မြန်မာနိုင်ငံမှာဂိမ်းကစားတဲ့သူတွေအရမ်းများပေမယ့် ဂိမ်းထုတ်လုပ်သူတွေကတော့ လက်ချိုးရေလို့ရအောင် နည်းလှပါတယ်။ ထုတ်လုပ်လိုက်တဲ့ဂိမ်းအများစုကလည်း အများပြည်သူကြားကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားသွားတာမျိုးသိပ်မတွေ့ရဘဲ ဖဲဂိမ်းနဲ့ငါးပစ်ဂိမ်းတွေလောက်သာ cele တွေကြော်ငြာပေးရင်းပျံ့နှံ့နေတာတွေ့ရတယ်။
Venus Lab ကကိုစိုးသီဟနိုင်နဲ့တွေ့ဖြစ်တဲ့အကြောင်းရင်းက သူတို့ရဲ့ပထမဆုံးဂိမ်းဖြစ်တဲ့ ပွဲကြမ်း (Pwal Kyam) အကြောင်းပြောဖြစ်ခဲ့ပါတယ်။
ကိုစိုးသီဟတို့ရဲ့ ပွဲကြမ်းက mobile game ဖြစ်ပြီး online ပေါ်မှာတခြား player တွေနဲ့ပြိုင်ကစားလို့ရတဲ့ MOBA အမျိုးအစားပါ။ ၂၀၁၉ခုနှစ်ကတည်းက developer ၃ယောက်လောက်နဲ့ Beta version ထွက်ရှိခဲ့ပြီး official version ကတော့ သြဂုတ်လ ၁၇ရက်နေ့မှာထွက်ခဲ့ပါတယ်။ ထွက်ထွက်ချင်း PlayStore က download လုပ်ပြီးကစားတဲ့သူများလွန်းတာကြောင့် server မနိုင်တဲ့အထိတောင်ဖြစ်ခဲ့တယ်။

“ကျနော်တို့ Beta version မှာကစားတဲ့သူသိပ်မရှိတော့ server ကိုထောင်ဂဏန်းလောက်ပဲထားလိုက်တာပေါ့။ တကယ်တမ်းထွက်လာတဲ့အချိန်မှာတော့ သိန်းဂဏန်းလောက်ဖြစ်သွားတယ်။ အခုတော့ server ကို ၁၅ဆလောက်ချဲ့လိုက်ပါပြီ” လို့ ကိုစိုးသီဟကပြောတယ်။
Beta အဆင့်မှာထင်သလောက်လူသိများခြင်းမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အဖွဲ့ဝင် ၁၀ယောက်နဲ့လုပ်ကိုင်နေတဲ့ပွဲကြမ်းဟာ install လုပ်ပြီးသူ တသိန်းကျော် online မှာပုံမှန်ကစားသူ ၂၀၀၀ကျော်ရှိနေပါပြီ။ ရေရှည်တည်တံ့ခိုင်မြဲအောင်ဘယ်လိုလုပ်မယ်လို့စီစဉ်ထားလဲမေးကြည့်တဲ့အခါမှာတော့
“Player တွေပုံမှန်ကစားအောင် hero အသစ်တွေထုတ်ပေးတာမျိုး၊ မြန်မာရာဇဝင်မှာရှိတဲ့သူရဲကောင်းတွေ၊ မြန်မာကာတွန်းဇာတ်ကောင်တွေကိုအခြေခံထားတဲ့ hero တွေထုတ်ဖို့စီစဉ်ထားပါတယ်။ Player အချင်းချင်း competitive ဖြစ်ဖို့ rank system နဲ့ season တွေလည်းပါလာမယ်။ Leaderboard မှာ rank မြင့်တဲ့သူတွေကိုလက်ဆောင်တွေ skin တွေပေးသွားဖို့လည်းရှိပါတယ်။”

Beta မှာကစားသူတွေက graphic နဲ့ control ပိုင်းတွေကိုပိုတိုးတက်အောင်လုပ်ဖို့ထောက်ပြခဲ့ကြတယ်လို့ သူကပြောပါတယ်။ Graphic ပိုင်းကတော်တော်ကြည့်ကောင်းတဲ့အဆင့်ရှိပါတယ်။ Control ကတော့ attack ၂ခု (normal attack + skill) ပဲပါပါသေးတယ်။
ပွဲကြမ်းမှာလတ်တလော hero ၁၁ကောင်ရှိနေပြီး အားလုံးနီးပါး မြန်မာရာဇဝင်သူရဲကောင်းတွေကိုမှီငြမ်းထားတာပါ။ အနာဂတ်ကလာတဲ့သူရဲကောင်း Captain Haymann နဲ့ Queen Guard လောက်ပဲအနောက်တိုင်း art လွှမ်းမိုးမှုတွေ့ရတယ်။
ကျနော်သဘောအကျဆုံး hero design ကတော့ Byarla ပဲ။ ဆင်နှာမောင်း၊ ကြံ့ချို၊ မြန်မာခြသေ့ၤရုပ်ထုတွေမှာတွေ့ရလေ့ရှိတဲ့လည်ဆံမွေး၊ လူကိုယ်နဲ့ ဒေါင်းမြှီးတွေပေါင်းထားတဲ့ရခိုင်ဒဏ္ဍာရီထဲကပဉ္စရူပတိရစ္ဆာန်ကို သူ့နည်းသူ့ဟန်နဲ့ inspire ယူထားတာ တော်တော်စိတ်ကူးကောင်းပါတယ်။
တချို့တွေကပွဲကြမ်းကို နာမည်ကြီး MOBA game Mobile Legends နဲ့နှိုင်းယှဉ်ပြောနေကြပေမယ့် ML ကိုယ်တိုင်က DOTA နဲ့ League of Legends ရဲ့ concept တွေကိုမှီးထားတယ်ဆိုတာမေ့နေကြပုံရပါတယ်။ ပွဲကြမ်းရဲ့ character တွေဟာမြန်မာမှုအငွေ့အသက်တွေနဲ့ဖန်တီးထားတဲ့အတွက် ကိုယ်ပိုင်စိတ်ကူးတွေကိုတွေ့နိုင်တယ်။ လက်ရာကလည်းတော်တော်ကွဲပြားပါတယ်။

ဥပမာ ဂိမ်းစဆော့တဲ့သူတိုင်း free ရတဲ့ hero မြင်းမူလုလင်ဆိုရင် ပုဂံရာဇဝင်ထဲကသူရဲကောင်းငထွေရူးကို inspire ယူထားတာပါ။ ပုဆိုးနဲ့ ဝါးခမောက်နဲ့ ထန်းရည်အိုးလေး ၂လုံးထမ်းထားတဲ့ မြန်မာဆန်ဆန် hero နဲ့ကစားရတာတခြားဘယ်မှာမှမရနိုင်တဲ့ဂိမ်းကစားမှုအတွေ့အကြုံကိုရပါလိမ့်မယ်။ Skin တွေကို လက်ဘက်ရည်တခွက်စာလောက်ဈေးနှုန်းနဲ့၀ယ်ယူနိုင်ပါလိမ့်မယ်။
3vs3 နဲ့ Survival mode ၂မျိုးကစားနိုင်ပြီး ၅မိနစ်လောက်နဲ့စိတ်အပန်းပြေကစားနိုင်တဲ့ casual game အဖြစ်ရည်ရွယ်တယ်လို့ကိုစိုးသီဟကဆိုတယ်။ အချိန်တိုင်းမှာ online player ၂၀၀၀လောက်ရှိတာမို့ matching တော်တော်မြန်တယ်။ သူငယ်ချင်းတွေကို invite လုပ်ပြီးကစားနိုင်ပါပြီ။
လတ်တလော Android version မှာကစားနိုင်ပြီဖြစ်ပြီး download size 112 MB ရှိပါတယ်။ Pwal Kyam လို့ရိုက်ပြီးရှာပါ။ နိုင်ငံခြားကဂိမ်းတွေကိုလည်းကစားရင်း ကိုယ့်မြန်မာနိုင်ငံသားတွေထုတ်လုပ်ထားတဲ့ဂိမ်းတွေကိုလည်း အားပေးကြည့်ရအောင်ဗျာ။