၁၅နှစ်ကြာတဲ့အထိပရိသတ်လက်ခံအားပေးမှုရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ Supernatural ဟာဒီနှစ်ဆိုရင် ဇာတ်သိမ်းတော့မှာပါ။ ဒါကြောင့် ကျနော်တို့နဲ့အတူ ၁၅နှစ်လုံးလုံးရှိခဲ့တဲ့ Winchester ညီနောင်ကို လူတိုင်းအနည်းနဲ့အများတော့အောက်မေ့သတိရနေလိမ့်မယ်ထင်ပါတယ်။ Winchester ညီနောင်ထဲကအကြီးဖြစ်တဲ့ Dean ကိုကျနော်တို့ရင်းရင်းနှီးနှီးသိကြပေမယ့် သူ့နေရာမှာသရုပ်ဆောင်တဲ့ မင်းသား Jensen Ackles အကြောင်းကိုကျနော်တို့ဘယ်လောက်သိကြပါသလဲ။
၁၉၇၈ခုနှစ် မတ်လ ၁ရက်နေ့ Texas မှာမွေးဖွားခဲ့တဲ့ Ackles မှာမွေးချင်း ၃ယောက်ရှိပြီးသူကအလတ်ပါ။ အဖေဖြစ်သူ Alan ကတော့သူ့လိုပဲသရုပ်ဆောင်တဦးဖြစ်ပါတယ်။ သူဟာအင်္ဂလိပ်၊ အိုင်းရစ်ရှ်နဲ့ ဂျာမန်သွေးနှောသူပါ။

Ackles ဟာအသက် ၄နှစ်အရွယ်ကတည်းကမော်ဒယ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၉၆ခုနှစ်မှာတော့သရုပ်ဆောင်အလုပ်ကိုပဲဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ အရပ် ၆ပေ ၁လက်မ၊ ခန့်ငြားတဲ့ရုပ်ရည်နဲ့မျက်လုံးစိမ်းတွေပိုင်ရှင် Ackles ဟာငယ်ငယ်ကတော်တော်ရည်းစားများခဲ့တယ်။ ၁၉၉၈ခုနှစ်မှာ အဆိုတော် Jessica Simpson နဲ့တွဲခဲ့ဖူးပြီး သူနဲ့တွဲနေရင်း ကျေးလတ်အဆိုတော် LeAnn Rimes နဲ့ဖောက်ပြန်ပါတယ်လို့ Simpson ကစွပ်စွဲခဲ့ဖူးပါတယ်။
အခုတော့လည်း One Tree Hill ထဲကမင်းသမီး Daneel Harris နဲ့ပျော်စရာမိသားစုလေးပိုင်ဆိုင်ထားပါပြီ။ အိမ်ထောင်သက် ၁၀နှစ်ရှိပြီဖြစ်ပြီး ကလေး ၃ယောက်ရှိပါတယ်။ အငယ်ကလေး ၂ယောက်က အမြွှာလေးတွေပါ။

သရုပ်ဆောင်ပိုင်းမှာတော့ Ackles ဟာ Days of Our Lives ဆိုတဲ့ဇာတ်လမ်းတွဲမှာ Eric Brady အဖြစ် ၃နှစ်ခန့် (၁၉၉၇-၂၀၀၀) သရုပ်ဆောင်ခဲ့ဖူးတယ်။ Smallville မှာ Clark Kent နေရာကပါဝင်ခွင့်ရဖို့လျှောက်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ Season 4 မှာ Jason Teague ဆိုတဲ့ villain နေရာကပဲသရုပ်ဆောင်ခွင့်ရခဲ့တယ်။
၂၀၀၁ ခုနှစ်မှာ James Cameron ရဲ့ Dark Angel ဆိုတဲ့ဇာတ်လမ်းတွဲမှာ Jessica Alba နဲ့မောင်နှမအဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် အဲ့ဒီဇာတ်လမ်းတွဲဟာပရိသတ်အားပေးမှုလျော့ကျသွားတာကြောင့် ထုတ်လုပ်ရေးကုမဏီ Fox က Season 2 အပြီးမှာဖျက်သိမ်းလိုက်ပါတယ်။
ရုပ်ရှင်အပိုင်းမှာဆိုရင် ၂၀၀၈ခုနှစ်ထုတ် My Bloody Valentine 3D မှာအဓိကဇာတ်ကောင်နေရာက ပါဝင်ခွင့်ရခဲ့တယ်။ ၂၀၁၀ခုနှစ်မှာတော့ Batman: Under the Red Hood မှာ Jason Todd (Red Hood) နေရာကအသံသရုပ်ဆောင်ခဲ့ပါတယ်။
Supernatural ကတော့သူ့ကိုကမ္ဘာတဝှမ်းကျော်ကြားစေခဲ့တဲ့ဇာတ်လမ်းတွဲလို့ပြောရမယ်ထင်တယ်။ ၂၀၀၅ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ဒီဇာတ်လမ်းတွဲဟာ CW channel ရဲ့အရှည်ဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့အမှတ်တရတခုက Ackles ဟာ Sam Winchester နေရာမှာသရုပ်ဆောင်ဖို့လျှောက်ခဲ့တာဖြစ်ပြီး Jared Padalecki ကတော့ Dean နေရာအတွက်လျှောက်ခဲ့တာပါ။ CW က သူတို့ ၂ယောက်လုံးကိုရွေးခဲ့ပေမယ့် role တွေကိုတော့ပြောင်းလိုက်တယ်။ ကျနော်ကတော့ Ackles ကိုညီဖြစ်သူ Sam နေရာကကြည့်ရရင် ဘယ်လိုနေမလဲလို့ခဏခဏတွေးမိပါတယ်။

Ackles နဲ့ Padalecki တို့ ၂ယောက်ဟာအပြင်မှာလည်းအရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားကြပါပြီ။ Ackles က သူတို့ ၂ယောက်ဟာအပြင်မှာလည်းညီအစ်ကိုတွေလိုပါပဲလို့ပြောဖူးပါတယ်။ တကယ်လည်းသူတို့ ၂ယောက်ဟာအပြင်မှာပွဲတက်ရင်ဝတ်စုံဆင်တူနီးပါးဝတ်ကြတယ်။ တနှစ်တည်းမှာပဲမင်္ဂလာဆောင်ကြပြီး သတို့သားအရန်အဖြစ်အပြန်အလှန်လုပ်ခဲ့ကြပါတယ်။
CW Television Critics Association panel မှာ Supernatural ပြီးသွားတဲ့အခါဘာလုပ်မလဲ ဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး အခုလိုပြောဖူးပါတယ် “ကျနော်ကတော့ခဏအနားယူမယ်စိတ်ကူးပေမယ့် ကျနော့်အမျိုးသမီးကတော့အလုပ်ဆက်လုပ်စေချင်တယ်ဗျ။”
Ackles ဟာ Supernatural episode တချို့ကိုဒါရိုက်တာအဖြစ်ရိုက်ကူးဖူးတဲ့အတွက် ဒါရိုက်တာအလုပ်ပြောင်းလုပ်ရင်လည်းလုပ်နိုင်ပါတယ်။ သူ့သူငယ်ချင်းအဆိုတော် Steve Carlson နဲ့လည်း သီချင်းတွေဆိုဖူးပါတယ်။ လတ်တလောမှာတော့သူနဲ့သူ့ဆွေမျိုးတွေအတူတူပိုင်တဲ့ Family Business ဆိုတဲ့ဘီယာလုပ်ငန်းကိုစီမံလျက်ရှိပါတယ်။
Supernatural ပြီးသွားပေမယ့် ၉၀ခုနှစ်ဖွားတွေနဲ့အတူတူကြီးပြင်းခဲ့ရတဲ့ Dean နဲ့ Sam ကတော့ ကျနော်တို့ရဲ့နှလုံးသားထဲမှာအမြဲရှိနေမှာပါ။
Keep calm and carry on…