လူတစ်ဦးအနေနဲ့ ဗီတာမင် D ဓာတ် လုံလောက်စွာရှိနေရင် ကိုဗစ်ရောဂါကူးစက်မှုကိုသာမက ကူးစက်ပြီးနောက် သေဆုံးမှုနှုန်းကိုပါ လျော့ကျစေနိုင်ပါတယ်။ ဗီတာမင် D ပမာဏ လုံလောက်စွာရရှိလာသူတွေမှာ ရောင်ရမ်းမှုလျော့ကျလာပြီး သွေးအတွင်း ခုခံမှုစနစ်ကိုပါ သိသိသာသာ တိုးပွားလာတယ်လို့ ဘော်စတွန်တက္ကသိုလ် လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါ ဖြစ်ပွားသူအချို့မှာ ဗီတာမင် D ဓာတ် မလုံလောက်မှုက တစ်ဆင့် သွေးအတွင်း သွေးဖြူဥဆဲလ်တွေ အများအပြားထွက်လာပြီး ခုခံအားစနစ်ပါထိုးကျကာ သေဆုံးကြပါတယ်။ အသက် ၄၀ အထက် လူနာတွေကို စမ်းသပ်တဲ့အခါ ဗီတာမင် D ပမာဏ လုံလောက်စွာ ရရှိသူတွေက မရရှိသူတွေထက် ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ၅၁ ရာခိုင်နှုန်းနဲ့ ကူးစက်မှု ၅၄ ရာခိုင်နှုန်း လျော့ကျနိုင်တာ တွေ့ရပါတယ်။ လူအများအပြား ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကြရတာ၊ ရောဂါပြင်းထန်ကြရတယ်ဆိုတာဟာ ဗီတာမင် D မပြည့်ဝတာ၊ မလုံလောက်တာမျိုးတွေကြောင့်လို့ ဆေးပညာရှင်တစ်ယောက်ကပြောပါတယ်။
ဒိန်ခဲ၊ အခွံမာအသီးနဲ့ ဟင်းသီးဟင်းရွက် စတဲ့ ဗီတာမင်ဓာတ်ပါတဲ့ အစားအစာ စားသုံးခြင်းက အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ဝေဒနာ တွေကို သက်သာစေပါတယ်။ ယူကေက လူပေါင်း ၆၀၀၀ ရဲ့စားသောက်မှုပုံစံတွေကို လေ့လာကြည့်တဲ့ ဗီတာမင် A, E, D နည်းပါးနေတာတွေ့ရပါတယ်။ ဆေးလိပ်သောက်သူနဲ့ အဝလွန်သူတွေမှာလည်း ဗီတာမင်ဓာတ်ချို့တဲ့တာ တွေ့ရပါတယ်။ စမ်းသပ်တဲ့ လူ ၆၀၀၀ မှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာဖြစ်ပွားသူ ၃၃ ဦးနဲ့ ဗီတာမင်ချို့တဲ့သူအများစုကို တွေ့ခဲ့ရပါတယ်။
ဗီတာမင် D ချို့တဲ့သူတွေ ကိုဗစ်ရောဂါကူးစက်နိုင်ခြေပိုများတယ်လို့ လန်ဒန် ကွင်းမယ်ရီတက္ကသိုလ်ပါမောက္ခ ဒေါက်တာအင်ဒရီယန် မက်သရူးက ပြောပါတယ်။ အင်ပီရီယယ်ကောလိပ် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာဆူဇာနာက ကျန်းမာရေးကောင်းဖို့အတွက် လိုအပ်တဲ့အဟာရစားသုံးဖို့လိုအပ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းအောင် ဗီတာမင် A, D နဲ့ E ကို မျှတစွာ စားသုံးပေးဖို့လိုအပ်ပါတယ်။ ကိုဗစ်ကာလမှာ အခြားဗီတာမင်တွေအပြင် ဗီတာမင် D အပြည့်အဝရဖို့လည်း လိုအပ်ပါတယ်။ ပြည်တွင်းမှာ အလွယ်စားသောက်နိုင်မယ့် ဗီတာမင် အစားအစာများတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဗီတာမင်A – ဖရုံသီး၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ မုလာဥဝါ၊ အစိမ်းရင့်ရောင် ရှိတဲ့ အရွက်များ (ကိုက်လန် စသဖြင့်)၊ သရက်သီး။
ဗီတာမင် C – သံပုရာ၊ ရှောက်သီး၊ စတော်ဘယ်ရီ၊ ပန်းပွင့် (ဖြူ၊ စိမ်း)၊ ခရမ်းချဉ်သီး၊ ရေကညွတ်၊ကန်စွန်းဥ..
ဗီတာမင်D – နေရောင်ခြည်(နေပူဆာလှုံပေးနိုင်)၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲ..
ဗီတာမင် E – ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အဆံများ၊ ကန်စွန်းဥ၊ ဂျုံစာများ
ကိုဗစ်ကာလမှာ ဗီတာမင်မျှတစွာ စားသုံးပြီး ကိုဗစ်ရန်ကို ကာကွယ်နိုင်ပါစေ..