ဟမ်ဘာဂါဆိုတာ လူတိုင်းနီးပါးကြိုက်တဲ့ အစားအစာဖြစ်ပါတယ်။ လုပ်ရလွယ်သလို အစာခံတဲ့အစားအစာလည်းဖြစ်ပါတယ်။ ဟမ်ဘာဂါချစ်သူတွေအတွက် ဟမ်ဘာဂါနဲ့ပတ်သက်တာတွေကို လေ့လာတင်ပြပေးလိုက်ပါတယ်။
ဟမ်ဘာဂါ ဘယ်ကစ
ဟမ်ဘာဂါ ခေါ် ဘာဂါ စတင်တွေ့ရှိရာနေရာက ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ကဖြစ်ပါတယ်။ ဟမ်းဘတ်ဆိုတာ ဂျာမနီရဲ့ဒုတိယအကြီးဆုံးမြို့ပါ။ ဟမ်ဘာဂါကို အနောက်တိုင်းမှာတော့ အသားညှပ်ပေါင်မုန့်အမျိုးအစားထဲမှာပဲထည့်သွင်းထားပါတယ်။ သမိုင်းပညာရှင်တွေကတော့ ဘာဂါယာဉ်ကျေးမှုကို ၁၉ ရာစုမှာ စတွေ့ခဲ့တယ်လို ဆိုပါတယ်။ ဟမ်းဘတ်က ဘာဂါက ပါးလွှာပြီး အမေရိကန်ဘာဂါက ထူပါတယ်။ ဘာဂါက ဂျာမနီရဲ့အစားအစာဖြစ်ပေမယ့် ဘာဂါယဉ်ကျေးမှု စတင်ခဲ့တာကတော့ အမေရိကန်ဖြစ်ပါတယ်။ ဘယ်လောက်ထိ အမေရိကန်တွေ ဘာဂါကို ရူးသွပ်လဲဆိုရင် ဘာဂါကို သူတို့အပိုင်ဖြစ်အောင် ဟမ်းဘတ်မြို့ကို အမည်ပြောင်းခိုင်းတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အီတလီဆိုပီဇာ၊ တရုတ်ဆို ထမင်းကြော်၊ ဂျပန်ဆို ဆိုရှီဆိုပြီး သတ်မှတ်ကြသလို အမေရိကန်ဆိုရင် ဘာဂါလို့ ကမ္ဘာက သတ်မှတ်ကျပါတယ်။ လေ့လာသူတွေကတော့ ပထမကမ္ဘာစစ်ပြီးမှ အမေရိကန်ကို ဘာဂါစားသုံးမှုဓလေ့စရောက်ခဲ့တာလို့ဆိုပါတယ်။ အမေရိကား ရဲ့ ပထမဆုံးဘာဂါဆိုင်ကို ၁၉၂၀ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး နာမည်ကြီး မက်ဒေါနယ်ဘာဂါဆိုင်ကိုတော့ ၁၉၄၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ခုဆိုရင် ကမ္ဘာတစ်လွှားမှာ ဘာဂါဆိုင် အများအပြားကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဘာဂါ အမျိုးအစားများ
ကမ္ဘာပေါ်မှာ ဘာဂါအမျိုးအစားပေါင်းစုံရှိပါတယ်။ ကြက်သားဘာဂါနဲ့ အမဲသားဘာဂါက လူကြိုက်အများဆုံးဖြစ်ပါတယ်။ ကျွဲသား၊ ဆိတ်သားနဲ့လုပ်တဲ့ ဘာဂါတွေလည်းရှိပါတယ်။နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဘာဂါတွေလည်းရှိပါတယ်။ ဘာဂါစားသုံးမှုအများဆုံးနိုင်ငံတွေက အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေဖြစ်ပါတယ်။
ဘာဂါမှာ ဘာတွေပါလဲ
ဘာဂါမှာ ပေါင်မုန့်၊ ကြက်သားပြား၊ ချိစ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်နဲ့ မရောနိ အဓိကပါဝင်ပါတယ်။ တချို့က ကြက်သားပြားနေရာမှာ အသားကင်နဲ့ အမဲသားပြားထည့်ပြီး စားသုံးကြပါတယ်။ ဘာဂါရဲ့ အဓိက အရသာက ချိစ်နဲ့ ကြက်သားပြားပေါ် မူတည်ပါတယ်။
အလွယ်ဆုံး ဘာဂါလုပ်နည်း
ဘာဂါ ကြက်သားပြားနဲ့ ဘာဂါပေါင်မုန့်ကို ဈေးကအလွယ်တကူဝယ်လို့ရပါတယ်။ ကြက်သားပြားဝယ်လို့မရရင် ကြက်သားကို ကြိတ်ပြီး ဂျုံအနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး ကျော်လို့ရပါတယ်။ ဘာဂါပေါင်မုန့်က အလုံးလိုက်လာသလို နှစ်ခြမ်းခွဲပြီးသားလည်းရှိပါတယ်။ ကြက်သားပြားကြော်ပြီးရင် ဘာဂါပေါင်မုန့်ကို အနည်းငယ်နွေးရပါမယ်။ ပြီးရင် ပေါင်မုန့်အတွင်းဘက်တွေကို မရောနိ အနည်းငယ် သုတ်ရပါမယ်။ မရောနိကို ထည့်တဲ့အစာ တစ်ခုချင်းစီ သုတ်လို့ရပါတယ်။ ပေါင်မုန့်တွေကို သုတ်ပြီးရင် ကြက်သားပြားထည့်ပါမယ်။ ကြက်သားပြားအပေါ်က ဆလတ်ရွက်ခင်းပါမယ်။ ဆလတ်ရွက် အပေါ်က သခွားသီးထည့်ပါမယ်။ အပေါ်ဆုံးမှာ ချိစ်ပြားထည့် ပေါင်မုန့်အုပ်ပြီး စားသုံးနိုင်ပါတယ်။ ဘာဂါထဲမှာထည့်မယ့် အစာတွေကို လိုအပ်သလို ဖြည့်ထည့်လို့ရပါတယ်။ အလွှာတိုင်းကို မရောနိသုတ်ပေးရင် ပိုအရသာရှိပါတယ်။
ဘာဂါနဲ့ ကျန်းမာရေး
ဘာဂါမှာ ကယ်လိုရီအများကြီးပါလို့ အဝလွန်သူတွေအတွက် မသင့်တော်ပါဘူး။ ဘာဂါတစ်လုံးမှာ ကယ်လိုရီ ၅၀၀ ပါပါတယ်။ အဆီဓာတ် ၂၅ ဂရမ်နဲ့ဆားဓာတ်ပါဝင်လို့ သွေးတိုးတဲ့သူတွေမစားသင့်ပါဘူး။ သကြားဓာတ်ပါဝင်နှုန်းများတဲ့ ကိုလာ လို အအေးမျိုးနဲ့ တွဲဖက်မစားသင့်ပါဘူး။ ဘာဂါစားရင် သစ်သီးဖျော်ရည် သောက်ပေးသင့်ပါတယ်။ ကယ်လိုရီထိန်းနိုင်အောင် ဘာဂါထဲက အသီးအရွက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။ ဘာဂါအများကြီးစားရင် ရင်ပြည့်ရင်ကယ်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ အညီ ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။ အမေရိကန်တွေက တစ်ပတ်ကို အနည်းဆုံး ဘာဂါ ၃ လုံးစားပါတယ်။ အမေရိကန်နိုင်ငံသားတွေက တစ်နှစ်ကို ဘာဂါ ၁၄ ဘီလျံလောက်စားပါတယ်။ ဘာဂါချစ်သူတွေ တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြပါလို့ အကြံပေးချင်ပါတယ်။