Advertisement

ရုပ်ရှင်၊ စီးရီး၊ ကာတွန်းတွေထဲက စိတ်ကူးယဉ်ဖန်တီးမှုတွေကလည်း တစ်ကယ်ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒီလို စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်အထည်ဖော်ပေးသူတွေက သိပ္ပံပညာရှင်တွေဖြစ်ပါတယ်။ အရင်တုန်းက စိတ်ကူးနဲ့ဖန်တီးခဲ့တဲ့အရာတွေကို ဒီဘက်ခေတ်က ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။

(1) 3D Printer
၁၉၈၆ ဝန်းကျင်က Star Trek ကြည့်ခဲ့ဖူးသူတွေဆိုရင် 3D Printer ကို မြင်ဖူးကြပါလိမ့်မယ်။ အဲဒီ သိပ္ပံစီးရီးထဲမှာ ယာဉ်ပေါ်က ဝန်ထမ်းတွေကို အစားအစာပေးတဲ့အခါ Printer နဲ့ ပုံတူကူးပြီးပေးတဲ့ စက်တစ်လုံးပါဝင်ပါတယ်။ လက်ရှိ မျက်မှောက်ခေတ်ကာလမှာတော့ 3D Printer တွေကိုတော့ ဆေးပညာနဲ့ အင်ဂျင်နီယာကဏ္ဍတွေမှာ သုံးနေကြပါတယ်။

(2) စမတ်နာရီ
စမတ်နာရီတွေကို ၁၉၉၅ ထွက်ရှိခဲ့တဲ့ ဂျိမ်းဘွန်းကား Golden Eye နဲ့ Spy Kids ဟာသဇာတ်ကားတွေမှာ စမတ်နာရီတွေကို စိတ်ကူးယဉ်ရိုက်ကူးခဲ့ပါတယ်။ ခုချိန်မှာတော့ စမတ်နာရီတွေကို ဖုန်းကုမ္ပဏီအကုန်နီးပါးထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

(3) အသံနဲ့အမိန့်ပေးခြင်း
လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အသံနဲ့အမိန့်ပေးတာကို Star Trek ဇာတ်လမ်းတွဲမှာပဲ တွေ့ဖူးကြပါတယ်။ ခုချိန်မှာတော့ စမတ်ဖုန်းအများစုနဲ့ စက်ကိရိယာအများစုကို အသံနဲ့အမိန့်ပေးခိုင်းစေလို့ရနေပါပြီ။

(4) Gesture
စမတ်ဖုန်းတွေမှာ လက်နဲ့ဝှေ့ရမ်းပြီး လုပ်ရတာက ဒီဘက်ခေတ်မှာ မထူးဆန်းပေမယ့် တွမ်ခရုရဲ့ ၂၀၀၂ Minority Report ထဲမှာတော့ ပါတာကြာပါပြီ။

(5) မောင်းသူမဲ့ကား
မောင်းသူမဲ့ကားတွေကို အရင်ခေတ်ရုပ်ရှင်တွေမှာ ခဏခဏမြင်ဖူးကြပါလိမ့်မယ်။ ၂၀၀၄ ခုနှစ်က ဝဲလ်စမစ်ရိုက်ကူးခဲ့တဲ့ iRobot ဇာတ်ကားမှာတော့ မောင်းသူမဲ့ကားတွေအများကြီးသုံးခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ Google က ဦးဆောင်ပြီး မောင်းသူမဲ့ ကားတွေတီထွင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။

(6) ဒီဂျစ်တယ်ကြော်ငြာဘုတ်
၁၉၈၂ ခုနှစ်က ဟယ်ရစ်ဆင်ဖို့ဒ် သရုပ်ဆောင်ထားတဲ့ Blade Runner ကြည့်ဖူးရင် ဒီဂျစ်တယ် ကြော်ငြာဘုတ်တွေကို မြင်ဖူးကြမှာပါ။ ခုခေတ်မှာတော့ LED ဒီဂျစ်တယ်ကြော်ငြာဘုတ်တွေကို မြို့ကြီးတွေမှာ မြင်နေရပြီဖြစ်ပါတယ်။

(7) VR
ပထမဆုံး မျက်မှန်လိုကြည့်ရတဲ့ VR ကို ၁၉၉၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Hackers ဇာတ်ကားမှာ ပထမဆုံးထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ခုချိန်မှာတော့ VR ဆိုတာ လူတိုင်း သိတဲ့ ပစ္စည်းဖြစ်နေပါပြီ။

(8) ရေငုပ်သင်္ဘော
၁၈၇၀ ပြည့်နှစ်က ထုတ်တဲ့ Twenty Thousand Leagues Under the Sea စာအုပ်ထဲမှာ ပင်လယ်ရေအောက်သွား ယာဉ်တစ်စီးအကြောင်းပါဝင်ပါတယ်။ အဲဒီခေတ်တုန်းက ရေနက်ထဲထိ လောင်စာနဲ့ငုပ်နိုင်တဲ့ ရေငုပ်သင်္ဘောမပေါ်သေးပါဘူး။ လောင်စာသုံး ရေငုပ်သင်္ဘောတွေပေါ်တာ ၁၉၀၀ ဝန်းကျင်လောက်မှ ပေါ်တာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ နျူကလီယားလောင်စာသုံး ရေငုပ်သင်္ဘောတွေအထိ တီထွင်နိုင်ခဲ့ပါပြီ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here