နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ လူတွေ နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးခိုင်းစေမှုများပြားလာပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ခပ်ခွာခွာနေရမယ့် အချိန်မှာ စက်ရုပ်အသုံးပြု တာတွေ ပိုများလာပါတယ်။
စက်ရုပ်တွေကို အကြီးစားစက်မှုလုပ်ငန်းတွေသာမက စားသောက်ဆိုင်တွေအထိ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက No Brand ဘာဂါဆိုင်ကတော့ လူသားစားပွဲထိုးတွေနေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးပြီး ဝန်ဆောင်မှုပေးနေပါပြီ။ကိုဗစ်ကပ်ရောဂါကာလအတွင်း တင်းကြပ်တဲ့စည်းကမ်းတွေကြောင့် တောင်ကိုရီးယားရဲ့ စားသောက်ဆိုင်အများစု ဝန်ထမ်းလျော့ချတာတွေ၊ ဆိုင်ပိတ်တာတွေရှိပေမယ့် No Brand ဘာဂါ ဆိုင်ကတော့ စက်ရုပ်တွေနဲ့ အလုပ်ဖြစ်နေပါတယ်။
No Brand ဘာဂါဆိုင်က စက်ရုပ်တွေကို ပါဆယ်မှာတာ၊ စားပွဲထိုးတာ၊ ငွေရှင်းတာတွေအတွက် တာဝန်ပေးထားပါတယ်။ စားသုံးသူက Touch Screen Menu ကနေ လိုချင်တဲ့ အမျိုးအစားကို မှာတဲ့အခါ စားဖိုဆောင်က စီစဉ်ပေးပါတယ်။ စားဖိုဆောင်က ရလာတဲ့ အစားအစာတွေကို စက်ရုပ်တွေက သယ်ဆောင်ပြီး စားသုံးသူဆီပို့ပေးပါတယ်။ ငွေရှင်းတာကိုတော့ online ကတစ်ဆင့် ပြုလုပ်လို့ရပါတယ်။ ဒီလိုစက်ရုပ်တွေ စားပွဲထိုးခိုင်းတာကို ဝန်ထမ်းတွေအားလုံးက သဘောကျပြီး ပျော်စရာကောင်းတယ်လို့ ပြောပါတယ်။ လူသားစားပွဲထိုးတွေက စားဖိုဆောင်ရောက်သွားပြီး စက်ရုပ်တွေက စားပွဲထိုးဖြစ်သွားပါတယ်။
အနာဂတ်စားပွဲထိုးအလုပ်အကိုင်တွေအတွက် ရင်လေးစရာလို့ ပြောရင်ရပါတယ်။ အကောင်းဘက်ကတွေးရင်တော့ လူတွေသက်သာပြီး အခုလိုကပ်ရောဂါကာလမှာ အနည်းငယ်အဆင်ပြေတယ်လို့ ပြောရရင်ရပါတယ်။ No Brand ကုမ္ပဏီဘက်တော့ စက်ရုပ်တွေကြောင့် ပြီးခဲ့တဲ့လထက် ရောင်းအား ၅၂ ရာခိုင်နှုန်းတက်လာတယ် ပြောပါတယ်။ No Brand ဘာဂါတွေဟာ ကိုရီးယားမှာ ဈေးသက်သာတဲ့ ဘာဂါဆိုင်ဖြစ်ပြီး အမေရိကန် ၁.၅ ဒေါ်လာကနေ ၄.၅ ဒေါ်လာထိပဲ သတ်မှတ်ထားပါတယ်။ တောင်ကိုရီးယားမှာ No Brand ဘာဂါဆိုင် ၁၀ ဆိုင်ရှိပြီး ၁၀ ဆိုင်စလုံးမှာ စက်ရုပ်စားပွဲထိုးတွေနဲ့ ဝန်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ No Brand အပြင် အီတလီစားသောက်ဆိုင် Chain Mad မှာလည်း စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုနေပြီဖြစ်ပါတယ်။ စက်ရုပ်တွေ အသုံးပြုဖို့ ဆိုင်တစ်ခုလုံးကို 3D နဲ့ မြေပုံရေးဆွဲရပြီး AI စနစ်နဲ့ ထိန်းချုပ်တယ်လို့ စက်ရုပ်ကုမ္ပဏီတစ်ခုကပြောပါတယ်။ စက်ရုပ်တစ်ရုပ်မှာ အစားအစာ ၆၆ ပေါင်အထိ သယ်ဆောင်နိုင်ပြီး သီချင်းသံလေးတွေလည်း ထည့်သွင်းပေးထားပါတယ်။ စက်ရုပ်စားပွဲထိုးတွေကို ဂျပန်နိုင်ငံမှာ စတင်အသုံးပြုခဲ့ပေမယ့် ခုချိန်မှာတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံမှာ စမ်းသပ်အသုံးပြုနေကြပြီဖြစ်ပါတယ်။
Ko Wai Lin