Speakeasy ဆိုတာမြန်မာလိုပြောရင်တော့အရက်ပုန်းဆိုင်ပေါ့။ အမေရိကမှာ ၁၉၂၀ ၀န်းကျင်လောက်က အရက်ရောင်းချခြင်းကိုပိတ်ပင်လိုက်တဲ့အခါ အမေရိကန်တွေဟာ မှောင်ခိုအရက်ဆိုင်လေးတွေသွားပြီး တခွက်တဖလားချကြပါတယ်။ နောက်ပိုင်းအရက်ရောင်းချခွင့်ပြုလိုက်တဲ့အခါမှာလည်း ဒီ concept အတိုင်းဖွင့်တဲ့ဆိုင်လေးတွေရှိလာတယ်။ ဒါက speakeasy ယဉ်ကျေးမှုအစပြုရာပါ။

အလုပ်ဆင်းတော့နည်းနည်းသောက်ချင်လာတာနဲ့ သူငယ်ချင်းကိုခေါ်ပြီး စမ်းချောင်းထဲက Redhill Blues ဆိုတဲ့ speakeasy ဆိုင်လေးကိုထွက်လာခဲ့တယ်။ ဆိုင်လေးကဖွင့်တာမကြာသေးဘူး။ Speakeasy ဆိုလို့ စိတ်ဝင်စားသွားတာလည်းပါတယ်။ နယူးယောက်နဲ့ ဟောင်ကောင်က speakeasy တွေထိုင်ခဲ့ဖူးတော့ ရန်ကုန် speakeasy ကဘာတွေကွာခြားမလဲပေါ့နော်။
Speakeasy ဆိုတဲ့အတိုင်း ဆိုင်ကိုလွယ်လွယ်နဲ့ရှာမတွေ့ဘူး။ နက်ပြာရောင်ဆိုင်တံခါးကိုသတိမထားမိဘဲ ၂ခါလောက်ဖြတ်လျှောက်မိတဲ့အထိပဲ။ ဆိုင်တံခါးကို keypad နဲ့ပိတ်ထားလို့ password ကိုဖုန်းကြိုဆက်ပြီးမေးထားဖို့လိုပါတယ်။ အတိတ်တချိန်ကအမေရိကမှာစကားဝှက်သိတဲ့သူတွေပဲဝင်လို့ရတဲ့အရက်ပုန်းဆိုင်တွေကိုအမှတ်ရစေတယ်။ သူတို့ password ကိုညတိုင်းပြောင်းတယ်လို့လည်း ပြောပါတယ်။
ဆိုင်အပြင်အဆင်ကတော့ အနောက်တိုင်း speakeasy တွေရဲ့ဟန်ကိုလိုက်မီတယ်လို့ပြောရမယ်။ သမင်ချိုပုံစံပုံဖော်ထားတဲ့မီးဆိုင်းတွေ၊ စိမ်းပြာရောင်နံရံတွေနဲ့ကြည့်ကောင်းတယ်။ စားပွဲခပ်နိမ့်နိမ့်လေးတွေနဲ့ ဆိုဖာခုံတွေကသက်တောင့်သက်သာရှိပြီး ဘားမှာထိုင်ချင်တယ်ဆိုလည်း လူ ၁၀ယောက်စာထိုင်ခုံတွေချထားပါတယ်။
အပြင်အဆင်လန်းပေမယ့် ဖွင့်ထားတဲ့သီချင်းကတော့စိတ်ပျက်စရာပဲ။ ကျမတို့ရောက်ခဲ့တုန်းက Bon Jovi ရဲ့ cover song တွေဖွင့်ထားတယ်။ ပြီးတော့ ZZ Top တီးဝိုင်းရဲ့ La Grange ကိုပြောင်းဖွင့်တယ်။ ကျမအမြင်တော့ speakeasy တွေဟာအဲ့လိုသီချင်းတွေနဲ့ပိုလိုက်ဖက်တယ်ထင်တာပဲ။ ဒါပေမယ့်မကြာပါဘူး၊ Bon Jovi ရဲ့ cover song တွေပြန်ဖွင့်ပါတယ်။

ဒါပေမယ့်လည်းသောက်ဖို့လာတာဆိုတော့ သီချင်းကိုသိပ်ဂရုမစိုက်နိုင်တော့ဘဲ menu ကိုတချက်ကြည့်လိုက်ပါတယ်။ Moscow Mule ကို inspire လုပ်ထားတဲ့ Redhill Mules ကိုမှာလိုက်တယ်။ ဗော့ဒ်ကာနဲ့ ‘homemade Centella gigger beer’ တို့နဲ့ဖျော်စပ်ထားတယ်ဆိုတော့ gigger ဆိုတာဘာများလဲပေါ့။
Moscow Mule အတိုင်း ကြေးခွက်နဲ့ရောက်လာတဲ့ drink ကိုသောက်ကြည့်တော့ ဂျင်းနံ့သင်းသင်းလေးရမှ gigger ဆိုတာ ginger ကိုစာလုံးပေါင်းမှားထားတာဖြစ်ကြောင်းသိရတော့တယ်။ ဗော့ဒ်ကာနဲ့ ginger beer ကအချိန်အဆမှန်တော့ ထိထိမိမိနဲ့သောက်လို့အဆင်ပြေပါတယ်။
ကျမသူငယ်ချင်းကတော့ Drunk By Mandalay Moat ဆိုတဲ့ကော့တေးကိုမှာထားတယ်။ ကျမတို့အဲ့ဒီမှာသောက်ခဲ့သမျှထဲသူကအကောင်းဆုံးပဲလို့ပြောရမယ်။ မန္တလေးရမ်၊ ပြည်တွင်းဖြစ် espresso ကော်ဖီ၊ ဆွမ်းမွှေးသကာရည် (pandan syrup) နဲ့ vanilla တို့ပေါင်းစပ်ထားပြီး တခုနဲ့တခုအစပ်အဟပ်တည့်ပါတယ်။ ခါးဆိမ့်တဲ့ espresso ကို မွှေးပျံ့တဲ့ရမ်အရက်၊ ဆွမ်းမွှေးရည်ချိုချိုလေးနဲ့ပေါင်းစပ်လိုက်တော့ အရသာကတော်တော်ထူးခြားပြီးသောက်လို့ကောင်းပါတယ်။
Drink တွေကခွက်သေးသေးနဲ့ဆိုတော့ မူးတဲ့အထိဖြစ်မှာတော့မဟုတ်ဘူး။ ဒါကလည်း speakeasy တွေမှာအရက်မူးပြီးရန်ဖြစ်တာမျိုးမဖြစ်အောင် ချင့်ချိန်သောက်ကြတဲ့ယဉ်ကျေးမှုကြောင့်ပါ။ Portion နည်းပေမယ့် အရသာရှိပါတယ်။
ဒုတိယအကျော့ထပ်သောက်ဖို့ Negroni နဲ့ Tiger Draft Beer ကိုမှာလိုက်ပါတယ်။ စောစောက ကော့တေးတွေလောက် Negroni ကသောက်လို့မကောင်းပါဘူး။ Vermouth ထည့်တာများသွားတော့ တော်တော်ချိုနေတယ်။ ကျမသူငယ်ချင်းရဲ့ဘီယာကိုနည်းနည်းယူသောက်လိုက်တော့မှ ထိထိမိမိရှိတော့တယ်။
ကော့တေးတွေကတခွက်ကို ၆၀၀၀-၇၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ဘီယာကတော့တခွက် ၂၀၀၀ ပါ။ French fries တို့ ဝက်နံရိုးကြော်တို့လို snack တွေရပါတယ်။

Drink တွေနဲ့ပတ်သက်ပြီး ရာနှုန်းပြည့်စိတ်တိုင်းမကျပေမယ့် နောက်တခေါက်ထပ်သွားပြီးတခြား menu တွေမြည်းကြည့်ဖို့တော့အစီအစဉ်ရှိတယ်။ နောက်တခေါက်ဆိုရင်တော့ playlist ကောင်းကောင်းလေးဖွင့်ထားမယ်လို့မျှော်လင့်ပါတယ်။
မသွားခင် 09 799 181 199 ကိုဆက်ပြီး password မေးဖို့မမေ့နဲ့နော်။
ဇောတိကလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
5:00 PM – 2:00 AM
Susan Bailey ရေးသားသော REDHILL BLUES: A Yangon-style Speakeasy အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။