Advertisement

အောက်တိုဘာလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

The Haunting of Bly Manor (9 Oct)

The Haunting of Hill House ကိုကြိုက်နှစ်သက်ခဲ့သူတွေကတော့ ဒီစီးရီးကိုမျှော်နေကြမှာပါ။ ၂၀၁၈ခုနှစ်က ထွက်ခဲ့တဲ့ Hill House ရဲ့အောင်မြင်မှုကြောင့် Netflix ဟာ The Haunting ဆိုတဲ့နာမည်အောက်မှာ သရဲခြောက်တဲ့စံအိမ်ကြီးတွေအကြောင်း anthology series အဖြစ်ပုံဖော်သွားဖို့စီစဉ်နေပါတယ်။

Bly Manor ကတော့ ၁၈၉၈ခုနှစ်ကထွက်ရှိခဲ့တဲ့စာရေးဆရာ Henry James ရဲ့ The Turn of the Screw ဆိုတဲ့ဝတ္ထုတိုရဲ့ကျောရိုးကိုအခြေခံထားတာပါ။ အရင်စီးရီးက Victoria Pedretti နဲ့ Oliver Jackson-Cohen တို့ပြန်ပါလာတယ်။

ဇာတ်လမ်းကတော့ Pedretti ရဲ့ဇာတ်ကောင် Dani ဟာ Bly Manor စံအိမ်ကြီးမှာနေတဲ့မောင်နှမ ၂ယောက်ကို ထိန်းရင်းစာသင်ပေးရတဲ့အလုပ်လုပ်ဖို့သွားရာကနေ အိမ်ထဲကမကျွတ်မလွတ်သေးတဲ့တစ္ဆေတွေနဲ့တွေ့ကြံရတဲ့အကြောင်းပါ။ အရင်စီးရီးကလိုပဲ တစ္ဆေတွေကို easter egg အဖြစ်သုံးထားသေးတယ်လို့လည်းသိရပါတယ်။

Emily in Paris (2 Oct)

Lily Collins ခေါင်းဆောင်ပါဝင်ထားတဲ့ rom com series ဖြစ်ပြီး အပိုင်း ၁၀ပိုင်းပါပါတယ်။

ဒီဇာတ်လမ်းမှာ Collins ရဲ့ဇာတ်ကောင် Emily ဟာရှီကာဂိုက marketing executive တယောက်ပါ။ သူတို့ company က ပြင်သစ်အခြေစိုက် marketing company တခုကိုဝယ်ယူလိုက်ပြီးနောက် အဲ့ဒီမှာအလုပ်လုပ်ဖို့သူမကိုစေလွှတ်လိုက်ပါတယ်။ Emily ဟာပါရီမြို့တော်မှာနေထိုင်ရင်း နယ်မြေသစ်နဲ့အသားကျအောင်ကြိုးစားရတာ၊ အလုပ်မှာပြိုင်ဆိုင်မှုတွေနဲ့ရင်ဆိုင်ရတာတွေကို ဟာသလေးနှောပြီးတင်ဆက်ထားတယ်။

ပေါ့ပေါ့ပါးပါးဇာတ်လမ်းကြိုက်သူတွေသဘောကျမယ်ထင်ပါတယ်။

Unsolved Mysteries: Volume 2 (19 Oct)

ဇူလိုင်လကထွက်ရှိခဲ့တဲ့ Unsolved Mysteries docuseries ဟာမှုခင်းနဲ့ထိတ်လန့်သည်းဖိုပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Volume 2 မှာလည်းအပိုင်း ၆ပိုင်းပါဝင်ပြီး သမိုင်းတလျှောက်အဖြေမပေါ်သေးတဲ့ရာဇဝတ်မှုတွေနဲ့ အံ့သြဖွယ်ဖြစ်ရပ်တွေကိုတင်ဆက်ထားပါတယ်။

Netflix က Teaser အဖြစ်ထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေထဲမှာတော့ ရှေးခေတ်ကကလေးမလေးတယောက်ရဲ့ အဖြူအမည်းဓာတ်ပုံ၊ အမှိုက်တွေကြားထဲတခုခုကိုရှာနေပုံရတဲ့မျက်နှာဖုံးတပ်လူတွေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ဟိုတယ်ခန်းတခုကိုတွေ့ရပါတယ်။ ပုံတွေကြည့်ရုံနဲ့တင်တော်တော်စိတ်ဝင်စားစရာကောင်းနေပါပြီ။

Rebecca (21 Oct)

စာရေးဆရာမ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်ထုတ်ဝတ္ထုကိုအခြေခံထားတဲ့ရုပ်ရှင်ပါ။ ၁၉၄၀ခုနှစ်က Alfred Hitchcock ကလည်း Rebecca ဆိုတဲ့နာမည်နဲ့ပဲရုပ်ရှင်ရိုက်ကူးခဲ့ပြီးအောင်မြင်မှုရခဲ့ပါသေးတယ်။ အခု Netflix ရဲ့ adaptation မှာတော့ Lily James, Armie Hammer နဲ့ Kristin Scott Thomas တို့ပါဝင်ထားတယ်။

စိတ္တဇဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီး မုဆိုးဖိုသူဌေးကြီးတယောက်ကိုလက်ထပ်လိုက်တဲ့မိန်းကလေးဟာ သူဌေးကြီးရဲ့ပထမဇနီးသည် Rebecca အပေါ်သစ္စာရှိတဲ့အိမ်ထိန်းအမျိုးသမီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ နောက်ပိုင်းမှာတော့သူမဟာမိမိကိုယ်ကို Rebecca နဲ့နှိုင်းယှဉ်ရင်း စိတ်ဖိစီးမှုတွေခံစားလာရပါတော့တယ်။

Blackpink: Light Up the Sky (14 Oct)

ကြိုက်သော်ရှိ မကြိုက်သော်ရှိ ကိုရီးယားယဉ်ကျေးမှုလှိုင်းကိုတားဆီးလို့မရနိုင်ပါဘူး။ Blackpink ရဲ့နိုင်ငံတကာအောင်မြင်မှုဟာ Netflix ရဲ့အာရုံကိုရယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းတင်ရုပ်ရှင်မှာ တောင်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ Blackpink ရဲ့ဖြတ်သန်းမှုကိုရိုက်ကူးထားပါတယ်။ Backpink ပရိသတ်တွေအတွက်တော့ဂုဏ်ယူစရာပေါ့။

Blackpink ဖြစ်တည်လာပုံကနေစတင်ကြည့်ရှုရမှာဖြစ်ပြီး album အသစ်အတွက် recording သွင်းနေတဲ့ behind the scene video တွေကိုလည်းကြည့်ရမှာပါ။ ၂၀၁၉ခုနှစ် ကယ်လီဖိုးနီးယားမှာကျင်းပတဲ့ Coachella မှာဖျော်ဖြေခွင့်ရခဲ့ပုံကိုလည်းတွေ့ရပါလိမ့်မယ်။ သူတို့ဟာ Coachella မှာဖျော်ဖြေခွင့်ရခဲ့တဲ့ပထမဆုံး အမျိုးသမီး Kpop အဖွဲ့လည်းဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here