ဗြိတိန်နိုင်ငံကျေးလတ်ဥယျာဉ်များဆီသွားရောက်လည်ပတ်ကြည့်ရင် အဖြူရောင်လီလီပန်းများ၊ ခရမ်းရောင်သစ်ခွများ၊ ပန်းနုရောင်တောင်ဇလပ်များကို နေရာအနှံ့တွေ့ရပါလိမ့်မယ်။
ဒါပေမယ့်ဒီပန်းတွေဟာဗြိတိန်နိုင်ငံမျိုးရင်းမဟုတ်ဘူးဆိုတာသင်သိပါသလား။ ဒီပန်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အပူအအေးမျှတတဲ့တောအုပ်တွေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကစိုက်ခင်းတွေနဲ့ ဟိမဝန္တာတောင်ခြေဒေသတွေမှာပေါက်ရောက်တဲ့အပင်တွေပါ။
သူတို့ဟာဗြိတိသျှကိုလိုနီစနစ်ထွန်းကားခဲ့စဉ်က ရုက္ခမုဆိုးတွေနဲ့အတူ မိုင် ၆၀၀၀ခရီးကိုဖြတ်ကျော်ပြီး ဗြိတိန်ကျွန်းဆီရောက်လာတာဖြစ်ပါတယ်။
၁၈ရာစုနှစ်ကတည်းက ဗြိတိသျှရုက္ခဗေဒပညာရှင်တွေဟာ စစ်တပ်နဲ့အတူမြန်မာနိုင်ငံကိုရောက်လာပြီး ပန်းပင်တွေကိုအမြတ်တနိုးစုဆောင်းလေ့ရှိပါတယ်။

အင်ပါယာချဲ့ထွင်ခြင်းနဲ့ အပင်စုဆောင်းခြင်းဟာ အပ်နှင့်အပ်ချည်လိုပါပဲ။ စကော့လူမျိုးဆရာဝန်နဲ့ ရုက္ခဗေဒပညာရှင် Dr. Francis Buchanan ဟာဗြိတိသျှသံတမန် Michael Symes နှင့်အတူ ၁၇၉၅ မှာမြန်မာဘုရင်ထံလိုက်ပါလာခဲ့တယ်။ ဒါဟာ ပထမဆုံးဗြိတိသျှ-မြန်မာ သံတမန်ဆက်ဆံရေးခရီးစဉ်လည်း ဖြစ်ပါတယ်။
Buchanan ဟာဧရာဝတီမြစ်ကြောင်းတလျှောက်ပေါက်ရောက်လျက်ရှိတဲ့ပန်းပင်တွေကိုအခြောက်ခံပြီး လန်ဒန်က British East India Company ဆီပေးပို့ပေးခဲ့တယ်။
၁၈၂၆ခုနှစ်မှာ Calcutta Botanical Garden က Dr. Nathaniel Wallich ဟာ Crawfurd mission နဲ့အတူ ဘကြီးတော်မင်းဆီရောက်လာခဲ့ပါတယ်။ သူဟာပဲခူးနဲ့အင်းဝမှာရှိတဲ့သဘာဝသယံဇာတတွေကို လေ့လာစာရင်းပြုစုဖို့လို့အကြောင်းပြပြီးလိုက်လာခဲ့တာပါ။
အဲ့ဒီကတည်းကဗြိတိသျှတွေဟာမြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့အပင်မျိုးကွဲတွေကိုလိုချင်မက်မောလာကြတာပါ။ ဒါကြောင့်လည်းကျွန်းသစ်တွေကိုရယူလိုတဲ့စိတ်နဲ့ မြန်မာတနိုင်ငံလုံးကိုစစ်တိုက်ပြီးကိုလိုနီအဖြစ် သိမ်းသွင်းခဲ့တာဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီဖြစ်နေတဲ့မြန်မာနိုင်ငံဆီအင်္ဂလိပ်ရုက္ခဗေဒပညာရှင်တွေတဖွဲဖွဲရောက်လာပြီး မြန်မာနိုင်ငံရဲ့ အပင်နဲ့ဇီဝမျိုးကွဲတွေကိုစုဆောင်းလေ့လာပါတော့တယ်။ သူတို့ကသိပ္ပံပညာတိုးတက်ရေးအတွက်လို့ပြောပေမယ့် အင်ပါယာချဲ့ထွင်လိုတဲ့စိတ်လည်းရှိပုံရပါတယ်။
ဒီပညာရှင်တွေဟာအပင်မျိုးတခုကိုတွေ့တာနဲ့သူတို့နာမည် (သို့) သူတို့ကိုငွေကြေးထောက်ပံ့တဲ့သူရဲ့နာမည်ကို ပေးတော့တာပါပဲ။ ဥပမာ သော်ကကြီးပန်းကို Amherst နယ်စားမင်းရဲ့ဇနီးသည်ရဲ့နာမည်ကိုအစွဲပြုပြီး Amherstia Nobilis လို့ပြောင်းပစ်ပါတယ်။ ဒါဟာမြန်မာ့သယံဇာတတွေကိုဗြိတိသျှတွေပိုင်ကြောင်း ကြေညာခြင်းတမျိုးလည်းဖြစ်တယ်။

ဝိတိုရိယခေတ်ကအင်္ဂလိပ်လူမျိုးတွေဟာရုက္ခမုဆိုးတွေကိုရဲရင့်တဲ့လူစွန့်စားတွေအဖြစ်အထင်ကြီးကြတယ်။ ဒီခေတ်စကားနဲ့ဆိုရင်တော့ celebrity တွေလို့ပြောရမှာပေါ့။ ဒီရုက္ခမုဆိုးတွေဟာ အပင်သစ်တွေကို ငွေကြေးချမ်းသာသူတွေဆီ ဈေးကြီးကြီးနဲ့ရောင်းချလေ့ရှိပါတယ်။
စကော့လူမျိုးရုက္ခဗေဒပညာရှင် Robert Fortune ဟာရုက္ခမုဆိုးတွေထဲမှာနာမည်အကြီးဆုံးလို့ဆိုနိုင်တယ်။ ၁၈၄၃ ခုနှစ်မှာသူဟာ East India Company ရဲ့ခိုင်းစေချက်အရတရုတ်နိုင်ငံကလက်ဖက်ပင်တွေကို တရားမဝင်ခိုးထုတ်ခဲ့ပါတယ်။
အဲ့ဒီနောက်အိန္ဒိယကဗြိတိသျှပိုင်စိုက်ခင်းတွေမှာပြန်စိုက်ပျိုးပြီး အင်္ဂလန်ကိုလက်ဖက်တင်ပို့ရင်း East India Company အကျိုးအမြတ်များစွာရရှိခဲ့တယ်။ ဗြိတိသျှပြည်သူတွေဟာ Robert Fortune လိုသူခိုးကိုရှုတ်ချရမယ့်အစား လူစွန့်စားတယောက်အဖြစ်ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
ဒါပေမယ့်ရုက္ခမုဆိုးတွေဟာဗြိတိသျှပြည်သူတွေထင်သလို တကိုယ်တော်လူစွန့်စားတွေမဟုတ်ကြပါဘူး။ သူတို့ဟာဒေသခံအလုပ်သမားတွေ လမ်းပြတွေရဲ့အကူအညီနဲ့အပင်တွေကိုရယူစုဆောင်းကြတာပါ။
ဥပမာ မြန်မာ့သမိုင်းမှာအထင်ရှားဆုံးလို့ဆိုရမယ့်ဗြိတိသျှလူမျိုးရုက္ခမုဆိုး Frank Kingdon-Ward (၁၈၈၅-၁၉၅၈) ဆိုရင် ၁၉၁၀ ကနေ ၁၉၅၈ခုနှစ်အတွင်း တိဘတ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတွေမှာ သစ်မာပင်နဲ့ အလှစိုက်ပန်းပင်တွေကိုလိုက်လံစုဆောင်းခဲ့တယ်။ သူ့ကိုအပင်နဲ့မျိုးစေ့ရောင်းချတဲ့ကုမ္ပဏီတွေက ငွေကြေးထောက်ပံ့ပေးပါတယ်။
Frank ဟာမြင်ရုံနဲ့အပင်မျိုးစိတ်သစ်တွေကိုသိနိုင်တဲ့ပါရမီရှိပေမယ့်မြန်မာနိုင်ငံမြောက်ပိုင်းရောက်တဲ့အခါမှာတော့ ဒေသခံကချင်လူမျိုးတွေရဲ့အကူအညီကိုရယူခဲ့ရတယ်။
ဒေသခံအများစုဟာတန်ဖိုးကြီးပြီး ဆေးဖက်ဝင်တဲ့အပင်တွေကိုတိုင်းတပါးသားလက်ထဲရောက်မသွားအောင် ကာကွယ်နိုင်ခဲ့ပေမယ့် တခါတလေမှာတော့သတင်းပေါက်ကြားသွားတာမျိုးရှိပါတယ်။
၁၉၄၈ခုနှစ်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ပြီး မြန်မာအစိုးရဟာကိုယ့်အားကိုယ်ကိုးရင်းအပင်မျိုးစိတ်သစ်တွေကို ရှာဖွေခဲ့တာကြောင့် Frank တို့လိုရုက္ခမုဆိုးတွေနိုင်ငံတွင်းဝင်ခွင့်မရတော့ပါဘူး။
ဒါကြောင့် ၁၉၅၃ ခုနှစ်မှာ Frank ဟာသူ့ကိုဗီဇာပေးရင် မြန်မာလူမျိုးတွေကိုရုက္ခဗေဒပညာသင်ပေးမယ်လို့ အပေးအယူလုပ်ခဲ့ရတယ်။ ဒီလိုနဲ့ ဦးသာလှနဲ့ ဦးချစ်ကိုကိုဆိုတဲ့မြန်မာလူမျိုးနှစ်ယောက်ဟာ Frank ဆီမှာပညာသင်ရင်း မြန်မာနိုင်ငံရဲ့ပထမဆုံးရုက္ခဗေဒပညာရှင်တွေဖြစ်လာပါတယ်။
Frank Kingdon-Ward ဦးချစ်ကိုကို
၁၉၅၈မှာ Frank ကွယ်လွန်သွားပြီးနောက် ဦးချစ်ကိုကိုကအပင်သစ်ရှာဖွေတဲ့အလုပ်ကိုဆက်လုပ်ခဲ့ပါတယ်။ သူဟာမြန်မာ့သစ်ပင်ပန်းမန်မျိုးစိတ်ပေါင်း ၁၅၀၀ကျော်လောက်ကိုမှတ်တမ်းတင်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေမှာပညာသင်ခဲ့ပါသေးတယ်။
ဦးချစ်ကိုကိုဟာ ၁၉၈၃ခုနှစ်မှာအနားယူခဲ့ပြီးသူ့တပည့်ဖြစ်သူ ဒေါက်တာစောလွင်က ဆရာ့ရဲ့အမွေကိုလက်ဆင့်ကမ်းယူခဲ့တယ်။ ဒေါက်တာစောလွင်ဟာသစ်ခွနဲ့ သီးပင်စားပင်စိုက်ပျိုးရေးပညာရှင်တယောက်လည်းဖြစ်ပါတယ်။
၁၉၅၆ ကနေ ၁၉၉၇ အတွင်းနိုင်ငံတကာကရုက္ခဗေဒပညာရှင်တွေကိုမြန်မာနိုင်ငံကဝင်ခွင့်မပြုခဲ့ပါဘူး။ ၂၁ရာစုရောက်တဲ့အခါမှာတော့ အပင်ရှာဖွေတဲ့ယဉ်ကျေးမှုပြန်လည်နိုးကြားလာတယ်။ ဒါပေမယ့် ပညာရှင်တွေဟာပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ မြန်မာ့ဇီဝမျိုးကွဲတွေကိုထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ဆန္ဒနဲ့ အပင်တွေကိုရှာဖွေမှတ်တမ်းတင်လာကြတာဖြစ်ပါတယ်။ ဒါမှသာမြန်မာ့မြေမှာ မြန်မာ့သစ်ပင်ပန်းမန်တွေဟာရာစုနှစ်များစွာကြာအောင်ရှင်သန်ပွင့်လန်းနိုင်မှာပါ။
Christian Gilberti ၏ Plants and Empire: A History of Plant-hunting in Myanmar အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။