ဒီပုံကိုအမှတ်တမဲ့ကြည့်လိုက်ရင်ရုပ်ပြစာအုပ်တခုလားလို့ထင်မှတ်မှားစရာပါပဲ။ တကယ်တော့ဒီပုံဟာ မန္တလေးက Where am I? ဆိုတဲ့ bubble tea ဆိုင်လေးရဲ့အတွင်းပိုင်းအပြင်အဆင်ဖြစ်ပါတယ်။ Facebook မှာဒီဆိုင်လေးရဲ့ပုံတွေတက်လာတော့ ကြမ်းခင်းနဲ့နံရံအပါအဝင် တဆိုင်လုံးကိုရုပ်ပြစာအုပ်လေးတအုပ်နဲ့တူအောင် ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကိုနိုင်မျိုးဝေအကြောင်း Myanmore+ ပရိသတ်ကြီးကိုပြောပြချင်လာတယ်။

တကယ်တော့ကိုနိုင်မျိုးဝေဟာ အသက် ၁၀နှစ်လောက်ကတည်းကပန်းချီအနုပညာနဲ့ရင်းနှီးခဲ့တာပါ။ ပန်းချီလောကထဲစတင်ဝင်ရောက်ခါစကတော့ realism (သဘာဝရှုခင်း) ပန်းချီတွေကိုပဲရေးဆွဲဖြစ်ခဲ့ပေမယ့် စီးပွားရေးအရလုပ်ငန်းရှင်တွေရဲ့ဆိုင်းဘုတ်တွေရေးဆွဲတဲ့နေရာမှာ သုံးဘက်မြင်ဖန်တီးမှုတွေစတင်ဖန်တီးဖြစ်ခဲ့ကြောင်း သူကဆိုပါတယ်။
“Spray gun (ဆေးမှုတ်ကိရိယာ) နဲ့ဖောင်းကြွဆိုင်းဘုတ်တွေလုပ်ခဲ့တာပေါ့ဗျာ။ အဲ့ဒီနောက်ပိုင်းမှာ 3D နဲ့နီးစပ်သွားတာပါ။”
မန္တလေးမှာနေထိုင်တဲ့ကိုနိုင်မျိုးဝေရဲ့လက်ဦးဆရာကတော့ ပန်းချီဆရာဦးတိုင်းကျော်ဖြစ်ပြီး 3D ပန်းချီရေးဆွဲနည်းကိုတော့ online ကနေ လေ့လာသင်ကြားခဲ့တယ်လို့ဆိုပါတယ်။
3D ပန်းချီနဲ့ရိုးရိုးပန်းချီကြားကွာခြားမှုတွေနဲ့ပတ်သက်ပြီး သူကအခုလိုပြောပါတယ်။ “3D ပန်းချီတွေကျတော့ တချို့ဒီအတိုင်းကြည့်ရင်သိပ်မထင်ရှားဘဲ ရှုထောင့်တခုကကြည့်မှ၊ ဓာတ်ပုံထဲမှာကြည့်မှ ထင်ထင်ရှားရှားမြင်ရတယ်။ အဲ့ဒါလေးတွေတွက်ချက်ပြီးရေးရပါတယ်။ အနီးအဝေး concept (သဘောတရား) ကိုမှန်းဆတတ်ဖို့တော့လိုတာပေါ့။”
လတ်တလောမှာတော့ပုံတူပန်းချီ၊ ဆီဆေးပန်းချီတွေအပြင် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအပ်နှံတဲ့ သုံးဘက်မြင်ပန်းချီတွေကိုလည်းရေးဆွဲလျက်ရှိပါတယ်။ အလုပ်လက်ခံရင်တော့ အလုပ်အပ်တဲ့သူလိုချင်တဲ့ပုံစံနဲ့ သူ့စိတ်ကူးထဲကအတွေးကိုညှိနှိုင်းတိုင်ပင်ပြီးရေးဆွဲလေ့ရှိကြောင်းပြောပါတယ်။
ကိုနိုင်မျိုးဝေရဲ့လက်ရာတွေကိုတော့မြို့မသင်္ကြန်အလှပြယာဉ်၊ ရန်ကုန်တိရစ္ဆာန်ရုံကပန်းချီကားတွေနဲ့ သေမင်းတမန်ရထားလမ်းကနံရံပန်းချီတွေမှာမြင်တွေ့နိုင်ပါတယ်။
ကိုနိုင်မျိုးဝေဟာ ပန်းချီဝါသနာပါသူတွေအနေနဲ့လည်းသိချင်တာရှိရင် Facebook ကတဆင့် အချိန်မရွေးလာမေးလို့ရကြောင်း၊ တတ်နိုင်သလောက်ဖြေပေးမှာဖြစ်ကြောင်းပြောပါသေးတယ်။
ကိုနိုင်မျိုးဝေရဲ့ Facebook စာမျက်နှာကနေလက်ရာကောင်းတချို့ကိုဖော်ပြထားပါတယ်။ ဒီထက်ပိုကြည့်ချင်ရင်တော့သူ့ account (Art Naing Myo Wae) ကို follow လုပ်ထားနိုင်ပါတယ်။