FX channel ရဲ့ American Horror Story ဟာစထွက်တဲ့အချိန်ကတည်းကအခုအထိ ပရိသတ်အားပေးမှုရခဲ့တဲ့ TV show တခုပါ။ Season တခုနဲ့တခုအချိတ်အဆက်မရှိတဲ့ anthology series ပုံစံဖြစ်ပြီး season တခုစီမှာလူတွေရဲ့အကြောက်တရားနဲ့ အယူသည်းမှုအမျိုးမျိုးကိုတင်ဆက်ထားတယ်။ ၁၀နှစ်နီးပါးအောင်မြင်မှုရခဲ့တယ်ဆိုပေမယ့်လည်း season တိုင်းကောင်းနေတာမျိုးတော့မဟုတ်ပါဘူး။ အတက်အကျတွေအမျိုးမျိုးတွေ့ခဲ့တဲ့ AHS ရဲ့ season ၉ခုကိုအညံ့ဆုံး season ကနေ အကောင်းဆုံး season အထိအကဲဖြတ်ထားပါတယ်။ Spoiler free ပါ။ Season 10 နဲ့ပတ်သက်ပြီးသိရသမျှကိုလည်း ပြောပြထားတာမို့ အဆုံးထိဖတ်ကြည့်နော်။
9Season 7: Cult (2017)

ဝေဖန်ရေးသမားတွေရော၊ ပရိသတ်တွေရော အကြိုက်မတွေ့ခဲ့တဲ့ season ပါ။ ၂၀၁၆ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရသွားခဲ့ပြီးနောက်ပိုင်းဖြစ်လာနိုင်တဲ့ နိုင်ငံရေးလူမှုရေးပြဿနာတွေကိုခြောက်ခြားဖွယ်ကောင်းအောင်စိတ်ကူးယဉ်ပြီးပုံဖော်ထားတယ်။ အမေရိကမှာတကယ်ရှိခဲ့တဲ့အစွန်းရောက်ဂိုဏ်းတွေအကြောင်း၊ လူတွေမှာရှိတတ်တဲ့ phobia တွေအကြောင်း၊ နိုင်ငံရေးအကြောင်း စသဖြင့်အကြောင်းအရာတွေအများကြီးကိုဆွေးနွေးထားပါတယ်။ (ဥပမာ အခု poster မှာမြင်ရတဲ့လျှာကြီးဟာ အပေါက်သေးသေးလေးတွေစုပြုံနေတာကိုမြင်ရင်ဖြစ်လေ့ရှိတဲ့ကြောက်စိတ် Trypophobia ရှိတဲ့သူတွေကိုခြောက်လှန့်ထားတာပါ။)
ဒါပေမယ့်ပြောချင်တာတွေအရမ်းများသွားတော့ဇာတ်လမ်းကဟုန်နေပြီး ဘာကိုမှအာရုံမစိုက်နိုင်တော့ဘူး။ နောက်ပြီးဇာတ်လမ်းတခုလုံးကို Sarah Paulson နဲ့ Evan Peters တို့အပေါ်မှီခိုပြီးတည်ဆောက်ထားတာကလည်း ငြီးငွေ့စရာကောင်းပါတယ်။ Peters တယောက်တည်း ဇာတ်ရုပ် ၇ရုပ်မှာသရုပ်ဆောင်ထားတယ်။ Cult ကမကြည့်ဘဲချန်ခဲ့လို့ရတဲ့ season ပါ။
MM+ Rating: 2/10
8Season 4: Freak Show (2014)

Cult လောက်မဆိုးပေမယ့်သိပ်အားရစရာမကောင်းလှတဲ့ season ပါ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်မှာဇာတ်အိမ်တည်ထားတယ်။ လူထူးဆန်းတွေကိုရုံသွင်းပြလေ့ရှိတဲ့ဆပ်ကပ်တွေရဲ့ နေဝင်ချိန်ကိုမြင်ရမယ်။
Freak Show ဟာလူတွေမှာရှိတဲ့သတ်ချင်ဖြတ်ချင်စိတ်ကိုအဓိကပြထားပြီး မကောင်းဆိုးဝါးအစစ်ကလူတွေပဲလို့ ပြောချင်ပုံရပါတယ်။ ဒါပေမယ့် ဇာတ်လမ်းတဝက်လောက်မှာတင်စိတ်လှုပ်ရှားစရာမကောင်းတော့သလို ကြောက်စရာလည်းမကောင်းတော့ပါဘူး။
MM+ Rating: 3/10
7Season 5: Hotel (2015)

Season 1 ကနေ 4 အထိအဓိကဇာတ်ကောင်တယောက်အဖြစ်ပါဝင်ခဲ့တဲ့ Jessica Lange မပါတော့ဘဲ Lady Gaga ကအဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတယ်။ ကျိန်စာသင့်နေတဲ့ Hotel Cortez မှာလာရောက်တည်းခိုသူတွေ၊ ဟိုတယ်ထဲမှာနှစ်ချို့အောင်ရှိနေတဲ့တစ္ဆေသရဲတွေအကြောင်း တင်ဆက်ထားပါတယ်။
Hotel ရဲ့အပြစ်ကဇာတ်ညွှန်းဆရာတွေအပျင်းကြီးတာပါပဲ။ ပရိသတ်တွေကိုခြောက်လှန့်ဖို့ သွေးသံရဲရဲပြကွက်တွေကိုသာအားပြုထားပြီး တီထွင်ဖန်တီးမှုမရှိဘူး။ လိင်ဆက်ဆံတဲ့ပြကွက်တွေကလည်း မလိုအပ်ဘဲဖောဖောသီသီပါနေတယ်။ Gaga ရဲ့ဇာတ်ကောင်က တခြားဇာတ်ကောင်တွေထက် ချွန်ထွက်နေပြီး ဇာတ်လမ်းကလည်းသူတယောက်တည်းကိုမှီခိုနေသလိုပါပဲ။ Gaga ဟာသူ့သရုပ်ဆောင်မှုကြောင့် Golden Globe ရသွားပေမယ့် ကျနော့်အမြင်မှာတော့ Lange ကိုမမီပါဘူး။
MM+ Rating: 3/10
6Season 3: Coven (2013)

အမေရိကရဲ့စုန်းဒဏ္ဍာရီတွေကိုအခြေခံထားတဲ့ဇာတ်လမ်းပါ။ Salem အဆက်အနွယ်စုန်းမတွေနဲ့ voodoo ပညာသည်တွေ၊ စုန်းမုဆိုးတွေကြားကအားပြိုင်မှုတွေ၊ Coven ထဲမှာဖြစ်နေတဲ့အာဏာလုပွဲတွေကိုတွေ့ရမယ်။
Horror ဆိုတာထက် supernatural fantasy ဘက်သွားတဲ့ဇာတ်လမ်းပါ။ အနောက်တိုင်းစုန်းကားကြည့်နေကျလူတွေအတွက်ကတော့ ဇာတ်လမ်းကသိပ်မထူးဆန်းလှဘူး။ ကြောက်စရာလည်းသိပ်မကောင်းပေမယ့် ဇာတ်ကတော့သွက်တယ်။ Pacing ကောင်းတယ်ပေါ့ဗျာ။ Jessica Lange, Francis Conroy, Angela Bassett နဲ့ Kathy Bates တို့လိုမင်းသမီးကြီးတွေရဲ့သရုပ်ဆောင်မှုကြောင့် ပျင်းတော့မပျင်းရပါဘူး။
MM+ Rating: 5/10
5Season 8: Apocalypse (2018)

Cult ကြောင့် rating တွေကျသွားတဲ့အတွက် Producer Ryan Murphy ကပရိသတ်တွေကိုချော့တဲ့အနေနဲ့ သူတို့အရမ်းမျှော်လင့်နေတဲ့ AHS crossover ကို Apocalypse မှာချပြလိုက်ပါတယ်။ Apocalypse က တကယ်လည်း entertaining ဖြစ်တယ်။
နူကလိယစစ်ပွဲကြောင့်ကမ္ဘာကြီးပျက်စီးသွားတဲ့အခါမှာ ငွေကြေးချမ်းသာသူတွေဟာမြေအောက် banker ကြီးတခုမှာနေကြရတယ်။ ဒါပေမယ့်ဒီစစ်ပွဲဟာသူတို့ထင်သလိုသွေးရိုးသားရိုးမဟုတ်ဘဲ နောက်ကွယ်မှာသဘာဝလွန်အကြောင်းကိစ္စတွေရှိနေတယ်ဆိုတာအချိန်လွန်မှသိကြရပါတယ်။
ပရိသတ်အချစ်တော် Jessica Lange ကြီးပြန်ပါလာတယ်။ Apocalypse ကိုကြည့်မယ်ဆိုရင် Murder House နဲ့ Coven ကိုအရင်ကြည့်ဖို့လိုတယ်။ Hotel နဲ့လည်းနည်းနည်းချိတ်ဆက်ထားပေမယ့် Hotel ကိုမကြည့်လို့ဇာတ်လမ်းအရသာပျက်သွားမှာတော့မဟုတ်ပါဘူး။
MM+ Rating: 5/10
4Season 6: Roanoke (2016)

မြင်နေကျမဟုတ်ဘဲ docudrama ပုံစံတင်ဆက်ထားပြီး theme song မပါတဲ့တခုတည်းသော AHS ပါ။ အမေရိကန်သမိုင်းမှာအခုအထိပဟေဠိဖြစ်နေတဲ့ Roanoke ကိုလိုနီနယ်အကြောင်းအခြေခံထားတယ်။ ၁၅၀ဝပြည့်နှစ်ဝန်းကျင်က Roanoke မှာနေတဲ့လူ ၁၁၆ယောက်သဲလွန်စတစုံတရာမကျန်ခဲ့ဘဲ ပျောက်ဆုံးသွားခဲ့ပြီးနောက် အဲ့ဒီဧရိယာတဝိုက်မှာမကောင်းဆိုးဝါးတွေရှိတယ်လို့နာမည်ကြီးပါတယ်။ အဲ့ဒီနေရာမှာဆောက်ထားတဲ့အိမ်ကြီးကိုမှ ဝယ်မိခဲ့တဲ့လင်မယား ၂ယောက်ကြုံတွေ့ရတဲ့ခြောက်ခြားဖွယ်ဖြစ်ရပ်တွေကို ရုပ်သံဇာတ်လမ်းတွဲအဖြစ်ပြန်လည်ပုံဖော်ထားတာပါ။
My Roanoke Nightmare ဆိုတဲ့ဒီဇာတ်လမ်းတွဲမှာ Shelby နဲ့ Matt တို့စုံတွဲဟာသူတို့အကြောင်းပြောပြရင်း သူတို့နေရာမှာမင်းသားမင်းသမီးတွေက ပြန်သရုပ်ဆောင်ပြတဲ့ပုံစံနဲ့ရိုက်ကူးပါတယ်။ Docudrama ပုံစံအပြင် The Blair Witch Project လို found footage ပုံစံတွေပါပါလို့ realistic ဖြစ်တယ်။ ကြည့်နေကျ AHS တွေနဲ့မတူတဲ့ရသတမျိုးပေးပါတယ်။
MM+ Rating: 6/10
3Season 9: 1984 (2019)

ဝေဖန်ရေးဆရာတွေနဲ့ပရိသတ်တွေသဘောထားကွဲလွဲတဲ့ season ပါ။ ၁၉၈၀ခုနှစ်တွေကနာမည်ကြီးခဲ့တဲ့ စိတ္တဇလူသတ်ကားတွေကိုအခြေခံထားပြီး ၈၀ခုနှစ်တွေကိုလွှမ်းမိုးခဲ့တဲ့ အေရိုးဗစ်အားကစား၊ serial killer တွေနဲ့ Satan ကိုးကွယ်မှုကိုထင်ဟပ်ပြသထားတယ်။
အနိဌာရုံတွေအများကြီးဖြစ်ပွားခဲ့တဲ့နွေရာသီအပန်းဖြေစခန်းတခုကိုအကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့ ဆယ်ကျော်သက်တသိုက်ကြုံတွေ့ရသမျှခြောက်ခြားဖွယ်ဖြစ်ရပ်တွေကိုကြည့်ရမှာပါ။ ဝေဖန်ရေးဆရာတွေကတော့ slasher cliché တွေပြည့်နေတယ်ဆိုပြီးပြောကြပေမယ့် ပရိသတ်တွေကတော့ အခုချိန်မှာတွေ့ရနည်းသွားပြီဖြစ်တဲ့ slasher ဇာတ်လမ်းကိုကြည့်လိုက်ရတဲ့အတွက်အကြိုက်တွေ့ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်းသဘောကျတယ်။
MM+ Rating: 7/10
2Season 1: Murder House (2011)

အောင်မြင်တဲ့ series တွေမှာပထမဆုံး season ကအရမ်းကောင်းတတ်တဲ့အစဉ်အလာအတိုင်း Murder House ကလည်းတော်တော်ကြည့်ကောင်းပါတယ်။ သရဲခြောက်တဲ့အိမ်ကြီးဇာတ်လမ်းဟာ နည်းနည်းတော့ရိုးစင်းပေမယ့် ဇာတ်ကောင်တယောက်ချင်းစီကအပြိုင်သရုပ်ဆောင်ထားတဲ့အတွက် ဇာတ်လမ်းကသွက်လက်နေတယ်။
သရဲတစ္ဆေဇာတ်လမ်းသက်သက်မဟုတ်ဘဲ Harmon မိသားစုရဲ့အိမ်ထောင်ရေးပြဿနာတွေ၊ စိတ်ရောဂါနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကိုပါဆွေးနွေးသွားတယ်။ သူ့ခေတ်သူ့အခါမှာတော့ Murder House ကတခြားနာမည်ကြီးရုပ်သံတွေထက်တင်ဆက်မှုကော ဇာတ်လမ်းပိုင်းကောထူးခြားတယ်။ သူဟာ anthology series တွေထဲမှာလမ်းသစ်ဖောက်တဲ့ဇာတ်လမ်းလို့လည်းပြောလို့ရပါတယ်။
MM+ Rating: 8/10
1Season 2: Asylum (2012)

ဒုတိယ season ဖြစ်တဲ့ Asylum ဟာ Murder House ထက်ကောင်းတယ်ဆိုတဲ့အချက်ကို တော်တော်များများလက်ခံကြလိမ့်မယ်လို့ထင်ပါတယ်။ တကယ်လည်း Asylum ဟာ Murder House ရဲ့လောင်းရိပ်မမိဘဲ သူ့နည်းသူ့ဟန်နဲ့တောက်ပနေတာ AHS တွေအားလုံးထဲမှာသရုပ်ဆောင်မှုပိုင်းကော ဇာတ်လမ်းပိုင်းကောအကောင်းဆုံးလို့ပြောလို့ရတဲ့အထိပါ။
၁၉၆၀ ခုနှစ်ဝန်းကျင်က Briarcliff ဆိုတဲ့စိတ်ရောဂါကုဆေးရုံမှာ စိတ္တဇလူသတ်ကောင် Bloody Face အဖြစ်စွပ်စွဲခံရသူကိုအကျဉ်းချလိုက်တယ်။ သူ့အကြောင်းသတင်းရေးချင်တဲ့ဂျာနယ်လစ်တယောက်ဟာ ရူးချင်ဟန်ဆောင်ပြီး Briarcliff ဆီရောက်လာပါတယ်။ အဲ့ဒီဆေးရုံကဆရာဝန်နဲ့သူနာပြုတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သဘာဝလွန်အဖြစ်အပျက်တွေနဲ့ရောစပ်တင်ပြထားတယ်။
စိတ္တဇဆရာဝန်တွေ၊ နတ်ဆိုးပူးကပ်မှုတွေကကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် Asylum ကိုတခြား AHS တွေထက်ထူးခြားစေတာကသူ့ရဲ့လူသားဆန်မှုအကြောင်းပါ။ လူစိတ်ပျောက်သွားအောင်ဆိုးရွားလှတဲ့ အခြေအနေတခုမှာ လူတွေဘယ်လိုတုံ့ပြန်သလဲ။ ဒီအခြေအနေကြောင့် ဘယ်သူတွေကပိုမိုရဲရင့်သန်မာသွားကြပြီး ဘယ်သူတွေကပျက်စီးသွားကြတယ်ဆိုတာ character development ကောင်းကောင်းနဲ့ရိုက်ပြထားပါတယ်။ Must watch ပါ။
MM+ Rating: 10/10
အနှစ်ချုပ်
– ၁၀မှတ်မှာ ၅မှတ်အောက်ပဲရတဲ့ AHS တွေကမကြည့်လည်းနောင်တရစရာမရှိတဲ့ဇာတ်လမ်းတွေပါ။
– Apocalypse မကြည့်ခင် Murder House နဲ့ Coven ကိုအရင်ကြည့်ပါ။
– အမေရိကန်သမိုင်းမှာတကယ်ရှိခဲ့တဲ့သဘာဝလွန်အဖြစ်အပျက်တွေ သွေးပျက်ဖွယ်အမှုအခင်းတွေကို ထည့်ရိုက်ပြတဲ့အတွက် season တခုကြည့်ပြီးတိုင်း အဲ့ဒီအကြောင်း wiki မှာပြန်ဖတ်ရင် ဇာတ်လမ်းကိုပိုပြီးပြည့်ပြည့်စုံစုံနားလည်ပါလိမ့်မယ်။
– AHS တွေဟာဇာတ်လမ်းနဲ့အကြောင်းအရာပိုင်းကွဲပြားပေမယ့် easter egg တချို့တော့ရှိပါတယ်။ တချို့ character တွေကနောက်ပိုင်းဇာတ်လမ်းတချို့မှာသိပ်အရေးမကြီးတဲ့အခန်းက ပြန်ပါလာတာမျိုးလည်းရှိတတ်တယ်။ ဒါပေမယ့်ဇာတ်လမ်းအရသာပျက်သွားတဲ့အထိတော့မဟုတ်ပါဘူး။ Apocalypse, Murder House နဲ့ Coven ကတော့ချွင်းချက်ပါ.
– AHS ကိုပုံမှန်ကြည့်တဲ့သူဆိုရင် ဇာတ်လမ်းတွေအားလုံးမှာ အမျိုးသမီးတွေဟာအဓိကကျတဲ့ကဏ္ဍကပါဝင်ပြီး သူတို့ရဲ့စိတ်ခံစားချက်တွေ အလိုဆန္ဒတွေကိုအဓိကခြယ်မှုန်းထားတာကိုသတိထားမိပါလိမ့်မယ်။
Season 10

ဒီလမှစတင်ရိုက်ကူးမယ့် Season 10 ကို တနှစ်ကျော်လောက်စောင့်ရမယ့်ပုံရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Covid-19 ကြောင့်ရိုက်ကူးရေးတွေကနှောင့်နှေးသွားသလို producer တွေဟာ spin-off series တွေရိုက်ကူးဖို့စဉ်းစားရင်း Season 10 ကိုမကိုင်တွယ်နိုင်သေးတာလည်းပါပါတယ်။
သရုပ်ဆောင်သစ်အဖြစ် Home Alone ရုပ်ရှင်တွေနဲ့နာမည်ကြီးလာခဲ့တဲ့ Macaulay Culkin ပါဝင်လာမှာဖြစ်ပြီး Season 9 မှာမတွေ့ခဲ့ရတဲ့ Sarah Paulson နဲ့ Evan Peters တို့လည်းပြန်ပါလာမှာပါ။ Season 7 နဲ့ 9 မှာမပါခဲ့တဲ့ Kathy Bates လည်းပြန်လာမယ်။ Ariana Grande ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မယ်လို့လည်း ကောလဟာလတွေထွက်နေပါတယ်။ Season 9 ကသရုပ်ဆောင်တော်တော်များများ ပြန်လာမှာဖြစ်ပေမယ့် Emma Roberts ကိုတော့တွေ့ရမှာမဟုတ်ပါဘူး။
ဇာတ်လမ်းနဲ့ပတ်သက်ပြီးရေရေရာရာမသိရသေးပေမယ့် ကမ်းခြေမှာတင်ထားတဲ့ Murphy ရဲ့ဓာတ်ပုံတပုံကြောင့် ပင်လယ်ကမ်းခြေနဲ့ဆက်စပ်တဲ့ဇာတ်လမ်းဖြစ်မယ်လို့ယူဆနေကြတယ်။
Season တခု ဇာတ်လမ်းတခုမဟုတ်တော့ဘဲ episode တခု ဇာတ်လမ်းတခုပုံစံနဲ့တင်ဆက်မယ့် American Horror Stories ဆိုတဲ့ spin-off ကိုထုတ်လုပ်ဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။