Advertisement

သီတင်းကျွတ်ပွဲတော်သည် မြန်မာလူမျိုးများအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံးကျင်းပသော ပွဲတော်ဖြစ်သည်။
သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးများ စိတ်အား ထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များ အနက်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီတစ်ရက်၊ သီတင်းကျွတ် လပြည့်နေ့ နှင့် သီတင်းကျွတ် လပြည့်ကျော် တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၀ ခုနှစ်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့သည် လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။

သီတင်းကျွတ်ပွဲတော် ပေါ်ပေါက်လာပုံ

ဂေါတမမြတ်စွာဘုရားသည် မယ်တော်ဖြစ်ခဲ့ဖူးသူ အမိဂေါတမိ (သန္တုနတ်သား) အား မွေးကျေးဇူး ဆပ်သောအားဖြင့် တာဝတိံ သာနတ်ပြည်တွင် မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာ အပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာ တရားတော်ကို နေ့ညမစဲ တရား ဟောတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့သည် တရားစခန်း သိမ်းသောနေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ထိုသို့ မြတ်စွာဘုရားရှင် နတ်ပြည်မှ လူ့ပြည် သို့ပြန်လည်ဆင်းသက် ကြွချီတော်မူသည့်အတွက် လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ် အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့သည်။ ထိုအစဉ် အလာကို ထိန်းသိမ်းသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ သီတင်းကျွတ်မီးထွန်းပွဲတော် အဖြစ်ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည်။ သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ”ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို ပင့်ဖိတ်ပါ၏။ တပည့်တော်၏ အပြစ်ကိုမြင်လျှင်ေ သ်ာလည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် သံဃာများကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။ ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ ကလေးငယ်များက မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြပါသည်။ အချို့သူများကလည်း နိဗ္ဗာန်ဈေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေးမွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြပါသည်။ သီတင်းကျွတ်အချိန်အခါသာမယတွင် မြန်မာနိုင်ငံအနှံ့အပြား ပွဲတော်များပြုလုပ်ကြပါသည်။

သီတင်းကျွတ်ကာလနှင့်အတူ ထင်ရှားသော ပွဲတော်များ

ထားဝယ် သပိတ်မျှောပွဲ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် သီတင်းကျွတ် လရောက်တိုင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိသည်။ သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့တစ်မြို့တည်းတွင်သာ တွေ့နိုင်ပြီး နှစ်စဉ်နှစ်တိုင်း ထူးခြားစွာ ကျင်းပသောပွဲတော်ဖြစ်သည်။ သပိတ်အိုးထဲတွင် ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားပါသည်။ ထားဝယ်မြို့သူမြို့သားများသည် သီတင်း ကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ပြင်ဆင်အလှူခံထားသည့် သပိတ်အိုးကြီးများဖြင့် မြို့တွင်း လှည့်လည် အလှူခံထွက်ကြသည်။ အလှူခံထွက်စဉ် သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ ညလုံးပေါက်အလှူခံပြီး နံနက်မိုးသောက်သောအခါ အသင့်ယူဆောင်လာသော သပိတ်အိုးလေးများကို သတ်မှတ်ထားသော နေရာတွင် မြစ်ချောင်းအတွင်းသို့ မျှောကြပါသည်။

မီးမျှောပွဲ

သီတင်းကျွတ်ကာလရောက်တိုင်း ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့တွင် မီးမျှောပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ ၁၈၅၁ ခုနှစ် ကုန်းဘောင်ခေတ်ကတည်းက နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်ဖြစ်ပါသည်။ ကုန်းပွဲနှင့် ရေပွဲဟူပြီး နှစ်မျိုးရှိကာ ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။ သီတင်းကျွတ်လပြည့် ကျော် တစ်ရက်နေ့တွင် ရွှေကျင်မြို့သူမြို့သားများသည် ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်မှန်းကာ ရွှေကျင်မြစ်ထဲသို့ ဆီးမီးများမျှောပြီး ပူဇော်ကြပါသည်။

ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် ကိုဗစ်ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here