Advertisement

Covid-19 ကပ်ရောဂါကြောင့် ၁၀နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် Online ကနေကျင်းပမယ့် Wathann Film Festival (ဝဿန်ရုပ်ရှင်ပွဲတော်) ဟာအောက်တိုဘာ ၁၀ရက်နေ့ကျရင်စတင်တော့မှာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ်ဟာ Wathann ၁၀နှစ်ပြည့်ဖြစ်သလို မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ပြည့်တဲ့နှစ်လည်းဖြစ်နေတယ်။ ဒီလိုထူးခြားတဲ့အခင်းအကျင်းတွေကြားမှာ Wathann ကိုဘယ်လိုကျင်းပမလဲဆိုတာ Wathann ရဲ့ Festival Director မသူသူရှိန်ကို email ကတဆင့်မေမြန်းဖြစ်ခဲ့ပါတယ်။

၁) ပထမဆုံး Covid-19 ကြောင့်ဖြစ်လာတဲ့အခင်းအကျင်းသစ်မှာ Wathann ကိုဘယ်လိုစီစဉ်ထားသလဲပြောပြပေးပါ။

ပုံမှန်အားဖြင့် Wathann Film Festival ရုပ်ရှင်ရုံမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Covid ကပ်ရောဂါ အခြေအနေကြောင့် ရုပ်ရှင်ရုံမှာ ကျင်းပဖို့ မဖြစ်နိုင်တဲ့အတွက် Online Film Festival အဖြစ်နဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်ထိ ပြောင်းလဲကျင်းပဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တော်တော်များများလည်း အခြေအနေပေါ်မူတည်ပြီး အခုလို Online Film festival အဖြစ် ပြောင်းလဲ ကျင်းပကြတာ တွေ့ရပါတယ်။ Wathann Film Festival အနေနဲ့လည်း အများပြည်သူ ကျန်းမာရေး ဘေးကင်းလုံခြုံဖို့ အတွက် အခုလို Stay at Home ကာလလည်း ဖြစ်တဲ့ အခါမှာအသင့်တော်ဆုံးဖြစ်တဲ့ Online Film Festival အဖြစ်ကျင်းပသွားမှာပါ။ ရုပ်ရှင်ကားတွေကို Wathann Film Festival က အသစ် ပြုလုပ်ထားတဲ့ website မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၈ ရက် အထိ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပြီး ပွဲတော်ကာလ အတွင်းမှာလည်း ရိုက်ကူးကြတဲ့ ဒါရိုက်တာတွေ နဲ့ ဆွေးနွေး မေးမြန်းတဲ့ အစီအစဉ်တွေကို Wathann Film Festival ရဲ့ Facebook page မှာ Live တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Film Producing နှင့် ဆိုင်သော Talks & Discussion တွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၂) ဒီနှစ်ကမြန်မာ့ရုပ်ရှင်နှစ် ၁၀၀ပြည့်လည်းဖြစ်သလို Wathann ၁၀နှစ်ပြည့်လည်းဖြစ်တယ်လေ။ ဘယ်လိုအထူးအစီအစဉ်တွေမြင်ရဖို့ရှိပါသလဲ။

ယခု နှစ်သည် Wathann Film Festival ၏ ၁၀ နှစ် ပြည့် နှစ် ဖြစ် သလို မြန်မာ့ ရုပ်ရှင် နှစ်တစ်ရာ ပြည့် နှစ်လည်း ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာ ပြည့်တဲ့ နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ Beyound 100 years of Myanmar Cinema ခေါင်းစဉ်နဲ့ Panel Discussion ပြုလုပ်သွားဖို့လည်း ရှိပါတယ်။ Talks & Panel Disucssion တွေကို Wathann Film Festival ရဲ့ Facebook page မှ တဆင့် Live ထုတ်လွှင့်ပြသခြင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၃) ဒီနှစ်ပရိုဂရမ်ဘယ်နှခုရှိပါသလဲခင်ဗျာ။ဒီနှစ် Wathann Film Festival မှာ ပြည်တွင်းက Filmmaker တွေ ရိုက်ကူးထားတဲ့ Short Film နှင့် Documentary Film ရုပ်ရှင်ကားတို ၂၀ ပါဝင်တဲ့ Wathann Film Competition ၊ လူငယ် လူသစ် များ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတို ၈ ကားပါဝင်တဲ့ Emerging Competition ၊ Special Screening အဖြစ် Mekong 2030 အမည်ရ ဇာတ်လမ်းတို ၅ ခု ပါဝင်တဲ့ ရုပ်ရှင်ကား အစီအစဉ်၊ ယခု လက်ရှိ နေ့စဉ် ဘ၀ တွေ ထင်ဟပ်သည့် ရုပ်ရှင်များပါဝင်သည့် Reflecting New Normal ဆိုတဲ့ အစီအစဉ်တွေ ကို Online ကနေ ကြည့် ရှုရမှာ ဖြစ်ပြီး Living room cinema ဆို တဲ့အစီအစဉ်ကတော့ မိမိတို့ နေအိမ် ဧည့်ခန်းမှာ Wathann Film Festival ကို Host အဖြစ် ပြုလုပ် ကျင်းပတာ ဖြစ်ပါတယ်။ အဲ့ဒီ အစီအစဉ် မှာတော့ online မှာ ပြသထားခြင်း မရှိတဲ့ အရှေ့တောင် အာရှ ရုပ်ရှင်ကားတိုများ ပါဝင်တဲ့ S-express 2020 program ကို ပြသမှာ ဖြစ်ပါတယ်။ မိမိတို့ ရဲ့ မိသားစု မိတ်ဆွေ တွေနဲ့ အတူတူ ကြည့်ရှု ကြရမယ့် အစီအစဉ်ဖြစ်ပါတယ်။

၄) Covid ကနောက် ၁နှစ် ၂နှစ်လောက်ကြာဦးမယ်လို့ပညာရှင်တွေကခန့်မှန်ထားကြတော့ နောင်နှစ် Wathann ပွဲတော်ကျင်းပရမှာဘယ်လိုစိန်ခေါ်မှုတွေတွေ့မယ်လို့ထင်ပါသလဲ။

Wathann Film Festival ပွဲတော်ဟာ ရုပ်ရှင်တွေ ပြသတဲ့ နေရာ တစ်ခုသာ မဟုတ်ဘဲ ပရိသတ်တွေ၊ Filmmaker ၊ Artist တွေအချင်းချင်း တွေ့ ဆုံ ကြတဲ့ နေရာ တစ်ခုလည်းဖြစ်ပါတယ်။ Wathann Film Festival ဟာ Culture event တစ်ခု ဖြစ်သလို Social event တစ်ခုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တွေကို ရုပ်ရှင်ရုံ အမှောင်ခန်းထဲမှာ ကြည့်ရတဲ့ အရသာ နဲ့ Screen အသေးလေးပေါ်မှာ ကြည့် ရတဲ့ အရသာဟာ အတော်ကို ကွာပါတယ်။ ရုပ်ရှင် ရိုက်ကူးကြတဲ့ filmmaker တိုင်းဟာ သူတို့ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ ကို ရုပ်ရှင်ရုံမှာ ကြည့်ရှုရတာကို ပိုကြိုက်ကြပါတယ်။ Wathann Film Festival အနေနဲ့လည်း ရုပ်ရှင်ကားတွေ ကို ရုပ်ရှင်ရုံမှာ ပြသတာကို ပိုနှစ်သက်ပါတယ်။ အချင်းချင်း Physical တွေ့ဆုံခွင့်ရတာ ပိုကောင်းပါတယ်။ နောင်နှစ်တွေမှာအခြေအနေအကြောင်းကြောင်းကြောင့် ပြောင်းလဲဖို့ လိုအပ်လာရင်လည်း Wathann Film Festival အနေနဲ့ အသင့်တော်ဆုံးနည်းလမ်းကိုရှာဖွေပြီး အကန့်အသတ်များ အခြေအနေများကို adapt လုပ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့အမေးအဖြေကိုကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ Wathann နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပိုမိုသိရှိလိုပါက official Facebook (Wathann Film Festival) မှာဖတ်ရှုနိုင်ပါတယ်။

Artwork credit: Wathann Film Festival

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here