Advertisement

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာဗြောက်အိုးထည့်ထားတဲ့နာနတ်သီးစားမိလို့ ဇီးနဲ့ဆင်မလေးတကောင်သေဆုံးသွားရတဲ့အကြောင်းစာဖတ်ပရိသတ်တော်တော်များများ social media ပေါ်မှာတွေ့မိပါလိမ့်မယ်။ ဒီဆင်မလေးကိုဘယ်သူကနာနတ်သီးကျွေးလိုက်တာလဲ။ တရားခံတွေကိုဘယ်လိုစုံစမ်းဖော်ထုတ်နေလဲ။

မေလ ၂၇ရက်နေ့မှာ ကီရာလာပြည်နယ် ဗယ်လိယာမြစ် (Velliyar River) ထဲဆင်တကောင်ရပ်လျက်သေဆုံးနေတာကိုဒေသခံတွေတွေ့ရှိခဲ့ပါတယ်။ တာဝန်ရှိသူတွေကဆက်လက်စုံစမ်းကြည့်တော့ ဒီဆင်မလေးဟာ Silent Valley အမျိုးသားဥယျာဉ် အနီးတဝိုက်မှာဆောက်တည်ရာမရပြေးလွှားရင်းအော်ဟစ်မြည်တမ်းနေတာ ရက် ၂၀လောက်ရှိပြီလို့ဒေသခံတွေကပြောပါတယ်။

ဆင်မလေးရဲ့အလောင်းကိုစစ်ဆေးကြည့်တော့အာခံတွင်းမှာအပူလောင်သလိုဒဏ်ရာတွေတွေ့တဲ့အတွက် ဗြောက်အိုးထည့်ထားတဲ့နာနတ်သီးစားမိတာဖြစ်နိုင်ကြောင်း ဇွန်လ ၂ရက်နေ့မှာရင်ကွဲရုံကကြေညာပါတယ်။ ပါးစပ်ထဲကဒဏ်ရာတွေကြောင့်အစားမစားနိုင်ဘဲကာလရှည်ကြာနေရတဲ့အတွက် အစာငတ်သေဆုံးတယ်လို့ ကောက်ချက်ချထားတာတွေ့ရတယ်။ ဆင်မလေးကိုဘယ်သူကဗြောက်အိုးသွပ်ထားတဲ့နာနတ်သီးကျွေးလိုက်တာလဲ။

Mohan Krishnan/Facebook

တကယ်တော့ Silent Valley အနီးတဝိုက်ကရွာတွေမှာစိုက်ခင်းတွေထဲဝင်မွှေတတ်တဲ့တောဝက်တွေကိုနှိမ်နင်းဖို့ ရွာနီးချုပ်စပ်ကတောအုပ်နားမှာဗြောက်အိုးထည့်ထားတဲ့သစ်သီးတွေချကျွေးလေ့ရှိတာထုံးစံလိုဖြစ်နေပါပြီ။ ဒီဆင်မလေးဟာလူတော်တော်ယဉ်နေပြီးအရင်ကလည်းလူတွေပစ်ကျွေးတဲ့အသီးတွေကိုစားသုံးလေ့ရှိတယ်။ ဒီယုံကြည်မှုကြောင့်ပဲသူမနဲ့ဝမ်းဗိုက်ထဲကသန္ဒေသားလေးအသက်ပေးလိုက်ရပါတယ်။

ရွာသားတွေထောင်ချောက်ဆင်ထားတဲ့နာနတ်သီးကို မေလဆန်းလောက်ကစားထားတာဖြစ်နိုင်ကြောင်း ဒေသခံရဲတွေကမီဒီယာကိုပြောပါတယ်။ ဆင်မလေးဟာဒဏ်ရာအနာတရနဲ့ပြေးလွှားနေတဲ့အချိန်မှာတောင် ရွာသားတွေကိုရန်မပြုခဲ့ဘူး။ ဆင်မလေးကြောင့်အိမ်တလုံး၊ လယ်တကွက်တောင်မှမပျက်စီးခဲ့ပါဘူး။ သေခါနီးဆဲဆဲဆင်မလေးဟာဒဏ်ရာတွေသက်သာရာရဖို့မြစ်ထဲဆင်းပြီးခံတွင်းကိုအအေးခံနေခဲ့ပုံရပါတယ်။

လတ်တလောမှာတရားခံကိုတိရစ္ဆာန်ညှင်းပန်းသတ်ဖြတ်မှုနဲ့ဖမ်းဖို့လိုက်ရှာနေတယ်လို့သိရတယ်။ Kerala Forest Department ကပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ သူ့လုပ်သက် နှစ် ၂၀အတွင်းမှာ ဒီလိုအဖြစ်မျိုးတွေ့တာ ၃ကြိမ်ရှိပြီဖြစ်ကြောင်းပြောတယ်။

Silent Valley ကတောခေါင်းတယောက်ဖြစ်တဲ့ Mohan Krishnan က သူကိုယ်တိုင်ရိုက်ထားတဲ့ဆင်မလေးရဲ့ပုံတွေကို Facebook တင်ပြီးပို့စ်ရေးခဲ့ရာကနေအခုတော့တကမ္ဘာလုံးက သတိထားမိသွားခဲ့ပါပြီ။ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုအတွက်ပြင်းထန်တဲ့ဥပဒေတွေချမှတ်ဖို့၊ ရွာသူရွာသားတွေကိုအသိပညာပေးဖို့တောင်းဆိုသူတွေလည်းအများအပြားရှိလာပါတယ်။

အေးချမ်းတဲ့ဘုံဘဝမှာအနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဆင်မလေးရယ်…။

Ref: SkyNews, NDTV, Metro
Photos: Mohan Krishnan/Facebook

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here