ဒီအပတ် MM+Knowledge ကဏ္ဍမှာအာဆီယံ ၁၀နိုင်ငံကငွေစက္ကူတွေမှာနေရာယူထားတဲ့ပုဂ္ဂိုလ်တွေအကြောင်း ပြောပြချင်ပါတယ်။ ငွေကြေးတန်ဖိုးနဲ့တခြားသိကောင်းစရာတွေကိုပါဖော်ပြထားတယ်။ နိုင်ငံတွေကိုအင်္ဂလိပ်အက္ခရာစဉ်အလိုက်စီထားပါတယ်။
Brunei Darussalam

ဘရူနိုင်းနိုင်ငံရဲ့ငွေစက္ကူပေါ်မှာတော့ လက်ရှိအုပ်ချုပ်နေတဲ့ဘုရင် Hassanal Bolkiah ရဲ့ပုံနဲ့ထုတ်ဝေခဲ့တာ ၁၉၇၂ခုနှစ်ကတည်းကဖြစ်ပါတယ်။ Brunei Dollar (B$) လို့ခေါ်ပြီး B$1 ကနေ B$10,000 အထိထုတ်ဝေထားတယ်။ စက္ကူနဲ့မဟုတ်ဘဲပိုလီမာနဲ့ပြုလုပ်ထားတာမို့အကြမ်းခံသလို အတုပြုလုပ်ဖို့လည်းမလွယ်ပါဘူး။ တသောင်းတန်အထိထုတ်လုပ်ထားပေမယ့် ၁၀၀တန်အထိပဲ အသုံးများတယ်။ US$1 = B$1.38 ရှိပြီး စင်ကာပူဒေါ်လာနဲ့ ဘရူနိုင်းဒေါ်လာတန်ဖိုးချင်းအတူတူဖြစ်လို့ ၂နိုင်ငံလုံးမှာသုံးနိုင်ပါတယ်။
Cambodia

၅၀ တန်ကနေ ၁၀၀၀၀၀ တန်အထိရှိတဲ့ ကမ္ဘောဒီးယားငွေစက္ကူတွေပေါ်မှာတော့ လူပုံတွေရော နိုင်ငံ့အထိမ်းအမှတ်ပုံတွေရော ပါဝင်ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ဘုရင် Norodom Sihamoni ရဲ့ပုံကို ၂၀၀၀၀ တန်မှာတွေ့နိုင်တယ်။ သူ့ဖခင်ဖြစ်သူဘုရင် Norodom Sihanouk ကတော့ ၅၀၀၀၀ တန်မှာရှိပါတယ်။ ၁၀၀၀၀၀ တန်မှာတော့စစ်တပ်၊ ဘုရင့်ရဲ့မိဘတွေနဲ့ မြွေနဂါးခေါင်းပုံပါတယ်။ Khmer Riel လို့ခေါ်ပြီး US$1 = KHR 4,100 တန်ဖိုးရှိပါတယ်။
Indonesia

ငွေကြေးဖောင်းပွမှုမြင့်မားတဲ့အင်ဒိုနီးရှားမှာတော့ ရာတန်မရှိဘဲ ၁၀၀၀ တန်ကနေစပြီး ၁၀၀၀၀၀ တန်အထိထုတ်လုပ်ထားတယ်။ ထူးထူးခြားခြားအမျိုးသမီးပုံပါတဲ့အာဆီယံငွေစက္ကူကို ၁၀၀၀ တန်မှာတွေ့နိုင်တယ်။ သူကတော့ ၁၉ရာစုဝန်းကျင်ကဒတ်ချ်တွေကိုတိုက်ခိုက်ခဲ့တဲ့အမျိုးသမီး Cut Nyak Meutia ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းပထမဆုံးသမ္မတ Sukarno ကတော့ ၁၀၀၀၀၀ တန်မှာရှိပါတယ်။ နိုင်ငံငွေကြေးက Rupiah လို့ခေါ်ပြီး US$ = Rp 14,654 နဲ့ညီမျှတယ်။
Laos

၁ ကစ်(ပ်) ကနေ ၁၀၀၀၀၀ တန်အထိရှိတဲ့ လာအိုငွေကြေးကလည်း အာဆီယံမှာငွေကြေးဖောင်းပွမှုအမြင့်ဆုံးတခုပါ။ Laos People Revolutionary Party ရဲ့ပထမဆံုံးခေါင်းဆောင်လည်းဖြစ် လွတ်လပ်သောလာအိုနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်တဲ့ Kaysone Phomvihane ရဲ့ပုံရိပ်ကတော့ ၂၀၀၀ တန်ကနေ ၁၀၀၀၀၀ တန်အထိနေရာယူထားတယ်။ Kip လို့ခေါ်တဲ့လာအိုပိုက်ဆံဟာ US$1 = K9,060 တန်ဖိုးရှိပါတယ်။
Malaysia

မလေးရှားနိုင်ငံရဲ့ငွေစက္ကူတွေပေါ်မှာတော့နိုင်ငံရဲ့ပထမဆုံးဘုရင် Abdul Rahman of Negeri Sembilan ရဲ့ပုံကိုသာရိုက်နှိပ်ထားပါတယ်။ ၁၉၆၀ခုနှစ်ကတည်းကထုတ်ဝေခဲ့တဲ့မလေးရှား Ringgit ဟာဒီဇိုင်းအနည်းငယ်ပြောင်းလဲတာကလွဲလို့ ကြီးကြီးမားမားပြောင်းလဲမှုမရှိခဲ့ဘူး။ ၁ ရင်းဂစ်ကနေ ၁၀၀၀ တန်အထိရှိတယ်။ ငွေကြေးတန်ဖိုးမြင့်ပြီး US$1 = RM4.2 ရှိပါတယ်။
Myanmar

၁၉၇၂-၈၇ အတွင်းထုတ်ဝေခဲ့တဲ့မြန်မာ့ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာစံနဲ့ သခင်ဖိုးလှကြီးတို့ရဲ့ ပုံတွေကိုသုံးခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ၁၀စုနှစ်တော်တော်ကြာအောင် ခြသေ့ၤကြီးတွေ ဆင်ကြီးတွေလွှမ်းမိုးထားခဲ့ပြီး အခုတော့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြန်လည်ရောက်ရှိလာပါပြီ။ ၁ ကျပ်တန်ကနေ ၁၀၀၀၀ တန်အထိထုတ်လုပ်ထားပြီး ဗိုလ်ချုပ်ပုံကတော့ ၅၀၀တန်နဲ့ ၁၀၀၀တန်တွေမှာ တွေ့နိုင်ပါတယ်။ တချိန်ကထုတ်ခဲ့တဲ့ ၁ကျပ်တန်မှာဗိုလ်ချုပ်ပုံပါခဲ့ပေမယ့် အခုမတွေ့ရတော့ပါဘူး။ US$1 = Ks1,400 ရှိပါတယ်။
Philippines

၅ပီဆိုကနေ ၁၀၀၀ပီဆိုအထိထုတ်ဝေထားတယ်။ လူပုဂ္ဂိုလ်တွေတော်တော်များပြီး ၁၀၀၀ တန်မှာ José Abad Santos, Vicente Lim, Josefa Llanes Escoda ဆိုတဲ့ ဖိလစ်ပိုင်သမိုင်းမှာအရေးပါအရာရောက်ခဲ့တဲ့ပုဂ္ဂိုလ် ၃ဦးပုံကိုရိုက်နှိပ်ထားတယ်။ Philippine Medal of Honor ပါတဲ့ ၁၀၀၀တန်နဲ့ မပါတဲ့ ၁၀၀၀တန်ဆိုပြီး မူကွဲ ၂မျိုးရှိပါတယ်။ US$1 = P50 နဲ့ညီမျှပါတယ်။
Singapore

၁ဒေါ်လာတန်ကနေ ၁၀၀၀၀ တန်အထိထုတ်လုပ်ထားပေမယ့် ရာတန်တွေပဲအသုံးများပါတယ်။ ငွေစက္ကူပေါ်ကပုဂ္ဂိုလ်ကတော့ စင်ကာပူရဲ့ပထမဆုံးသမ္မတ Yusof Ishak ပါ။ ဒစ်ဂျစ်တယ်ပိုက်ဆံအရမ်းတွင်ကျယ်လာတဲ့ စင်ကာပူမှာငွေစက္ကူသုံးတဲ့သူတော်တော်နည်းသွားပါပြီ။ စလုံးဒေါ်လာကိုဘရူနိုင်းမှာလည်းသုံးနိုင်တယ်။ US$1 = S$ 1.38 တန်ဖိုးနဲ့ညီမျှပါတယ်။
Thailand

ဘုရင်ဟောင်း Bhumibol Adulyadej ရဲ့ပုံနဲ့ငွေစက္ကူတွေရှိသလို လက်ရှိဘုရင် Vajiralongkorn ရဲ့ပုံနဲ့ငွေစက္ကူတွေလည်းရှိပါတယ်။ ဘုရင်သစ်ပုံနဲ့ငွေစက္ကူကတော့ ၂၀၁၈ခုနှစ်ကမှစတင်ထုတ်ဝေတာပါ။ Bhumibol ကွယ်လွန်ပြီးတော့သူ့ဘဝဇာတ်ကြောင်းကိုကျောဘက်မှာပုံဖော်ထားတဲ့ငွေစက္ကူတွေ ထွက်လိုက်ပါသေးတယ်။ ၂၀တန်ကနေ ၁၀၀၀တန်အထိရှိပြီး US$1 = Bht31 ပါ။
Vietnam

ဗီယက်နမ်နိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ် ပထမဆုံးဝန်ကြီးချုပ်နဲ့ သမ္မတလည်းဖြစ်တဲ့ Ho Chi Minh က ၁၀၀ တန်ကနေ ၁၀၀၀၀၀ တန်အထိရှိတဲ့ ငွေစက္ကူတွေပေါ်မှာနေရာယူထားတယ်။ ဗီယက်နမ်ငွေကြေးကို ဒေါင်လို့ခေါ်ပြီး US$1 = d23,192 တန်ဖိုးရှိပါတယ်။