert Plant [Led Zeppelin] တို့က ၈၀ခုနှစ်ဝန်းကျင်က ရော့ခ်ယဉ်ကျေးမှုရဲ့ပြယုဂ်တွေပေါ့။ အဲ့ဒီခေတ်ကရော့ခ်ဂီတရွှေခေတ်လို့ပြောရမယ်။ အစိုးရကလည်းကျနော်တို့သီချင်းစာသားကနေ ဝတ်တဲ့အဝတ်အစားအထိမျက်စိဒေါက်ထောက် စောင့်ကြည့်လာတယ်။ ဆံပင်ရှည်ထားတာကိုတော့မျက်စိစပါးမွှေးအစူးဆုံးပေါ့။ ဆံပင်ညှပ်ဖို့ခဏခဏ ဖိအားပေးခံခဲ့ရတယ်။”
၁၉၇၀ခုနှစ်ကစပြီးရဲတွေဟာ ဆံပင်ရှည်ထားတဲ့လူငယ်တွေကိုလမ်းမှာတွေ့ရင်အတင်းအကျပ် ဆံပင်ညှပ်ပစ်လေ့ရှိပါတယ်။ ၁၉၉၀မှာဆံပင်ရှည်ထားတဲ့အဆိုတော်တွေကိုစင်ပေါ်မှာဖျော်ဖြေခွင့်ပိတ်တာမျိုးတောင် လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်ကိုညီထွဋ်ကတော့မလိုက်နာခဲ့ပါဘူး။
“ကိုယ့်ဆံပင်ရှည်ကကိုယ့်ရဲ့လွတ်လပ်တဲ့ဝိညာဉ်ကိုကိုယ်စားပြုတယ်။”
ရော့ခ်ဂန္ထဝင်
နှစ် ၄၀ကျော်ကြာတဲ့အထိ Emperor ဟာအောင်မြင်နေဆဲပါ။ အသက် ၅၆နှစ်ရှိပြီဖြစ်တဲ့ရော့ခ်ကာကြီး အခုချိန်ထိအောင်မြင်မှုသရဖူကိုထိန်းထားနိုင်တာဘာကြောင့်များပါလိမ့်။
“အဲ့ဒီတုန်းကနိုင်ငံအနှံ့ဖျော်ဖြေပွဲတွေသွားခဲ့တာကိုအခုချိန်ပြန်တွေးကြည့်ရင် ထူးဆန်းနေသလိုပဲ။ ‘ငါတို့အဲ့ဒီတုန်းကဘယ်လိုဖြတ်သန်းခဲ့ပါလိမ့်’ လို့တောင်တွေးမိတယ်။ အဲ့ဒီလောက်ထိအောင်မြင်သွားလိမ့်မယ်လို့လည်းမထင်ထားမိဘူးလေ။ ပြည်ပနိုင်ငံတွေက အဲ့ဒီခေတ်အခါက မြန်မာနိုင်ငံဟာတင်းကျပ်မှုတွေအရမ်းများတယ်လို့ထင်လေ့ရှိကြတယ်။ ဒါပေမယ့်ပျော်ပွဲရွှင်ပွဲ စတိတ်ရှိုးပွဲတွေနဲ့ပတ်သက်ရင်တော့ အဲ့လောက်မတင်းကျပ်ပါဘူး။

“အောင်မြင်မှုအတိုင်းအတာတခုထိရလာပေမယ့်ကိုယ့်ကိုယ်ကိုယ်နာမည်ကြီးတယောက်လို့မခံယူခဲ့ဘူး။ သူလိုကိုယ်လိုပဲလွတ်လွတ်လပ်လပ်သွားလာနေထိုင်ခဲ့တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်နာမည်ကြီးဆိုပြီး ဘဝင်မြင့်နေရင်တော့မှားမယ်။”
လမ်းလျှောက်သွားရင်ကိုယ့်ကိုတွေ့တဲ့သူတိုင်းကသတိထားမိလို့ကြည့်ကြတာကိုဘယ်လိုခံစားရလဲ မေးကြည့်တော့ ကိုညီထွဋ်ကအားရပါးရပြုံးလိုက်ပြီး “အဲ့ဒီလိုပြည်သူကြားထဲသွားလာနေထိုင်ရတာကို သဘောကျတယ်” လို့ပြန်ဖြေပါတယ်။
ကိုညီထွဋ်ဟာအနောက်တိုင်းကရော့ခ်အဆိုတော်တွေမှာဖြစ်လေ့ရှိတဲ့လူမှုရေးပြဿနာမျိုးတွေနဲ့ သူ့အလုပ်ကိုအထိခိုက်မခံခဲ့ဘဲ ယုံကြည်ရာကိုလုပ်ကိုင်ရင်းတစိုက်မက်မက်ကြိုးစားခဲ့သူပါ။ ဒါကြောင့်လည်း အခုချိန်ထိအောင်မြင်မှုကိုထိန်းထားနိုင်ပုံပါပဲ။
“တခါတလေကျရင်ပရိသတ်အကြိုက်နဲ့ကိုယ့်အကြိုက်မတူတာမျိုးတော့ဖြစ်တတ်တယ်။ တချို့စတိတ်ရှိုးတွေမှာ ကိုယ်သိပ်အားမရခဲ့တဲ့သီချင်းတွေကိုမှပရိသတ်ကအရမ်းကြိုက်လို့ထပ်ခါထပ်ခါတောင်းဆိုတာမျိုးလည်း ကြုံဖူးတယ်။ ၁၉၉၄ခုနှစ်မှာမန္တလေးကအဆိုတော်တယောက်အတွက် အယ်လ်ဘမ်တချပ်စာသီချင်းရေးပေးခဲ့ဖူးတယ်။ ကိုယ်ကသူ့အတွက်အဆိုလမ်းညွှန်ပေးတဲ့အနေနဲ့ စတူဒီယိုထဲမှာအသံသွင်းပေးထားတယ်။ အဲ့ဒီမှာသူကရုတ်တရတ်ဆုံးပါးသွားတော့အဲ့ဒီအခွေကကိုယ်တို့ဆီမှာ ကျန်နေရော။ သီချင်းတွေအားလုံးကကိုယ့်ကီးနဲ့မကိုက်ပေမယ့် တီးဝိုင်းအဖွဲ့ဝင်တွေကသဘောကျတယ် အခွေထုတ်ဆိုလို့ ထုတ်လိုက်တာအရမ်းအောင်မြင်သွားပါလေရော။ ဆိုင်တွေဆိုရောင်းလို့တောင်မနိုင်ဘူး။ Iron Cross နဲ့တွဲပြီးနယ်လှည့်ဖျော်ဖြေတော့လည်းအဲ့ဒီသီချင်းတွေနဲ့ဖျော်ဖြေခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းထုတ်တဲ့ အခွေတွေမှာကိုယ့်ပုံစံအတိုင်းဆိုလို့လားမသိ၊ အဲ့ဒီခွေလောက်မအောင်မြင်ကြဘူး။”
Emperor ရဲ့အောင်မြင်မှုကတော့သူ့အစ်ကိုကြောင့်လို့ကိုညီထွဋ်ကပြောပါတယ်။
“သူနဲ့ကိုယ်ကခွဲမရဘူးဗျ။ ကိုယ်ကစာသားတချို့ပေးလိုက်ရင်သူကသံစဉ်ရှာပေးတယ်။ အလုပ်ကိစ္စတွေပြီးသွားရင်တော့မိသားစုကိုအချိန်ပေးပါတယ်။ အတူတူသောက်ကြစားကြတဲ့အချိန်မျိုးမှာလည်း အလုပ်ကိစ္စကိုမဆွေးနွေးဘူး။ ပြီးတော့တခြား project တွေလည်းရှိသေးတယ်လေ။ ကိုယ်ကစတူဒီယိုထဲမဟုတ်ဘဲအပြင်မှာသီချင်းအလွတ်ဆိုရတာကိုလည်းကြိုက်တယ်။ Gulliver’s by Inya Lake မှာနယ်ပယ်အသီးသီးကကိုယ်သဘောကျတဲ့အဆိုတော်တွေ၊ ဂီတပညာရှင်တွေနဲ့ဆိုလေ့ရှိတယ်။ ၉မိုင်ကစတူဒီယိုမှာလည်း အသံသွင်းလေ့ရှိပါတယ်။”

မျက်မှောက်ခေတ်ဂီတရပ်ဝန်းနဲ့ပတ်သက်ပြီးမေးကြည့်တော့အခုလိုပြန်ဖြေတယ် – “ရန်ကုန်ဂီတလောကဟာ အရင်ကထက်တီထွင်ဖန်တီးမှုပိုင်းအားကောင်းလာတယ်။ တချိန်ကကိုယ်တို့ကော်ပီသီချင်းတွေ အများကြီးဆိုခဲ့တယ်။ အခုခေတ်လူငယ်တွေကတော့ ကိုယ်ပိုင်သံစဉ်တွေနဲ့ပွဲထွက်လာကြတယ်။ ဒါကအလှည့်အပြောင်းတခုပဲဗျ။ သူတို့တွေကအရင်ဂီတပုံစံတွေကိုငြီးငွေ့လာကြပြီး ကိုယ်ပိုင်ဖန်တီးမှုတွေလုပ်လာကြတယ်။ တခုရှိတာကလူငယ်တော်တော်များများ အရင်ကလောက် ဂီတအပေါ်ရူးသွပ်မှုမရှိကြတော့ဘူး။ Beatles တို့လိုဂန္ထဝင်တီးဝိုင်းတွေကိုလေ့လာပြီး ပညာယူကြတာမျိုးမလုပ်ကြဘူး။ ကိုယ့်ကိုယ်ကိုယ်တော့အရမ်းဂရုစိုက်လာကြပေမယ့် ရူးသွပ်မှုတော့မရှိကြတော့တာသတိထားမိတယ်။”
ကမ္ဘာ့ဂီတရေစီးကြောင်းနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ် “သီချင်းခွေရောင်းပြီးစီးပွားရှာတဲ့ခေတ်ကကျန်ခဲ့ပါပြီ။ အခုခေတ်မှာရှိုးပွဲတွေဆိုမှရပ်တည်လို့ရမယ်။ ရှိုးပွဲတွေကလည်းများသောအားဖြင့်အခမဲ့ပွဲတွေပါ။ လုပ်ငန်းရှင်တွေစပွန်ဆာပေးလို့လုပ်တဲ့ပွဲတွေပေါ့။ Online ကနေထုတ်လွှင့်တာမျိုးနဲ့ပိုက်ဆံရှာချင်ရင်တော့ အရမ်းလူကြိုက်များမှရမယ်။ ဒီမှာသိပ်များများစားစားမတွေ့ရသေးဘူး။ ရေပန်းစားနေတဲ့ပုံစံတွေပဲလုပ်နေရုံနဲ့ မရတော့ဘူး။ အသစ်အဆန်းဖန်တီးမှရတော့မယ်။ Idiots နဲ့ Wanted တို့လိုအစဉ်အလာကဖောက်ထွက်တဲ့တီးဝိုင်းတွေကိုလည်းတွေ့လာရတယ်။ အရည်အချင်းရှိတဲ့အဆိုတော်တွေလည်းအများကြီးပေါ်လာပါတယ်။ ဒါပေမယ့်အများစုက မိန်းကလေးကြိုက်တွေဆိုနေကြတယ်။ တခုကောင်းတာက မြန်မာနိုင်ငံမှာကိုယ့်ကိုယ်ကိုယ်သင်ယူလေ့လာတဲ့ အလေ့အထအားကောင်းနေသေးတာပဲ။”
မြန်မာနိုင်ငံမှာအထင်ရှားဆုံးရော့ခ်စတားကဘယ်သူလို့ထင်လဲလို့မေးကြည့်တဲ့အခါမှာတော့ မဆိုင်းမတွဘဲပြန်ဖြေပါတယ် – “ပလေးဘွိုင်းသန်းနိုင်ပေါ့ဗျာ။ သူကမြန်မာနိုင်ငံရဲ့ Ozzy Osbourne ပဲ။ အခုအသက် ၇၀အရွယ်မှာတောင်လန်းနေတုန်းပဲ။”
Covid-19 ကဖန်တီးသောအပြောင်းအလဲများ
ကျနော်တို့ဟာအရက်ခွက်ကိုယ်စီကိုင်ရင်း Covid-19 ကြောင့်ပြောင်းလဲလာတဲ့လူနေမှုစနစ်အကြောင်းကိုလည်း ဆွေးနွေးဖြစ်ကြပါတယ်။
“ကိုယ်တို့ရဲ့ဖျော်ဖြေပွဲတွေအားလုံးဖျက်သိမ်းလိုက်ရပါတယ်။ ပုံမှန်အားဖြင့်တော့ကိုယ်တို့မြန်မာလူမျိုးတွေဟာ ရောဂါဘယတွေကိုသိပ်မကြောက်ကြပါဘူး။ ကိုယ်တို့လူမျိုးကမာတယ်။ မြစ်ရေလည်းသောက်ရင်သောက်တာပဲ။ [Covid-19 ကြောင့်သေဖို့ထက်] အရက်သောက်လို့အသည်းရောဂါဖြစ်ပြီးသေဖို့ကပိုများတယ်” လို့ကိုညီထွဋ်ကလျှာထုတ်ပြီးရယ်ရင်းပြောပါတယ်။
ကိုညီထွဋ်ဟာ အခွေသစ်အတွက် သီချင်း ၃ပုဒ်သွင်းဖို့ပြင်ဆင်ရင်း၊ FM Bagan ရေဒီယိုလိုင်းကိုစီမံရင်း၊ မြေးလေးတွေထိန်းရင်း အားလပ်ချိန်တွေမှာပန်းချီဆွဲလေ့ရှိပါတယ်။
“ကိုယ်ကငယ်ငယ်လေးကတည်းကပန်းချီဆွဲဝါသနာပါတယ်။ Impressionism ကိုနှစ်သက်တယ်။ Van Goghs တို့ Monets တို့ရဲ့လက်ရာတွေကိုကူးယူရေးဆွဲပြီးစိတ်အပန်းဖြေပါတယ်။ Iron Maiden တို့ Dio တို့လိုတီးဝိုင်းတွေရဲ့အခွေမျက်နှာဖုံးတွေကိုကူးဆွဲရတာလည်းကြိုက်တယ်။ ကိုယ့်အတွက်တော့ပန်းချီဆွဲတယ်ဆိုတာ တရားထိုင်တာပဲ။ ကိုယ့်လက်ရာတွေကိုရောင်းလေ့မရှိပါဘူး။ ခင်တဲ့သူတွေကိုလက်ဆောင်ပေးတယ်။”
မင်၊ ရေဆေးတို့နဲ့ဆွဲထားတဲ့ပုဂံမြို့ပန်းချီကားကိုပြတယ်။ Iron Maiden ရဲ့ ၁၉၈၀ခုနှစ်ထုတ် Run To The Hills သီချင်းခွေမျက်နှာဖုံးကိုဆွဲထားတဲ့ပန်းချီကိုလည်းပြပါသေးတယ်။
ကျနော်တို့သောက်နေတဲ့အရက်တွေအကြောင်းမေးကြည့်တဲ့အခါမှာတော့ ကိုညီထွဋ်က “ကိုယ့်အရွယ်က single malt သောက်ရတဲ့အရွယ်လေ။ Ballantine’s တို့ Macallan တို့ပေါ့။ ကိုယ်စုထားတဲ့ဝီစကီတွေဘားအနောက်မှာရှိတယ်။”
Sam Foot ရေးသားသော Zaw Win Htut: Rock of Ages ဆောင်းပါးအားမြန်မာဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ အင်တာဗျူးအားဖေဖော်ဝါရီလကပြုလုပ်ထားခြင်းဖြစ်ပြီး ဓာတ်ပုံများအား ဇွဲဝင့်ထက်မှရိုက်ကူးပေးထားပါသည်။