Advertisement

A Street Cat Named Bob ဆိုပြီးကမ္ဘာတဝှမ်းလူသိများတဲ့ကြောင်လေး Bob ဟာဇွန်လ ၁၅ရက်နေ့က ဆုံးပါးသွားခဲ့ပါပြီ။ Bob လေးဟာကွယ်လွန်ချိန်မှာအသက် ၁၄နှစ်ရှိပြီမို့ ကြောင်တကောင်အတွက်တော့သက်တမ်းစေ့နေထိုင်သွားခဲ့တယ်လို့ဆိုရမှာပါ။

၂၀၀၇ခုနှစ်က James Bowen ဟာလန်ဒန်မှာ ဒဏ်ရာတွေနဲ့ Bob ကိုရှာတွေ့ခဲ့ပါတယ်။ ဆေးဖြတ်ဖို့ကြိုးစားနေတဲ့ James ဟာ Bob ကိုစောင့်ရှောက်ထားရင်း ၂ယောက်သားလန်ဒန်ရဲ့လမ်းတွေပေါ်မှာ သီချင်းဆိုပြီးပိုက်ဆံတောင်းရင်း The Big Issue သတင်းစာရောင်းရင်း ဘဝကိုအတူတူဖြတ်သန်းခဲ့ကြတယ်။

၂၀၁၂ခုနှစ်မှာ Hodder & Stoughton စာအုပ်တိုက်က James ရေးသားတဲ့ A Street Cat Named Bob ဆိုတဲ့စာအုပ်ကိုဖြန့်ချီခဲ့ပါတယ်။ လမ်းဘေးကြောင်လေးတကောင်ကြောင့် ဘဝအဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းရေးထားတဲ့ဒီစာအုပ်ကို စာဖတ်သူတွေကအရမ်းသဘောကျခဲ့တယ်။ အဲ့ဒီနောက်မှာ The World According to Bob, A Gift from Bob, The Little Book of Bob ဆိုတဲ့အခန်းဆက်စာအုပ်တွေထွက်ရှိခဲ့ပြီး ဒီစာအုပ်တွေဟာတကမ္ဘာလုံး အုပ်ရေ ၈သန်းကျော်ရောင်းချခဲ့ရပြီး ဘာသာစကား ၄၀သို့ပြန်ဆိုထုတ်ဝေခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာ မင်းသား Luke Treadway နဲ့ Bob ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ A Street Cat Named Bob ရုပ်ရှင်ထွက်ရှိခဲ့ပါတယ်။ ရုပ်ရှင်ကလည်းပရိသတ်အားပေးမှုရခဲ့တာမို့ ဒီနှစ်ကုန်လောက်မှာ A Gift from Bob ဆိုတဲ့အခန်းဆက်ရုပ်ရှင်ထွက်လာဦးမှာပါ။ ဒီကားကတော့ Bob ကိုနောက်ဆုံးတွေ့ရမယ့်ရုပ်ရှင်လည်းဖြစ်ပါတယ်။

”Bob ကကျနော့်ဘဝကိုကယ်တင်ခဲ့တာပါ။ သူကသူငယ်ချင်းတယောက်ဆိုတာထက်ပိုတယ်။ သူ့ကြောင့်ဘဝရဲ့အဓိပ္ပါယ်ကိုပြန်ရှာတွေ့ခဲ့တယ်။ ကျနော်တို့ ၂ယောက်အတူတူရရှိခဲ့တဲ့အောင်မြင်မှုတွေက တကယ့်ကိုအံ့သြစရာပါပဲ။ ကျနော့်စာအုပ်တွေကနေတဆင့်
ကမ္ဘာတဝှမ်းကလူသားတွေဟာ သူနဲ့ရင်းနှီးခဲ့ကြတယ်။ Bob လိုကြောင်လေးတကောင်ထပ်တွေ့ဖို့မဖြစ်နိုင်ပါဘူး။ သူ့ကိုကျနော်ဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူးဗျာ” လို့ James ကသူ့ Facebook Page မှာရေးသားခဲ့ပါတယ်။

သက်တန့်တံတားအလွန်ကငြိမ်းချမ်းရာဘုံမှာအနားယူနိုင်ပါစေ Bob ရေ…။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here