Advertisement

တိရိစ္ဆာန်တွေအပေါ်သနားကြင်နာမှုနဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းချင်စိတ်ကို စားသောက်ဆိုင်လုပ်ငန်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ Vegado ဖြစ်လာပါတယ်။ Vegan restaurant concept ကိုစတင်ဖြစ်ခဲ့တဲ့အကြောင်း Vegado ရဲ့ပဲ့ကိုင်ရှင် ၂ယောက်ဖြစ်သူ Blake ဟိန်းထက်နဲ့ Luis Kanu ကအခုလိုပြောပြတယ်။

Vegado ကတာဝန်ယူမှုရှိတဲ့စားသောက်ဆိုင်လုပ်ငန်းတခုကိုစားသုံးသူတွေနဲ့မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ်။ ဒီအတွက် အလဟဿစွန့်ပစ်ပစ္စည်းမရှိသလောက်နည်းဖို့၊ vegan (အသက်သတ်လွတ်နဲ့ တိရိစ္ဆာန်ထွက်မဟုတ်တဲ့) အစားအသောက်တွေကိုသာရောင်းချဖို့နဲ့ ဈေးနှုန်းသက်သာဖို့ကြိုးစားလျက်ရှိတယ်။

“Blake က vegan လေ။ သူ့ကျန်းမာရေးအတွက်ညီညွတ်တဲ့အစားအသောက်တွေချက်ပြုတ်ရင်း သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့စားသောက်ဆိုင်တခုဖွင့်ဖို့စိတ်ကူးရခဲ့တာပါ” လို့ Luis ကပြောပါတယ်။

ဆိုးဆေးမသုံးထားဘဲ စွန့်ပစ်စက္ကူတွေကိုပြန်လည်သန့်စင်အသုံးပြုထားတဲ့ဘူးတွေနဲ့ အစားအသောက်တွေကိုထုပ်ပိုးပါတယ်။ ပလတ်စတစ်လုံးဝမသုံးထားပါဘူး။ ဒီစားသောက်ဆိုင်ရဲ့အဓိကကြိုးပမ်းမှုကတော့အစားအသောက်တွေချက်ပြုတ်တဲ့အခါမှာအလေအလွင့်နည်းနိုင်သလောက်နည်းအောင်ပြင်ဆင်ခြင်းပါပဲ။

စာသုံးသူတွေနဲ့မှာချင်တာတွေကို တရက်ကြိုမှာဖို့လိုပါတယ်။ ဥပမာ မနက်ဖြန်စားမယ့်ဟင်းပွဲတွေကို ဒီနေ့ညနေ ၆နာရီနောက်ဆုံးထားပြီးမှာပေးရပါတယ်။ နောက်နေ့ဆိုင်ဖွင့်ချိန်အတွင်း အိမ်တိုင်ရာရောက်လာပို့ပေးပါလိမ့်မယ်။“ဒီစနစ်ကြောင့်အသီးအရွက်နဲ့ကုန်ကြမ်းတွေကိုသိုလှောင်ထားစရာမလိုဘဲ မှာသလောက်ပဲဝယ်ရတဲ့အတွက် လေလွင့်ပျက်စီးမှုလုံးဝမရှိပါဘူး။ မနက်တိုင်းဈေးသွားပြီးအလတ်ဆတ်ဆုံးကုန်ကြမ်းတွေကိုဝယ်ယူပါတယ်။”

တနင်္လာနေ့ကနေ စနေနေ့အထိဆိုင်ဖွင့်ပြီး အစားအသောက်တွေက မက္ကဆီကို၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ဟင်းလျာတွေကနေ အရှေ့တိုင်းအထိပုံစံစုံပါတယ်။ Vegan burger နဲ့ Choco Fuzzy Pancake တွေပါရနိုင်တယ်။

Luis နဲ့ Blake ဟာစင်ကာပူကကြယ် ၅ပွင့်ဟိုတယ်တွေနဲ့ catering ဝန်ဆောင်မှုလုပ်ငန်းတွေမှာ စားဖိုမှူးအဖြစ်အချိန်ပိုင်းအလုပ်လုပ်ရင်းတွေ့ခဲ့ကြတာပါ။သူတို့ကအင်ဂျင်နီယာဘွဲ့အတွက်ပညာသင်ကြားခဲ့ကြပေမယ့် အချက်အပြုတ်ကိုပိုဝါသနာပါလာခဲ့တယ်။ Luis ကကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်။ Vegan ဖြစ်တဲ့ Blake ကတော့မွေးရပ်မြေရန်ကုန်မှာ စားသောက်ဆိုင်တခုဖွင့်ဖို့စိတ်ကူးပါတယ်။ အဲ့ဒီကနေ Vegado ဖြစ်ပေါ်လာတာပါ။

“ပထမဆုံးအွန်လိုင်းသီးသန့် vegan စားသောက်ဆိုင်ဖွင့်မယ်။ နောက် ၃လလောက်နေရင် အွန်လိုင်း vegan ဈေးဖွင့်မယ်။ နောက် ၂နှစ် ၃နှစ်လောက်ဆိုရင်တော့ဆိုင်ခန်းဖွင့်မယ်စိတ်ကူးပါတယ်” လို့ Luis ကဆိုတယ်။

Luis & Blake

အခက်အခဲတွေရှိခဲ့ပေမယ့်လည်း Vegado ကအောင်မြင်စပြုလာပါပြီ။ အပတ်တိုင်းဟင်းပွဲ ၇၅ပွဲလောက်ရောင်းထွက်ပြီး ၇၀ရာခိုင်နှုန်းသောဖောက်သည်တွေက ရန်ကုန်မှာနေထိုင်ကြတဲ့နိုင်ငံခြားသားတွေဖြစ်ပါတယ်။ ဆိုင်သစ်တဆိုင်အနေနဲ့ Covid-19 ကာလမှာအဲ့လောက်ရောင်းရတာမဆိုးဘူးဆိုရမှာပါ။ ရန်ကုန်မှာနေထိုင်ကြသူတွေအနေနဲ့စားသောက်မှုပုံစံအသစ်ကိုလက်ခံစပြုလာပြီလို့လည်းဆိုနိုင်ပါတယ်။

Luis နဲ့ Blake တို့ဟာစီးပွားဘက်သူငယ်ချင်းတွေဖြစ်ပြီး ရည်ရွယ်ချက်တွေလည်းတူပေမယ့် Luis ကတော့ vegan မဟုတ်ပါဘူး။“လောလောဆယ်တော့လူတိုင်း vegan စားသောက်မှုပုံစံကိုလက်ခံနိုင်ဦးမှာမဟုတ်သေးဘူးဆိုတဲ့အမြင်နဲ့ပဲ စားသုံးသူတွေနဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ Vegan စစ်စစ်မဟုတ်တောင်မှ အသားလျှော့စားနိုင်ပါတယ်” လို့ Luis ကပြောပါတယ်။

Contact: Vegado.life
https://www.facebook.com/vegado.life

Mary Banfield ၏ Vegado: The Future of Food အားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here