Advertisement

မိုးတွေရွာနေတဲ့ညမှာခြောက်ခြောက်ခြားခြားသရဲကားလေးကြည့်ရတဲ့အရသာကိုကြိုက်တဲ့သူတွေအတွက် အသဲတအေးအေးကြည့်ရမယ့် ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။ Netflix မှာကြည့်လို့ရပါတယ်။

Apostle

The Wicker Man နဲ့ Midsommarတို့လိုဇာတ်လမ်းမျိုးကြိုက်တယ်ဆိုရင် Apostle ကိုလည်းသဘောကျလိမ့်မယ်။ ၁၉၀၅ခုနှစ် အင်္ဂလန်နိုင်ငံမှာဇာတ်အိမ်တည်ထားပြီး Dan Stevens နဲ့ Michael Sheen တို့အဓိကပါဝင်ထားပါတယ်။ Thomas Richardson (Stevens) ဟာသူ့ညီမကို ယဇ်ပူဇော်ဖို့ဖမ်းခေါ်သွားတဲ့တိတ္ထိဘာသာရေးဂိုဏ်းထဲဝင်ရောက်ပြီးညီမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ Sheen ကအဲ့ဒီဂိုဏ်းရဲ့ခေါင်းဆောင်အဖြစ်ပါဝင်ထားပါတယ်။

Ares

Dutch စီးရီးဖြစ်ပြီး ၂၀၁၉ကမှထွက်ရှိထားတာပါ။ လူကုံထံအသိုင်းအဝိုင်းမှာဝင်ဆံ့ဖို့အတွက် Amsterdam မြို့တော်က လျှို့ဝှက်ဘာသာရေးဂိုဏ်းတဂိုဏ်းကိုဝင်ရောက်ခဲ့မိတဲ့မိန်းကလေးတယောက်၊ ဂိုဏ်းဝင်တွေမျိုးရိုးစဉ်ဆက်ထိန်းသိမ်းထားရတဲ့ လျှို့ဝှက်ချက်တခု။ နောက်ဘာဆက်ဖြစ်မလဲခန့်မှန်းလို့မရဘဲ ခြောက်ခြောက်ခြားခြားကြည့်ရမယ့်ဇာတ်လမ်းတွဲတခုပါ။

Black Summer

Horror selection လုပ်ရင်အလန့်တကြားထအော်ရမယ့်ဖုတ်ကောင်ကားလေးတကားတလေမပါရင် မပြည့်စုံဘူးဗျ။ ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၉ခုနှစ်ကထွက်ရှိခဲ့ပြီး ဖုတ်ကောင်ကပ်တခုစတင်ချိန်မှာ ရှင်သန်ကျန်ရစ်သူတစုကသူတို့မိသားစုနဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

JU-ON: Origins

ဒီလမှာပဲထွက်ရှိလာတဲ့ Ju-On franchise ရဲ့နောက်ဆုံးပေါ်ဇာတ်လမ်းတွဲပါ။ ဂျပန်နိုင်ငံမှာတကယ်ရှိတဲ့အိမ်ကြီးတအိမ်နဲ့ အဲ့ဒီအိမ်ထဲဝင်ခဲ့မိသူတွေကြုံတွေ့ရတဲ့ခြောက်ခြားဖွယ်သဘာဝလွန်အဖြစ်အပျက်တွေအကြောင်း ရိုက်ကူးထားတယ်။ ဂျပန်ဇာတ်လမ်းတွဲဖြစ်ပြီး ဇန်နဝါရီလကထွက်ခဲ့တဲ့ Hollywood remake The Grudge ထက်ကောင်းပါတယ်။

I am the Pretty Thing that Lives in the House

သူနာပြုဆရာမလေး Lily Saylor ဟာစိတ်ဝေဒနာခံစားနေရတဲ့ထိတ်လန့်သည်းဖိုစာရေးဆရာမ Iris Blum ကိုစောင့်ရှောက်နေသူပါ။ သူတို့နေတဲ့စံအိမ်ကြီးဟာတချိန်ကလက်ထပ်ခါနီးစုံတွဲတတွဲနေခဲ့တဲ့အိမ်ဖြစ်ပြီး အဲ့ဒီစုံတွဲဟာမင်္ဂလာဆောင်မယ့်နေ့မှာပဲပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။ Lily ဟာအိမ်မှာနေနေတုန်း နံရံမှာအမည်းကွက်ကြီးပေါ်လာပြီး တဖြည်းဖြည်းကြီးလာတာ၊ အဖြူဝတ်ထားတဲ့လူတယောက် နောက်ပြန်လမ်းလျှောက်သွားတာစတဲ့ထူးထူးခြားခြားအဖြစ်အပျက်တွေနဲ့ကြုံခဲ့ရတယ်။ Lily လည်းအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကိုစူးစမ်းရင်း စာရေးဆရာမ Iris ရဲ့နောက်ကြောင်းကိုပါ တဖြည်းဖြည်းသိလာရပါတယ်။

Eerie

Netflix ကပဲရိုက်ကူးထုတ်လုပ်လိုက်တဲ့ ဒီဖိလစ်ပိုင်ရုပ်ရှင်ကတော့ မယ်သီလရှင်ကျောင်းတကျောင်းမှာ Erika ဆိုတဲ့ကျောင်းသူလေးတယောက်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဝိညာန်ဟာမကျွတ်မလွတ်ဘဲ လူတွေကိုခြောက်လှန့်နေခဲ့ပါတယ်။ ကျောင်းသူတွေကိုစိတ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပေးတဲ့ဆရာမလေး Patricia ဟာ Erika ရဲ့သေဆုံးမှုကိုမသင်္ကာတာနဲ့ ကျောင်းအုပ်ဆရာမကြီးကိုမတိုင်ပင်ဘဲသူကိုယ်တိုင်စုံစမ်းကြည့်တဲ့အခါ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတော့တယ်။ ဒီဇာတ်ကားကတော့တစိမ့်စိမ့်နဲ့ခြောက်ခြားစရာကောင်းအောင်ရိုက်ကူးထားတဲ့အတွက် ညဘက်ကျမှအခန်းထဲတယောက်တည်းအေးအေးဆေးဆေးကြည့်ရင်ပိုအရသာရှိတယ်ဗျ။

Curon

အဖြစ်ဆိုးတခုကြောင့် Curon မြို့ကိုစွန့်ခွာသွားခဲ့တဲ့အမျိုးသမီးတယောက်ဟာ အမြွှာကလေး ၂ယောက်နဲ့အတူ ပြန်ရောက်လာအပြီးမှာတော့ သူတို့မြို့ဟာကျိန်စာသင့်နေမှန်းသတိထားမိခဲ့ပါတယ်။ အဲ့ဒီကျိန်စာကတော့ မြို့ထဲကဘုရားကျောင်းအိုကြီးရဲ့ခေါင်းလောင်းသံကိုကြားတာနဲ့ မြို့သူမြို့သားတွေဟာအတိတ်ကအဖြစ်ဆိုးတွေနဲ့ မေ့ပျောက်ထားခဲ့တဲ့ဝမ်းနည်းမှုတွေကို ပြန်ခံစားလာရတော့တာပါပဲ။

In the Tall Grass

Stephen King ရဲ့သား Joe Hill ရေးတဲ့ဝတ္ထုတိုတပုဒ်ကိုအခြေခံထားတာပါ။ လူသူခြောက်ကပ်နေတဲ့ အဝေးပြေးလမ်းမကြီးရဲ့တဘက်က မြက်တောထဲမှာကလေးလေးတယောက်အော်ဟစ်အကူအညီတောင်းနေတာကိုကြားတဲ့ ခရီးသွား ၂ယောက်။ စိတ်ကောင်းရှိတဲ့ခရီးသွားတွေဟာ ကလေးကိုကူညီဖို့မြက်ရိုင်းတောထဲဝင်သွားခဲ့ပေမယ့် သူတို့ဒီမြက်တောထဲကပြန်ထွက်လာနိုင်ပါ့မလား။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here