တခါတလေအပြင်လောကမှာတကယ်ဖြစ်ပွားခဲ့တဲ့ကိစ္စတွေက စိတ်ကူးယဉ်ရုပ်ရှင်ဝတ္ထုတွေထက် ထူးခြားဆန်းပြားတယ်ဆိုတာ Unsolved Mysteries ဇာတ်လမ်းတွဲတွေကသက်သေပြနေပါတယ်။
ရုပ်သံလိုင်းတွေက Unsolved Mysteries franchise ကိုလက်တွေ့ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေ၊ လူပျောက်မှုတွေ၊ သိပ္ပံနည်းကျရှင်းပြရခက်တဲ့အဖြစ်အပျက်တွေကိုအခြေခံပြီး docudrama (documentary+drama) ပုံစံရိုက်ကူးကြတာ ၁၉၈၇ခုနှစ်ကတည်းကပါ။ NBC, CBS, Lifetime စတဲ့ရုပ်သံ channel အမျိုးမျိုးကရိုက်ကူးခဲ့ကြပြီး အခုနောက်ဆုံး Netflix ကထုတ်လုပ်လိုက်တဲ့ Unsolved Mysteries မှာတော့အပိုင်း ၆ပိုင်းပါပါတယ်။ ဇွန်လကုန်လောက်ကထွက်ရှိခဲ့ပြီး လက်ရှိ Netflix ရဲ့လူကြည့်အများဆုံး show တခုလည်းဖြစ်ပါတယ်။
ပထမဆုံး episode မှာ အိမ်ကနေအပြင်ခဏထွက်သွားပြီး ပြန်မလာတော့တဲ့ခင်ပွန်းသည်ကိုလိုက်ရှာတဲ့ဇနီးနဲ့ သူ့မိသားစုအကြောင်းတွေ့ရမယ်။ အဲ့ဒီအဖြစ်အပျက်ဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က အမေရိကန်နိုင်ငံ Baltimore မြို့မှာဖြစ်ပွားခဲ့ပြီး ထုတ်လုပ်သူတွေကမိသားစုဝင်တွေအပြင်ဒီကိစ္စမှာပါဝင်ခဲ့တဲ့ စုံထောက်တွေ၊ ဂျာနယ်လစ်တွေကိုပါမေးမြန်းထားပါတယ်။ Rey Rivera ဟာဇနီးသည်အလုပ်ကိစ္စနဲ့ခရီးထွက်နေတုန်း အိမ်ကနေခဏအပြင်ထွက်သွားရာက ပြန်ရောက်မလာတော့ပါဘူး။ ဇနီးသည်နဲ့မိသားစုဝင်တွေဟာ ရက်ပေါင်းများစွာလိုက်ရှာကြရင်း တနေ့မှာတော့ Baltimore ရဲ့အထင်ကရဟိုတယ်ကြီးတခုနားမှာရပ်ထားတဲ့ Rey ရဲ့ကားကိုတွေ့သွားပါတယ်။ Rey ကကောဘယ်ရောက်နေတာလဲ။
ဒုတိယ episode ကတော့လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်ကအမေရိကန်နိုင်ငံ Georgia ပြည်နယ်မှာဖြစ်သွားတဲ့ လူပျောက်မှုတခုအကြောင်းပါ။ Patrice Enders ဆိုတဲ့မိခင်တယောက်ဟာသူမပိုင်တဲ့ဆံပင်ညှပ်ဆိုင်ကနေ ရုတ်တရတ်ပျောက်ဆုံးသွားခဲ့တယ်။ ဆိုင်ထဲမှာတစုံတရာရုန်းကန်တိုက်ခိုက်မှုဖြစ်ပွားထားပုံမတွေ့ရဘဲ အားလုံးကခြေရာလက်ရာမပျက်ရှိနေတော့ ရဲတွေအနေနဲ့ Patrice ဟာသူ့သဘောနဲ့သူထွက်သွားတာလား၊ တစုံတယောက်ရဲ့ခေါ်ဆောင်မှုနောက်လိုက်သွားတာလား စဉ်းစားရပါတော့တယ်။ ပထွေးနဲ့အဆင်မပြေတဲ့ Patrice ရဲ့သားဖြစ်သူရဲ့ခံစားချက်တွေ၊ မိသားစုပြဿနာတွေကြောင့် စီးရီးတခုလုံးမှာ emotional အဖြစ်ဆုံး episode လို့ပြောလို့ရပါတယ်။
ပြင်သစ်နိုင်ငံမှာရိုက်ကူးထားတဲ့တတိယ episode ကတော့ပိုပြီးစုံထောက်ဇာတ်လမ်းဆန်တယ်။ မိဘ ၂ပါးနဲ့ သားသမီး ၄ယောက်အသတ်ခံရတဲ့လူသတ်မှုတခုအကြောင်းကိုရိုက်ကူးထားတာပါ။ ပတ်ဝန်းကျင်ရဲ့အမြင်မှာ တကယ့်ကိုစံပြုလောက်တဲ့ပျော်ရွှင်စရာမိသားစုလေးဟာ တနေ့မှာရုတ်တရတ်အသတ်ခံလိုက်ရပြီး၊ ရဲတွေကသူတို့အမှုကိုစုံစမ်းရင်းမည်သူကမှထင်မထားတဲ့လျှို့ဝှက်ချက်တွေကို တစတစဖော်ထုတ်မိလာပါတော့တယ်။
ပထမဆုံး episode ၃ခုမှာတင်တော်တော်ဆွဲဆောင်မှုရှိပြီး နောက်ထပ်ဆက်ကြည့်ချင်အောင်ဖမ်းစားနိုင်တယ်။ စိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကြည့်ရတာငြီးငွေ့လာသူတွေအဖို့ တကယ်ဖြစ်ပွားခဲ့တဲ့အခြင်းအရာတွေကိုစိတ်ဝင်စားအောင်ရိုက်ကူးထားတဲ့ Unsolved Mysteries က အပြောင်းအလဲတခုဖြစ်မှာပါ။