ပြီးခဲ့တဲ့သောကြာနေ့ကပဲ Netflix ပေါ်ရောက်လာတဲ့ဇာတ်လမ်းတွဲသစ် Ratched ဟာ psychological thriller ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်လမ်းမျိုးပါ။
မထွက်ခင် ၃ လလောက်ကတည်းက Ratched ရဲ့ trailer နဲ့ teaser poster တွေကို Netflix ပရိသတ်တွေစိတ်ဝင်စားခဲ့ကြတယ်။ အထူးသဖြင့် American Horror Story မှာအတွဲညီခဲ့တဲ့ထုတ်လုပ်သူ Ryan Murphy နဲ့မင်းသမီး Sarah Paulson တို့ဦးဆောင်ထားတဲ့ဇာတ်လမ်းမို့ AHS ပရိသတ်တွေကပိုပြီးမျှော်လင့်ခဲ့ကြပါတယ်။
Ratched ဟာ One Flew Over the Cuckoo’s Nest ဝတ္ထုထဲကဇာတ်ကောင်ကိုအခြေခံထားတာဆိုပေမယ့် Paulson ရဲ့ Ratched ဟာမူလ Ratched နဲ့တော်တော်လေးကွဲပြားပါတယ်။ အဓိကကွာခြားချက်ကတော့ အခုဇာတ်လမ်းတွဲထဲက Ratched ဟာသူအလုပ်လုပ်တဲ့စိတ္တဇဆေးရုံအပေါ် သြဇာလွှမ်းမိုးချင်ရုံသက်သက်မဟုတ်ဘဲ သူ့မှာလေးနက်တဲ့ဘဝဒဿနနဲ့ ရည်ရွယ်ချက်တွေရှိတာပါပဲ။
ဇာတ်လမ်းကတော့ဒုတိယကမ္ဘာစစ်ပြီးခါစ ၁၉၄၇ခုနှစ်အတွင်း ကယ်လီဖိုးနီးယားမြောက်ပိုင်းက St Lucia စိတ်ရောဂါကုဆေးရုံမှာအလုပ်လာရှာတဲ့ သူနာပြု Mildred Ratched ရဲ့ဘဝနဲ့အတွေ့အကြုံတွေအကြောင်းဖြစ်ပါတယ်။ Ratched ဟာဉာဏ်များပြီး ပြိုင်ဘက်တွေအပေါ်ရက်ရက်စက်စက်အနိုင်ယူတတ်ပေမယ့် စိတ်ဝေဒနာရှင်တွေအပေါ်ကြင်နာတတ်တဲ့စိတ်လည်းရှိနေပြန်တယ်။
ဒါပေမယ့်ကလေးဘဝကအရိပ်ဆိုးတွေကြောင့်သူ့ရဲ့အပြုအမူတွေဟာအဲ့ဒီခေတ်လူ့အသိုင်းအဝိုင်းက လက်ခံထားတဲ့ကျင့်ဝတ်စံနှုန်းတွေနဲ့တော့စံလွဲနေတယ်။ ဥပမာ လူနာတွေအနေနဲ့ နာကျင်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေကိုခံစားမယ့်အစားသေလိုက်တာကမှကောင်းဦးမယ်လို့တွေးတာမျိုး။ ဒီဘက်ခေတ်မှာတော့ တချို့နိုင်ငံတွေမှာ မျှော်လင့်ချက်မဲ့နေတဲ့လူနာတွေကိုသူတို့ဆန္ဒအလျောက် ဆေးထိုးသတ်ပေးခြင်း (euthanisation) ကိုလက်ခံနေကြပြီဖြစ်ပေမယ့် ၁၉၅၀ တဝိုက်ကတော့ ဒါဟာလူသတ်မှုမြောက်ပါတယ်။
အဲ့ဒီခေတ်အခါကစိတ်ရောဂါကုသမှုပညာရှင်အသိုင်းအဝိုင်းရဲ့လုပ်ထုံးလုပ်နည်းနဲ့အတွေးအခေါ်တွေကိုလည်း တွေ့နိုင်တယ်။ ဆိုပါတော့ အဲ့ဒီခေတ်ကလိင်တူချစ်ကြိုက်မှုကိုစိတ်ဝေဒနာလို့သတ်မှတ်ထားပေမယ့် အခုခေတ်မှာတော့ဒီအပြုအမူကိုလက်ခံနေကြတာမျိုး။ စိတ်ကျရောဂါခံစားနေရသူတွေဆို ဆွေးနွေးနှစ်သိမ့်တဲ့နည်းနဲ့ကုသပေးမယ့်အစား တခါတည်းအရူးထောင်ထဲထည့်ထားလိုက်တာမျိုး။ တနည်းအားဖြင့် စိတ်ဝေဒနာနဲ့ လူ့အသိုင်းအဝိုင်းကြားကပြောင်းလဲနေတဲ့ဆက်ဆံရေးကိုမီးမောင်းထိုးပြရင်း စိတ်ဝေဒနာဆိုတာဘာလဲလို့မေးခွန်းထုတ်ထားတယ်။ လူမဆန်တဲ့စိတ်ရောဂါကုထုံးတွေကိုကြည့်ရင်း အဲ့ဒီခေတ်ကစိတ်ဝေဒနာရှင်ဖြစ်ရတာမလွယ်ပါလားလို့တွေးမိတဲ့အထိပဲ။
Murphy စီစဉ်တဲ့ဇာတ်လမ်းတွဲမို့ AHS အငွေ့အသက်လေးတွေကိုလည်းတွေ့နိုင်တယ်။ အထင်ရှားဆုံးကတော့စိတ္တဇဆန်ဆန်ပုံရိပ်တွေနဲ့ opening theme ပဲ။ Dialogue တွေကလည်းစူးရှတယ်၊ သွေးသံရဲရဲပြကွက်တွေလည်းပါတယ်။ လူတွေရဲ့အကျင့်ပျက်မှု၊ အတိတ်ရဲ့ခြောက်လှန့်မှု၊ လူကောင်းနဲ့လူဆိုးရယ်လို့အလွယ်တကူသတ်မှတ်လို့မရတဲ့ ဇာတ်ကောင်စရိုက်တည်ဆောက်မှုတွေကိုလည်းကြည့်ရမှာပါ။ ပရိသတ်တချို့ကတော့ American Horror Story: Ratched လို့တောင် nickname ပေးထားပါတယ်။
Plot hole တွေနည်းနည်းပါတာ၊ တချို့ကိစ္စတွေဆို Ratched အဆင်ပြေဖို့ သူ့အလိုအလျောက်ချိန်သားကိုက်ဖြစ်လာတာတွေကလွဲရင်ကြည့်ပျော်ပါတယ်။ ဒါတွေကိုတော့ spoiler လုပ်သလိုဖြစ်မှာစိုးလို့မပြောတော့ပါဘူး။ ကိုယ့်ဘာသာပဲကြည့်ကြည့်ပါတော့နော်။
Season 1 မှာအပိုင်း ၈ပိုင်းပါပြီး တပိုင်းကို တနာရီဝန်းကျင်လောက်ပဲရှိလို့ binge watcher တွေဆို တရက်တည်းနဲ့အပြီးကြည့်လို့ရတဲ့ဇာတ်လမ်းပါ။ ဇာတ်သိမ်းအရ Season 2 ဆက်ရိုက်မယ့်အလားအလာလည်းရှိပါတယ်။
MM+ Rating: 7/10