Advertisement

ကိုဗစ်ကပ်ရောဂါကြောင့် အရာရာပြောင်းလဲခဲ့ပါပြီ။ တချို့အရာတွေက လုံးဝပြောင်းလဲသွားသလို တချို့အရာတွေက ပြန်မရလောက်အောက် ပြောင်းလဲခဲ့ပါပြီ။ နယ်စပ်နဲ့ Lockdown စည်းမျဉ်းတွေကြောင့် လူသန်းပေါင်းများစွာ စီးပွားရေး၊လူမှုရေး ထိခိုက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် စက်ရုံအလုပ်ရုံ၊ လေကြောင်းလိုင်း၊ ခရီးသွားလာရေး နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။ တချို့လူတွေက ကိုဗစ်ကို အရှုံးပေးကြသလို တချို့လူတွေက အရှုံးမပေးဘဲ လူနေမှုပုံစံနဲ့ စီးပွားရေးလုပ်ငန်းပုံစံသစ်တွေနဲ့ အသက်ဆက်ကြပါတယ်။ ခုဆိုရင် ကိုဗစ်ဒဏ်ခံစားရတာ ၉ လကျော်လာပါပြီ။ ကိုဗစ်ကြောင့် အဓိကပြောင်းလဲခဲ့တဲ့ အခြေအနေ ၁၀ ခုကို လေ့လာနိုင်အောင် ဖော်ပြလိုက်ပါတယ်။

(၁) Mask

အရင်တုန်းက Face Mask ဆိုတာ ကျန်းမာရေးဝန်ထမ်းတွေပဲ ဝတ်ဆင်တာများပါတယ်။ ခုတော့ လူတိုင်းနီးပါး Mask ဝတ်ဆင်နေရပါပြီ။ အပြင်သွားရင် Mask မတပ်လို့မရတော့ပါဘူး။ အိမ်ကထွက်မယ်ဆိုရင် Mask ပါမပါ စစ်နေရပါပြီ။ ကိုဗစ်ကူးစက်မှုကျဆင်းသွားရင်တောင် Mask တွေက ဝတ်ဆင်ရဦးမှာဖြစ်ပါတယ်။

(၂) အဖျားတိုင်းခြင်း

အရင်တုန်းက အဖျားတိုင်းတယ်ဆိုတာ ဖျားနာမှ လုပ်ကြတဲ့ကိစ္စဖြစ်ပေမယ့် ခုချိန်မှာတော့ ဘယ်သွားသွား အဖျားတိုင်းခံရမှာသေချာပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အဖျားတိုင်းတာက နေ့စဉ်လုပ်ငန်း ဆောင်တာ တစ်ခုလိုဖြစ်နေပါပြီ။ အဖျားတိုင်းစက် ထုတ်လုပ်တဲ့လုပ်ငန်းတွေ အလုပ်ဖြစ်ကြပါတယ်။ ကိုဗစ်ရှိနေသမျှ အဖျားတိုင်းနေရဦးမှာဖြစ်ပါတယ်။

(၃) လေကြောင်းခရီးစဉ်များ

ကိုဗစ်ကာလအထိခိုက်ဆုံး စီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ခရီးသည်ထက်ဝက်နဲ့ ကန့်သတ်ထားတဲ့ ခရီးစဉ်တွေကြောင့် လေကြောင်းလုပ်ငန်းတွေအထိနာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘတ်ဂျတ်လေကြောင်းလိုင်းတွေ မပြေးဆွဲနိုင်တော့ပါဘူး။ ဒါကြောင့် ဘတ်ဂျတ်လေကြောင်းလိုင်းအများစု ဒေဝါလီခံခဲ့ရပါတယ်။ အစိုးရဘက်က လေယာဉ်ကုမ္ပဏီတွေကို အတိုး ၂ ရာခိုင်နှုန်းနဲ့ထုတ်ချေးခဲ့ပေမယ့် ရေရှည်တော့ ထိန်းနိုင်မယ်မထင်ပါဘူး။

(၄) ယုံကြည်မှု

Lockdown ကာလကြောင့် စီးပွားရေးလုပ်ငန်း အများစုပိတ်သိမ်းခဲ့ရပါတယ်။ တချို့လုပ်ငန်းတွေက Lockdown အခြေအနေပေါ်မူတည်ပြီး ပိတ်လိုက်ဖွင့်လိုက်လုပ်ရပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေက ပုံစံပြောင်းပြီး ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေက ကပ်ရောဂါကာလအတွင်း အသုံးအစွဲချွေတာလာပါပြီ။ ဝယ်လိုအားများစွာ ကျဆင်းခဲ့ရပါပြီ။ လူတွေအားလုံးက အပြင်ထွက်တာထက် အိမ်မှာနေတာပိုများလာပါတယ်။ အခပေး၊အခမဲ့ရုပ်သံလိုင်းတွေနဲ့ အချိန်ကုန်ကြတာများပါတယ်။

(၅) စားသောက်မှုပုံစံ

ကိုဗစ်ကာလမှာစားသောက်မှုပုံစံတွေပြောင်းလဲခဲ့ပါပြီ။ ဆိုင်မှာထိုင်စားတာထက် ပါဆယ်မှာစားတာ ပိုများပါတယ်။ Grab နဲ့ Foodpanda လို အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီလုပ်ငန်းတွေ အလုပ်ဖြစ်လာပါတယ်။ စားသောက်ဆိုင်အများစုက ဆိုင်ထိုင်စားစနစ်ထက် ပါဆယ်စနစ်ကိုဦးစားပေးလာပါတယ်။ တချို့စားသောက်ဆိုင်ကြီးတွေက အပြီးပိတ်သိမ်းလိုက်ရပါတယ်။

(၆) ခရီးသွားလုပ်ငန်းများ

ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း အားလုံးနီးပါးရပ်ဆိုင်းခဲ့ရပါတယ်။ အနောက်နိုင်ငံတွေမှာ ခရီးသွားလာမှုတွေရှိပေမယ့် အာရှနိုင်ငံတွေမှာတော့ အလွန်နည်းပါးသွားပါပြီ။ လူအများစု အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်ကြတော့ဘူး။ အဝေးတစ်နေရာက တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ ခရီးသွားတာထက် Video Call ပြောတာပိုများလာပါတယ်။ နိုင်ငံတကာခရီးသွားကုမ္ပဏီတွေလည်း အထိနာကြပါတယ်။

(၇) စီးပွားရေး

စီးပွားရေးကတော့ နိုင်ငံတိုင်းနီးပါးကျဆင်းကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားသလို စီးပွားရေးလုပ်ငန်းတိုးချဲ့မှုတွေလည်း နည်းပါးသွားပါတယ်။ ဘဏ်တွေအားလုံးလည်း ချေးငွေတွေအတွက် ပူပန်နေကြပါတယ်။ တချို့နိုင်ငံအစိုးရတွေကတော့ အလုပ်လက်မဲ့ဦးရေမြင့်တက်လာမှာစိုးရိမ်လို့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေချပေးနေပါတယ်။ ခရီးသွားလုပ်ငန်းအပေါ်မှီခိုတဲ့ နိုင်ငံတွေအထိနာကြပါတယ်။

(၈) Work From Home

ကပ်ရောဂါကာလအတွင်း ကုမ္ပဏီအများစုက အိမ်ကနေအလုပ်လုပ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေအားလုံး Work From Home လုပ်နိုင်အောင် ပြင်ဆင်ရပါတယ်။ ကောင်းကျိုးအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုလျော့ချနိုင်သလို၊ အဆောက်အဦငှားရမ်းတဲ့ စာရိတ်တွေလည်း ပိုထွက်လာပါတယ်။ အလုပ်သမားတွေလည်း အိုးမကွာအိမ်မကွာ အလုပ်လုပ်နိုင်လာပါတယ်။ အင်တာနက်အလုပ်အကိုင်တွေ ခေတ်စားလာပါတယ်။

(၉) ဖျော်ဖြေရေးလုပ်ငန်းများ

ကိုဗစ်ကပ်ရောဂါနဲ့အတူ ဖျော်ဖြေရေးလုပ်ငန်းအားလုံးရပ်ဆိုင်းခဲ့ရပါပြီ။ ဂီတ၊ ရုပ်ရှင်၊ အနုပညာလုပ်ငန်းအားလုံးအထိနာခဲ့ပါတယ်။ ဘား၊ ကေတီဗီ၊နိုက်ကလပ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်ပါပြီ။ ဝန်ထမ်းတွေအားလုံးလည်း အိမ်ပြန်ရပါပြီ။

(၁၀) လူနေထိုင်မှုပုံစံ

ကျွန်တော်တို့ရဲ့ လူနေထိုင်မှုပုံစံတွေလည်း ပြောင်းလဲခဲ့ပါပြီ။ အရင်လို အလှူအတန်း၊ လူစုလူဝေးသွားလာတာမျိုးတွေ မရှိတော့ပါဘူး။ ကပ်ရောဂါကာလအတွင်း ဧည့်သည်ယဉ်ကျေးမှုပျောက်ဆုံးသွားပါပြီ။ အရာအားလုံးထက် ကျန်းမာရေးကို ပိုပြီးဦးစားပေးလာကြပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့လိုလာပါပြီ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here