Advertisement

လမ်းဘေးခွေးလို့ပြောလိုက်တာနဲ့ရိုင်းစိုင်းကြမ်းတမ်းပြီး ထိန်းရခက်တဲ့ခွေးတွေလို့ထင်တတ်ကြပါတယ်။ ဒါပေမယ့်လက်တွေ့မှာတော့ လမ်းဘေးခွေးတွေဟာလည်းချစ်ဖို့ကောင်းပြီး အသိဉာဏ်မြင့်တဲ့ခွေးတွေပါ။ဒီအကြောင်းကိုပြောပြလာသူကတော့ လမ်းဘေးခွေးလေးတွေမွေးထားတဲ့ Laura နဲ့ Zaid ဖြစ်ပါတယ်။

Zaid Moosa ဟာပြတင်းပေါက်ကနေ Lady Babous လို့သူနာမည်ပေးထားတဲ့လမ်းဘေးခွေးမလေး Lady Babous ကိုကြည့်နေတယ်။ ခွေးမလေးဟာရေခန်းနေတဲ့မြောင်းထဲမှာနေတဲ့သူ့သားသမီး ၈ကောင်ကိုအစာကျွေးနေပါတယ်။

ဒါပေမယ့်နောက်တပတ် ၂ပတ်အတွင်းမှာပဲခွေးလေးတွေအားလုံးလိုလိုသေဆုံးသွားပြီး ခွေးမလေးတကောင်သာကျန်ပါတော့တယ်။ ဒီလိုနဲ့ Zaid လည်းအဲ့ဒီခွေးမလေးကိုမွေးစားခဲ့ပြီး Nausicaä လို့နာမည်ပေးထားပါတယ်။

သုတေသနအချက်အလက်တွေအရ လမ်းဘေးခွေးတွေရဲ့ ၁၉ရာခိုင်နှုန်းသာကြီးကောင်ဝင်တဲ့အဆင့်ထိ အသက်ရှင်ကြပါတယ်။ “လမ်းဘေးခွေးတွေဟာအဆိပ်ခတ်ခံရလို့ဖြစ်ဖြစ် လူတွေကန်ကျောက်ခံရလို့ဖြစ်ဖြစ် အရွယ်မရောက်ခင်သေဆုံးကြရပါတယ်။ အဓိကအကြောင်းရင်းကတော့အာဟာရပြတ်ပြီးသေတာပါ” လို့ လမ်းဘေးခွေးလေးတကောင်ကိုမွေးထားတဲ့ Laura Wheeler ကပြောပါတယ်။

စမ်းချောင်းကိုပြောင်းလာအပြီးမှာ Laura ဟာလမ်းဘေးခွေးတွေကိုအစာရေစာကျွေးတဲ့အဖွဲ့ထဲ ဝင်လိုက်ပါတယ်။ အဲ့ဒီခွေးတွေထဲမှာခွေးလေးတကောင်ဟာသူမရဲ့အိမ်တံခါးဝမှာလာလာအိပ်ပြီး သူမကိုတွေ့တာနဲ့ပွတ်သီးပွတ်သပ်လုပ်လေ့ရှိတယ်။

ပြီးခဲ့တဲ့မေလမှာတော့အဲ့ဒီခွေးလေးဟာရုတ်တရတ်ပျောက်သွားခဲ့တယ်။ ၃ရက်လောက်နေတဲ့အခါကျမှ ဒဏ်ရာတွေနဲ့ပြန်ပေါ်လာပါတယ်။ “သူအိမ်နေတုန်းကားတစီးကသူ့ခြေထောက်ကိုတက်ကြိတ်သွားတယ်လို့အိမ်နီးချင်းတွေကပြောတယ်။” ဒဏ်ရာရနေတဲ့ခွေးလေးကိုဖမ်းပြီးဆေးခန်းပို့ဖို့ တရပ်ကွက်လုံးကဝိုင်းကူကြရပါတယ်။ အခုအချိန်မှာတော့ဒီခွေးလေးကို Laura ကမွေးစားလိုက်ပြီး Lucky လို့နာမည်ပေးထားပါတယ်။

ဖိုးကံကောင်းလေးဟာခွဲစိတ်မှု ၄ခါခံယူခဲ့ရပြီး ဆေးရုံမှာလနဲ့ချီနေခဲ့ရတယ်။ သူ့ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုဖြတ်ပစ်ခဲ့ရပေမယ့် အသက်အန္တရာယ်ကနေတော့ကျော်လွှားနိုင်ခဲ့ပါတယ်။

Laura ဟာ Lucky ကိုအိမ်မှာအကောင်းဆုံးစောင့်ရှောက်ထားခဲ့ပေမယ့်သူမမွေးထားတဲ့ကြောင်ကတော့ Lucky ကိုမကြည်ဖြူပါဘူး။ Lucky ကကြောင်ကိုခင်မင်ရှာပါတယ်။ ဒါပေမယ့် ကြောင်နဲ့ခွေးကိုတအိမ်ထဲမှာအတူထားဖို့မဖြစ်နိုင်တာကြောင့် Lucky အတွက်နေရာသစ်ရှာပေးရပြန်ပါတယ်။“Lucky ကိုလမ်းပေါ်တော့ပြန်မစွန့်ပစ်တော့ဘူး။ အဲ့ဒါနဲ့ Expats for Pets and Pets Unity ဆိုတဲ့အဖွဲ့အစည်းကိုအကြောင်းကြားပြီးသူ့အတွက်မိသားစုအသစ်ရှာပေးခဲ့ပါတယ်” လို့ Laura ကပြောတယ်။

Lucky ဟာမကြာခင်မှာဗဟန်းကမိသားစုတစုနဲ့သွာနေတော့မှာပါ။ အဲ့ဒီမှာသူ့လိုပဲလမ်းဘေးခွေးမလေးတကောင်လည်းရှိနေတယ်။

Zaid ကတော့လမ်းဘေးခွေးတွေဟာဉာဏ်အရမ်းကောင်းတဲ့ခွေးတွေလို့ပြောပါတယ်။

Lady Babous ဟာညဘက်ဆိုတခြားလမ်းဘေးခွေးတွေရဲ့နေရာအထိသွားပြီးဆော့ကစားလေ့ရှိတယ်။ မနက်ကျမှသူ့သမီးလေး Nausicaä ဆီပြန်လာပါတယ်။ သူ့သမီးလေးကို Zaid ကခေါ်ယူမွေးစားထားတာကိုလည်းကြည်ဖြူပုံပါပဲ။

Nausicaä လေးဟာလမ်းဘေးခွေးဘဝကလာခဲ့သူမို့အစားအစာနဲ့ပတ်သက်ရင်ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်တယ်။ Zaid ကတော့ဒါဟာရှင်သန်ရပ်တည်ဖို့လိုအပ်တဲ့သူတို့ရဲ့မွေးရာပါအသိလို့ထင်ပါတယ်။

“ကျနော့်မှာ Golden Retriever တကောင်လည်းရှိသေးတယ်။ ခွေးလေးတွေငယ်စဉ်မှာ အစာခွက်ကိုချပေးပြီး စားလို့မကုန်ခင်မှာသူတို့ဆီကပြန်သိမ်းပေးရတယ်။ ဒီလေ့ကျင့်ခန်းရဲ့ရည်ရွယ်ချက်ကတော့ ကြီးလာတဲ့အခါအစာနဲ့ပတ်သက်ပြီးမာန်ဖီတာမျိုးမဖြစ်စေဖို့ပါ။”

Nausicaä ကိုဒီလိုလေ့ကျင့်ကြည့်တော့ ဒေါသတကြီးတုန့်ပြန်တာကိုတွေ့ခဲ့ရပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ သူမအနေနဲ့ကြောက်ရွံ့စိုးရိမ်စိတ်တွေကြီးလာတာကို Zaid သတိထားမိခဲ့တယ်။

အဲ့ဒါနဲ့ Zaid ဟာကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးသူ့ကိုယ်သူပြောင်းလဲခဲ့ပါတယ်။

အစာကျွေးတဲ့အချိန်တိုင်း Nausicaä ဘေးကထိုင်ပြီးသူကလေးကိုအသာအယာပွတ်သပ်ပေးတယ်။ ဒီလိုနဲ့ Nausicaä ဟာအစားအစာအတွက်စိုးရိမ်ပူပန်မှုတွေမရှိတော့ပါဘူး။

“Husky လိုအအေးပိုင်းဒေသနဲ့ပဲသင့်တော်တဲ့ခွေးမျိုးတွေမဝယ်ဘဲ လမ်းဘေးခွေးလေးတွေကိုမွေးစားကြည့်သင့်ပါတယ်” လို့ အိမ်မွေးတိရိစ္ဆာန်မွေးဖို့စဉ်းစားနေသူတွေကို Zaid ကအကြံပေးပါတယ်။

Mary Banfield ၏ Adopting Street Dogs ဆောင်းပါးအားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here