Advertisement

မနက်စောစော ရန်ကုန်ကပန်းခြံတခုခုမှာလမ်းလျှောက်ဖြစ်တယ်ဆိုရင် ငြင်သာလှပစွာလှုပ်ရှားနေတဲ့ လူတစုကိုတွေ့မိမှာပါ။ ဒါဟာထိုက်ချိလေ့ကျင့်နေကြတာဖြစ်ပါတယ်။

ထိုက်ချိနဲ့ကွန်ဖူးဟာရေနဲ့ငါးလိုပါပဲ။ ထိုက်ချိကစားတဲ့သူအများစုဟာ ကျန်းမာရေးအတွက်ကစားကြတာလို့ ရန်ကုန်မှာနေတဲ့ထိုက်ချိနည်းပြ ကိုဝဏ္ဏဇော်လွင်ကပြောပါတယ်။ အများအားဖြင့်မနက်စောစော လေကောင်းလေသန့်ရတဲ့နေရာတွေမှာလေ့ကျင့်ရတာသဘောကျကြပါတယ်။

ထိုက်ချိဟာကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်ပေးပြီးကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်းယုံကြည်ကြပါတယ်။ ထိုက်ချိဆိုတဲ့တရုတ်ဝေါဟာရကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် “အထွဋ်အထိပ်” လို့အဓိပ္ပါယ်ရပါတယ်။

ကိုဝဏ္ဏကတော့ထိုက်ချိဟာလူ့ခန္ဓာရဲ့ပင်မထောက်တိုင်တွေဖြစ်တဲ့ ကြွက်သား၊ စွမ်းအင်၊ စိတ်နဲ့ ဝိညာန်တို့ကို သက်ရောက်မှုရှိတယ်လို့ဆိုတယ်။

လွန်ခဲ့တဲ့ ၆နှစ်လောက်က သူဂျာမနီကပြန်ရောက်လာတဲ့အချိန်မှာကွန်ဖူးနဲ့ထိုက်ချိကိုဆက်လက်သင်ယူဖို့ သင်တန်းတွေလိုက်ရှာပေမယ့်မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲကိုဝဏ္ဏဟာသူ့ကိုယ်ပိုင်ထိုက်ချိသင်တန်းကျောင်းတခုကို စတင်တည်ထောင်ခဲ့ပါတယ်။ ကွန်ဖူးဆရာတဦးဖြစ်တဲ့ကိုဝဏ္ဏဟာဂျာမနီကကွန်ဖူးသင်တန်းကျောင်းက ဆရာတွေကို ရန်ကုန်မှာနည်းပြအဖြစ်ခန့်ထားခဲ့ပါတယ်။

ကိုဝဏ္ဏရဲ့အဖေဟာမြန်မာနိုင်ငံကိုစစ်အာဏာရှင်အစိုးရအုပ်ချုပ်နေစဉ်မှာ ဂျာမနီကိုထွက်ခွာသွားခဲ့တာပါ။ ကိုဝဏ္ဏကို ဂျာမနီနိုင်ငံ Cologne မြို့မှာမွေးပါတယ်။ သူဟာ Aachen မြို့ကတက္ကသိုလ်မှာပညာဆည်းပူးနေတုန်း ထိုက်ချိသင်ယူခဲ့တယ်။ ၉၀ခုနှစ်ဝန်းကျင်ကကျောင်းပိတ်ရက်တွေမှာမြန်မာနိုင်ငံကိုလာလည်ခဲ့ဖူးပြီး မြန်မာနိုင်ငံဟာအဲ့ဒီတုန်းကနဲ့ယှဉ်ရင် အခုအရမ်းပြောင်းလဲသွားတယ်လို့သူကဆိုပါတယ်။

ကိုဝဏ္ဏတို့မိသားစုမြန်မာနိုင်ငံမှာပြန်အခြေချပြီး ပြည့်ဖြိုးမြဲစွမ်းအင်သုံးထုတ်ကုန်ပစ္စည်းတွေရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်လျက်ရှိပါတယ်။ လျှပ်စစ်အင်ဂျင်နီယာတဦးဖြစ်တဲ့ ကိုဝဏ္ဏက ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ထိုက်ချိကြားကဆက်နွယ်မှုအကြောင်းပြောပြတယ်။

“ထိုက်ချိရဲ့အဓိကအနှစ်သာရက [ခန္ဓာကိုယ်တွင်း] စွမ်းအင်ကိုလုံလောက်စွာရရှိသုံးစွဲရေးပဲ။ ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့နိယာမကလည်း စွမ်းအင်ကိုလုံလောက်စွာရရှိသုံးစွဲရေးပဲမဟုတ်လားဗျာ။

ထိုက်ချိဆိုတာကွန်ဖူးသိုင်းကွက်တွေကိုဖြည်းညှင်းငြင်သာစွာလေ့ကျင့်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဖူးသင်ပြီးမှ ထိုက်ချိလေ့ကျင့်သင့်တယ်လို့ ကိုဝဏ္ဏကယူဆတယ်။ ဒါပေမယ့်သူ့သင်တန်းသားတွေမှာ ၂မျိုးလုံးလေ့ကျင့်တဲ့သူရှားပါတယ်။ 

သိပ္ပံပညာကိုလေ့လာဆည်းပူးခဲ့တဲ့ ကိုဝဏ္ဏဟာလူရဲ့အသက်စွမ်းအင်ဖြစ်တဲ့ “ချိ” ဓာတ်စီးဆင်းပုံကို သိပ္ပံနည်းကျရှင်းပြပါတယ်။

“လက်ဖဝါး ၂ဘက်ကိုပွတ်တိုက်လိုက်ရင်ပူလာတာကိုကြည့်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းစွမ်းအင်ရှိကြောင်းသိနိုင်ပါတယ်။ နေထိုင်မကောင်းဖြစ်တယ်ဆိုတာ ချိကုန်ခန်းသွားလို့ပဲ။ ထိုက်ချိပုံမှန်လေ့ကျင့်ရင် ချိဓာတ်ဖွံ့ဖြိုးလာမယ်။ ဒီစွမ်းအင်ကခန္ဓာကိုယ်ကိုအနွေးဓာတ်တခုလို လွှမ်းခြုံပေးထားပါလိမ့်မယ်။”

 ထိုက်ချိဆရာအများစုဟာအယူအဆပိုင်းနားလည်ကြပေမယ့် ဒီအယူအဆကိုလက်တွေ့ဘဝမှာ သိပ်အသုံးချလေ့မရှိပါဘူး။ ထိုက်ချိလေ့ကျင့်သက် ၁၇နှစ်ရှိပြီဖြစ်တဲ့ ကိုဝဏ္ဏဟာဒီပညာရဲ့လက်တွေ့အသုံးဝင်ပုံကို အခုလိုပြောပြပါတယ်။

တခါကကိုဝဏ္ဏဟာအလာဂျီဖြစ်တဲ့ဝေဒနာကိုခံစားခဲ့ရဖူးတယ်။ မျက်လုံးတွေယားပြီးနီနေတယ်၊ အသက်ရှူရခက်တယ်၊ ညဆိုလည်းအလာဂျီတွေကြောင့်အိပ်မရဘူး။ တညမှာတော့ မနက် ၃နာရီအထိ အိပ်မပျော်သေးတဲ့ ကိုဝဏ္ဏဟာထိုက်ချိထပြီးလေ့ကျင့်ပါတယ်။ သူ့အနေနဲ့စိတ်ကူးပေါက်ရာလုပ်လိုက်ပေမယ့် တလလောက်ပုံမှန်ထိုက်ချိလေ့ကျင့်သွားတဲ့အခါ သူ့ဝေဒနာတွေပျောက်သွားပါတော့တယ်။

ဆေးစစ်ကြည့်တော့အလာဂျီတွေရှိနေသေးပေမယ့် သူတို့ကပေးတဲ့ဝေဒနာကိုတော့မခံစားရတော့ပါဘူး။

“ထိုက်ချိလေ့ကျင့်တဲ့အခါငြင်ငြင်သာသာလှုပ်ရှားရပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ကိုယ်တွင်းကစွမ်းအင်စီးဆင်းမှု ညီမျှသွားပြီး ခန္ဓာကိုယ်ကသူ့အလိုအလျောက်ဝေဒနာတွေကိုကုစားနိုင်စွမ်းရှိလာတယ်။”

သူ့သင်တန်းသားတွေထဲမှာအသက် ၁၈နှစ်ကနေ ၇၀အတွင်းရှိပြီး အားလုံးကသူ့ပညာကိုယုံကြည်ကိုးစားကြတာကို review ကောင်းတွေကိုမြင်ရင်သိနိုင်ပါတယ်။

“ကျနော့်မှာထိုက်ချိနဲ့ပတ်သက်တဲ့အောင်လက်မှတ်တွေတော့မရှိဘူးဗျ။ သင်တန်းသားတွေကိုလည်း ကျနော်နဲ့လေ့ကျင့်လို့သူတို့နေလို့ထိုင်လို့ကောင်းပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုရင် ဆက်လေ့ကျင့်ပါ။ မဖြစ်ဘူးထင်ရင်လည်း ဆက်မလေ့ကျင့်ဘဲနေနိုင်ပါတယ်၊ စိတ်မဆိုးပါဘူးလို့ပြောထားပါတယ်။”

ဟောင်ကောင်ကသင်တန်းသူဟောင်းတယောက်ဖြစ်တဲ့မမွန်ရည်ကတော့ ကိုဝဏ္ဏဟာထိုက်ချိနဲ့ကွန်ဖူးအကြောင်းကျွမ်းကျင်ရုံသာမက တရုတ်ဆေးပညာတွေကိုလည်းနှံ့စပ်တယ်လို့ဆိုပါတယ်။

ကိုဝဏ္ဏရဲ့အိပ်မက်ကတော့ရန်ကုန်မှာထိုက်ချိနဲ့ကွန်ဖူးအပြင် လျှပ်စစ်အင်ဂျင်နီယာအတတ်ကိုပါသင်ကြားပေးတဲ့ နေရာလေးတခုတည်ထောင်ရေးပါ။ ကဖေးတခုပါတွဲဖွင့်ရင်း ယင်နဲ့ယန်ဓာတ် ၂ပါးကိုလေ့လာရင်း အာဟာရပြည့်ပြီးမျှတတဲ့စားသောက်မှုပုံစံသစ်ကိုပါပြည်သူတွေနဲ့မိတ်ဆက်ပေးချင်ပါသတဲ့။ 

“အိမ်ထဲအောင်းပြီးတရားထိုင်နေရင်တော့စိတ်အေးချမ်းမှုတည်ဆောက်ရတာလွယ်တာပေါ့ဗျာ။ ဒါပေမယ့်ဝမ်းရေးအတွက်သွားလာလှုပ်ရှားနေရတဲ့သူတွေအဖို့မှာတော့ စိတ်ဖိစီးမှုဆိုတာရှောင်လွှဲလို့မရဘူးလေ။ ကျနော့်ရဲ့ရည်ရွယ်ချက်ကလည်း ထိုက်ချိလေ့ကျင့်ရင်းနေ့စဉ်ဘဝမှာအေးချမ်းမှုတည်ဆောက်ဖို့ပါ” လို့ကိုဝဏ္ဏကဆိုတယ်။

အရင်ကဆိုကန်တော်ကြီးထဲမှာ အုပ်စုလိုက်ထိုက်ချိလေ့ကျင့်ကြပေမယ့် မတ်လလောက်ကစပြီး ထိုက်ချိကိုအွန်လိုင်းကနေသင်ကြားလျက်ရှိပါတယ်။ 

အခြေခံအဆင့်သင်တန်းက တနင်္ဂနွေနေ့မနက် ၁၀နာရီမှာစပြီး ပထမဆုံးသင်တန်းချိန်ကိုအခမဲ့သင်ယူနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် သူတို့ရဲ့ Facebook ကတဆင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Kayla Douglas ရေးသားသော Being Centered Amidst Chaos: The Real Goal of Practicing Tai Chi အားမြန်မာဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ 

Photo credit: Tai Chi in Yangon

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here