ရန်ကုန်မှာချင်းအစားအသောက်တွေရတဲ့ဆိုင်တော်တော်ရှားပါတယ်။ ဇူလိုင် ၁၈ရက်နေ့ကမှဖွင့်တဲ့ Butiria ကတော့ဒီကွက်လပ်ကိုဖြည့်ပေးလိုက်သလိုပဲ။ သူကချင်းပြည်နယ်ကတိုက်ရိုက်တင်သွင်းတဲ့ ingredient တွေကို အသုံးပြုထားတယ်လို့ပြောပါတယ်။

ရန်ကုန်သားတွေကိုချင်းအစားအသောက်တွေနဲ့မိတ်ဆက်ပေးဖို့ ရန်ကုန်ရောက်နေတဲ့ချင်းလူမျိုးတွေ အတူတကွတွေ့ဆုံစကားပြောနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုင်ရှင်ကပြောတယ်။ ချင်းလူမျိုးစုအမျိုးမျိုးရှိတာမို့ လူမျိုးအလိုက်စားလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုစားပွဲတိုင်းမှာထားပေးထားပါတယ်။
ချင်းစာသက်သက်မစားဖူးလို့ အဆင်ပြေပါ့မလားလို့တွေးပူနေတဲ့သူတွေအတွက် fusion food menu လည်းထားပေးထားသေးတယ်။ အစားအသောက်အသစ်တွေကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ချင်းရိုးရာဟင်းပွဲတွေကိုပဲစားကြည့်ဖို့အကြံပြုပါတယ်။ ကော်ဖီမှာတောင် အနောက်တိုင်းကော်ဖီနဲ့ ချင်းကော်ဖီဆိုပြီးရှိသေးတယ်။ အသီးဖျော်ရည်တွေလည်းရပါတယ်။

အစားအသောက်ပိုင်းဆိုရင်တော့ ချင်းရိုးရာဆာဘူးတီးကမစားမဖြစ်ပေါ့။ ချင်းဘာသာနဲ့ဆို “ဆာ” ဆိုတာအသားလို့အဓိပ္ပာယ်ရပြီး “ဘူးတီး” ကတော့ပြောင်းဖူးပါတဲ့။ နာမည်အတိုင်း အမဲသားနဲ့ ပြောင်းဖူးကိုပြုတ်ထားတဲ့ဟင်းရည်တမျိုးပါ။ အကြာကြီးပြုတ်ထားလို့ အရသာကလေးလေးပင်ပင်ရှိတယ်။ သူ့အတိုင်းစားတာထက် တွဲဖက်စားဖို့ချပေးထားတဲ့ဟင်းခတ်ရွက်တွေနဲ့ ဆားလေးနည်းနည်းထည့်ပြီးစားတာပိုကောင်းပါတယ်။
နောက်ထပ်စားကြည့်ခဲ့တာကတော့စကောထမင်း။ လူအရေအတွက်ပေါ်မူတည်ပြီး ပွဲသေး၊ ပွဲကြီး ၂မျိုးရှိတယ်။ ထမင်း၊ နှမ်းထောင်းနဲ့ရောထားတဲ့ကြက်သားချင်းချက်၊ ချင်းပြည်နယ်ကတင်သွင်းတဲ့ငါးခြောက်ကြော်၊ ပြောင်းဖူးသုပ်၊ ချင်းပဲပုတ်သုပ်၊ ပျာဟင်းလို့ခေါ်တဲ့သီးရွက်စုံပြုတ်၊ ရာသီပေါ်အသီးအရွက်သုပ်တွေပါတယ်။ ဝက်သားနဲ့လည်းရပါတယ်။ ချိုချဉ်စပ်အရသာအစုံပါတဲ့ ဒီစကောထမင်းကျတော့တယောက်တည်းစားတာထက် သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ ဝေမျှစားရင်ပိုမြိန်မှာပါ။

အစာပိတ်အနေနဲ့ချင်းပြည်နယ်ကကော်ဖီစေ့တွေနဲ့ဖျော်ထားတဲ့ကော်ဖီသောက်ကြည့်ခဲ့ပါတယ်။
ဆိုင်ကိုချင်းရိုးရာလက်မှုပစ္စည်းတွေနဲ့အလှဆင်ထားပြီး စားပွဲနဲ့ခုံတွေကအစချင်းပြည်ကထွက်တဲ့ ထင်းရှူးသားနဲ့ပြုလုပ်ထားတာပါ။ လူမျိုးစုတွေအကြောင်းလေ့လာရတာဝါသနာပါတယ်၊ ဆိုင်ရှင်လည်းအားတယ်ဆိုရင်တော့ ချင်းလူမျိုးတွေရဲ့လက်မှုပညာအကြောင်းမေးကြည့်ပေါ့နော်။

ဈေးနှုန်းတွေကတပွဲ ၂၀၀၀-၃၀၀၀ ပတ်လည်ဆိုတော့ တန်တယ်ပြောရမယ်။ စကောထမင်းတခုပဲ ပွဲသေး ၁၅၀၀၀၊ ပွဲကြီး ၂၀၀၀၀ ပေးရတာပါ။ ချင်းအစားအသောက်တွေကိုမစားဖူးသေးဘူးဆိုရင်တော့သွားကြည့်ပါ။ မတူကွဲပြားတဲ့အစားအသောက်နဲ့ လက်မှုပညာတွေအကြောင်းလေ့လာခွင့်ရပါလိမ့်မယ်။
အမှတ် ၅၈၊ ဦးရေခဲလမ်း၊ (၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
09 976 182 177
10:00 AM – 8:00 PM