Advertisement

ဇူလိုင် ၆ရက်နေ့ကပြင်သစ်နိုင်ငံက ဂျုံခင်းတခင်းထဲမှာ ထူးဆန်းတဲ့သင်္ကေတတခုပေါ်လာပြီး အခုချိန်အထိအကြောင်းရင်းကိုမသိရှိကြရသေးပါဘူး။

ပြင်သစ်နိုင်ငံမြောက်ပိုင်း Vimy လို့ခေါ်တဲ့ရွာလေးမှာ လယ်သမား Gerald Benoit ပိုင်တဲ့ဂျုံခင်းထဲက သင်္ကေတကိုလာရောက်ကြည့်ရှုသူတွေကတော့ထောင်နဲ့ချီရှိနေပါပြီ။

“ဒီသင်္ကေတကိုတချို့ကလည်းဘာသာရေးနဲ့ဆက်နွယ်တယ်လို့ယူဆပြီး စိုက်ခင်းထဲမှာ ဝတ်ပြုဆုတောင်းနေကြတယ်ဗျာ။ ကျနော်ကတော့အထူးအဆန်းဆိုပြီးဓာတ်ပုံရိုက် Facebook ပေါ်တင်လိုက်တာပဲ။ လာကြည့်တဲ့သူတွေအရမ်းများလာလို့ပြန်ဖြုတ်လိုက်ပေမယ့် အွန်လိုင်းပေါ်တော်တော်ပြန့်နေပြီ” လို့ Gerald ရဲ့ သား Nicolas ကဆိုပါတယ်။

ဒီသင်္ကေတဟာအလယ်ခေတ်က ခရစ်ယာန်ဘာသာရေးစစ်သည်တော် Templar တွေရဲ့လက်ဝါးကပ်တိုင်အမှတ်အသားနဲ့တူတဲ့အတွက် Templar Sign လို့ခေါ်နေကြပါတယ်။

Nicolas ကဇူလိုင် ၅ရက်နေ့မနက်ခင်းမှာ သူ့ထော်လာဂျီနဲ့စိုက်ခင်းထဲလှည့်ပတ်ကြည့်ရှုရင်း တနေရာမှာဂျုံခင်းတွေပိပြားနေတာကိုတွေ့လိုက်ရပါတယ်။

“အစကတော့မသမာသူတွေ လာဖျက်ဆီးသွားတယ်လို့ထင်တာ။ နောက်သေချာကြည့်တော့မှ အမှတ်အသားတခုခုပုံပေါ်နေတာကိုသတိထားမိတာပါ။”

Crop circle လို့ခေါ်တဲ့အဆိုပါသင်္ကေတတွေဟာ သမိုင်းတလျှောက်တွေ့ခဲ့ရပေမယ့် အခုချိန်အထိ ဘယ်သူကဘာကြောင့်ဒီသင်္ကေတတွေဖန်တီးသွားရသလဲဘယ်သူကမှမပြောနိုင်သေးပါဘူး။ ဒီလို crop circle တွေအနားမှာ radiation မြင့်တက်လာတာကိုတွေ့ရလေ့ရှိပါတယ်။

ကုန်ပစ္စည်းကြော်ငြာအနေနဲ့ဖြစ်စေ၊ အနုပညာလက်ရာတခုအနေနဲ့ဖြစ်စေ crop circle ဖန်တီးတာမျိုးရှိပေမယ့် အုပ်စုလိုက်အချိန်ယူပူးပေါင်းလုပ်ဆောင်မှသာဖြစ်နိုင်ပြီး အခုလိုလူမသိသူမသိ တနေ့တည်းနဲ့အပြီးသတ်နိုင်ဖို့ဆိုတာမလွယ်လှပါဘူး။

သင်္ကေတတွေဟာပုံသဏ္ဍာန်အမျိုးမျိုးရှိပေမယ့် လက်ရာအလွန်သေသပ်ပြီး ဂျီသြမေတြီစံနှုန်းတွေနဲ့ ကိုက်ညီနေတာကြောင့် တခြားကမ္ဘာကဂြိုဟ်သားတွေရဲ့ယာဉ်ပျံတွေများဆင်းသတ်ရပ်နားခဲ့လေသလားလို့ ယူဆသူတွေလည်းရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Signs လို့ခေါ်တဲ့ရုပ်ရှင်တောင်ထွက်ရှိခဲ့ပါတယ်။

ဘာသာရေးသမားတချို့ကတော့ Benoit မိသားစုရဲ့ယာခင်းကိုမြင့်မြတ်တဲ့စွမ်းအင်တခုကလွှမ်းခြုံထားတာမို့ အလွန်မင်္ဂလာရှိကြောင်း၊ စိုက်ခင်းထဲကကောက်ပဲသီးနှံတွေဟာအာရုံကြောချို့ယွင်းမှုရောဂါ (multiple sclerosis) ကိုတောင်ပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိကြောင်း ပြောနေကြပါတယ်။

ပရိသတ်ကြီးကော ဘာကြောင့်လို့ထင်ပါသလဲ။

Ref: EuroWeekly, CGTN

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here