Advertisement

စက်တင်ဘာလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

Enola Holmes (23 Sep)

ဒါကတော့လူတိုင်းမျှော်လင့်နေကြမယ့်ရုပ်ရှင်ပဲဖြစ်မယ်။ Sherlock Homes ရဲ့ညီမ Enola Holmes ရဲ့စွန့်စားခန်းတွေအကြောင်းရိုက်ကူးထားပြီး Enola Holmes မှာ Enola အဖြစ် Millie Bobby Brown (Stranger Things) ကပါဝင်ထားတယ်။ သူ့အစ်ကို Sherlock နေရာမှာ Henry Cavil၊ Mycroft နေရာမှာ Sam Claflin တို့ကသရုပ်ဆောင်ထားပါတယ်။

Enola ဟာ Sir Arthur Conan Doyle ရဲ့မူလ Sherlock Holmes ဝတ္ထုတွေထဲကဇာတ်ကောင်မဟုတ်ဘဲ အမေရိကန်စာရေးဆရာမ Nancy Springer ဖန်တီးထားတဲ့ဇာတ်ကောင်ပါ။ Holmes လိုပဲစုံထောက်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

Covid-19 ကြောင့် Brown ကို ဒီနှစ်အတွင်း Stranger Things မှာမမြင်ရသေးပေမယ့် နောက် ၂လလောက်ဆို Enola Holmes အဖြစ်တွေ့ရတော့မယ်ဆိုတော့ သူ့ပရိသတ်တွေကျေနပ်ကြမယ်ထင်တယ်။

Ratched (18 Sep)

Ratched ကကျနော်လတ်တလောအကြည့်ချင်ဆုံးဇာတ်လမ်းတွဲပါပဲ။ One Flew over the Cuckoo Nest ထဲမှာပါတဲ့ စိတ္တဇဆေးရုံကရက်စက်တဲ့သူနာပြုဆရာမ Ratched ကိုအခြေခံပြီး Ryan Murphy ကဖန်တီးထားတဲ့ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းတွဲမှာ Ratched တယောက် သာမန်သူနာပြုဆရာမလေးဘဝကနေ ဆေးရုံတခုလုံးအပေါ်သြဇာညောင်းတဲ့အကြီးအကဲတယောက်ဖြစ်လာပုံကိုမြင်ရမယ်။

American Horror Story ရဲ့ပဲ့ကိုင်ရှင် Murphy စီစဉ်တဲ့ဇာတ်လမ်းမို့ အသတ်အဖြတ်၊ လိင်မှုကိစ္စနဲ့ လူတွေရဲ့အကျင့်ပျက်ခြစားမှုတွေကိုတွေ့ရမယ်လို့ AHS ပရိသတ်တွေကထင်ကြေးပေးနေကြပါတယ်။ တချို့ကဆို American Horror Story: Ratched လို့တောင် nickname ပေးထားပါတယ်။ အဓိကဇာတ်ကောင် Ratched နေရာမှာ AHS ရဲ့ပင်တိုင်သရုပ်ဆောင်တဦးဖြစ်သူ Sarah Paulson ပါဝင်ထားတာမို့ AHS ကိုလွမ်းနေသူတွေအလွမ်းပြေကြည့်သင့်တဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

The Devil All the Time (16 Sep)

Trailer ထွက်ပြီးကတည်းက Netflix ပရိသတ်တွေအများကြီးမျှော်လင့်ထားတဲ့ရုပ်ရှင်ပါ။ Robert Pattinson, Tom Holland နဲ့ Sebastian Stan တို့လိုနာမည်ကြီးတွေခေါင်းဆောင်ပါဝင်ထားလို့လည်း လူစိတ်ဝင်စားမှုတော်တော်ရနေတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ပြည့်နှစ်တွေက အမေရိကန်နိုင်ငံ အိုဟိုင်းယိုးမြို့မှာ နာမည်အရမ်းကြီးနေတဲ့တရားဟောဆရာ (Pattinson) ကို Arvin Russell (Holland) ကမသင်္ကာလို့ သူ့အကြောင်းလိုက်စုံစမ်းရာကနေ တွေ့ကြုံရတဲ့အဖြစ်အပျက်တွေကိုရိုက်ကူးထားတယ်။ Trailer ထဲမှာတော့လူသတ်မှုတွေ၊ လိင်ဆက်ဆံတဲ့ပြကွက်တွေ၊ ထိုးကြိတ်သတ်ပုတ်ခန်းတွေတွေ့ရတဲ့အတွက် အက်ရှင်နဲ့စုံထောက်ဇာတ်လမ်းဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ 

I’m Thinking of Ending Things (4 Sep)

Eternal Sunshine of the Spotless Mind ဒါရိုက်တာ Charlie Kaufman ရိုက်ကူးတဲ့ဒီရုပ်ရှင်ဟာ psychological thriller ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကိုရည်းစားဖြစ်သူရဲ့မိဘတွေဆီ သွားရောက်လည်ပတ်တဲ့ မိန်းကလေးတယောက်နေရာကနေရိုက်ကူးထားတယ်။ သူမဟာ relationship ကိုအဆုံးသတ်ဖို့စဉ်းစားနေပေမယ့် ပွင့်ပွင့်လင်းလင်းထုတ်မပြောဖြစ်ဘဲ ကောင်လေးရဲ့မိဘတွေနေတဲ့နယ်မြို့လေးဆီသွားလည်ရာကနေ ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကြုံတွေ့ရပါတော့တယ်။

အဓိကသရုပ်ဆောင် ၄ယောက်တည်းနဲ့ရိုက်ကူးထားပြီး ကောင်လေးရဲ့မိဘတွေနေရာမှာ Toni Collette (Hereditary) နဲ့ David Thewlis (Harry Potter) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

The Babysitter: Killer Queen (10 Sep)

၂၀၁၇ခုနှစ်ကထွက်ခဲ့တဲ့ comedy horror The Babysitter ရဲ့အဆက်ဖြစ်ပြီး Samara Weaving ပြန်မပါလာတော့ပေမယ့် Bella Thorne နဲ့ Judah Lewis တို့ကတော့သူတို့ဇာတ်ကောင်တွေနေရာမှာ ပြန်လည်သရုပ်ဆောင်ထားပါတယ်။ ပထမဇာတ်လမ်းနဲ့ချိတ်ဆက်ထားပြီး Cole Johnson (Lewis) တယောက် မာရ်နတ်ကိုးကွယ်သူတွေရဲ့လက်တုံ့ပြန်မှုကနေ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်မလဲကြည့်ကြရမှာပါ။ 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here