ကယားပြည်နယ်ဟု ဆိုလိုက်လျှင် ငွေတောင်ပြည်နှင့် ဒွေးမယ်နော်ကို သတိရတတ်ကြသည်။ ကယားပြည်နယ်သူ ပြည်နယ်သားများသာမက ပြည်ထောင်စုတိုင်းရင်းသားများ အားလုံး ဒွေးမယ်နော်ကို သိကြသည်။ ရှေးပဝေသဏီကပင် လူကြီးသူမတို့က သားစဉ်မြေးဆက် ပြောစမှတ်ပြုခဲ့ကြသည့် ဒွေးမယ်နော်နှင့် ညီအစ်မခုနစ်ဖော် ရေကစားခဲ့ကြသော ကန်ခုနစ်ဆင့်သည်လည်း ယနေ့ထက်တိုင် တည်ရှိနေသည်။ ဘေးနားတွင် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တို့လည်း ယခုထိရှိသဖြင့် ဒွေးမယ်နော်သည် ချစ်စရာဒေသခံ ငွေတောင်သူကလေးဟု ယုံကြည်ကြသည်။
ဆာ-ဂျော့စကော့(George Scott) ရေးသားသော အထက်မြန်မာပြည်မှတ်တမ်း (Upper Burma Gazetteer) အရ ပဉ္စမမြောက် ကရင်နီမင်း ဘိုဖြူလှလက်ထက်တွင် မွန်မြန်မာ မင်းမျိုးမင်းနွယ် မောင်မောင်ဖုန်းနှင့် နောက်လိုက်များအား ပွန်ချောင်းအရှေ့ဘက် စောလုံမြို့တွင် ဟော်နန်းစိုက်စေ၍ နယ်မြေသတ်မှတ်ပေးခဲ့သည်၊ ကန္ဒရဝတီ၊ ဘော်လခဲ၊ ကြယ်ဖိုးကြီး၊ နောင်ပုလဲ၊ နမ့်မယ်ခုံ၊ ငွေတောင်ပြည်တို့ဖြင့် ပိုင်းခြားအုပ်ချုပ်ခဲ့ကြသည်ဟုဆိုသည်။ (ယနေ့ထက်တိုင် စောလုံမြို့ဟောင်း၊ စေတီ၊ အုတ်ဂူတို့ တည်ရှိသည်)။
ကယားတိုင်းရင်းသားများသည် ရှေးမြန်မာဘုရင်များနှင့် သာမန်အဆက်အသွယ်သာမက စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင်လည်း ပါဝင်ခဲ့ကြသည်။ ရှေးမြန်မာဘုရင်များဖြစ်သော ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက် ယိုးဒယား(ထိုင်း)နှင့် မဏိပူရသို့ စစ်ချီရာတွင် ကယား အမျိုးသားတပ်များ ပါဝင်ခဲ့ကြသည်။
ထို့ပြင် မင်းတုန်းမင်းတရားလက်ထက် ကယားအမျိုးသား ခေါင်းဆောင် စော်ဘွားကြီး(စောဖျာ) စောလဖော်ကို “ပဗ္ဗတသီဟရာဇာ”ဘွဲ့အပ်နှင်း၍ ကန္ဒရဝတီမြို့ကို စားစေခဲ့သည်။ (ကန္ဒရဝတီမြို့ဝင် ကျွန်းကမ္ပည်းတိုင်အား ယနေ့တိုင် စိုက်ထူထားရှိသည်)။ စောလဖော်သည် ၁၈၈၅ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က တစ်ပြည်လုံးကို သိမ်းပိုက်ပြီး၍ အားမတန်သည့်တိုင်အောင် မာန်မလျှော့ဘဲ ၁၈၈၇ – ၈၈ ခုနှစ်တိုင် ခုခံတွန်းလှန်ခဲ့ပြီး နောက်တွင်မှ လွိုင်ကော်မြို့ကိုတည်ထောင်သူ ဦးသီရိနှင့်အတူ ယိုးဒယား(ထိုင်း) နယ်ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။
နယ်ချဲ့တို့သည် ခရစ်နှစ် ၁၈၇၅ ခုနှစ် ဇွန် ၂၁ ရက်တွင် မြန်မာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် အိန္ဒိယ ဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါက္ကလပ်(စ်) ဖော်ဆသ် တို့အား လက်မှတ်ရေးထိုးစေ၍ ကရင်နီပြည်နယ်ကို ကန့်သတ် သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်ပေးခဲ့သော် လည်း ကန္ဒရဝတီစော်ဘွား (စောဖျာ) များကို “ဆာနဒ်”ဥပဒေ ပြဋ္ဌာန်းချက် ၁၂ ချက်ဖြင့် ဗြိတိသျှတို့အလိုကျ ချုပ်ချယ်ခဲ့ကြသည်။ အမတ်ကြီး ဦးနီ စတင်တည်ထောင်ခဲ့သော လွိုင်ကော်ဈေးကို သိမ်းပိုက်ခြင်း၊ မော်ချီးမိုင်းကို လက်ဝါးကြီးအုပ်ခြင်း၊ သစ်တောကြီးများမှထွက်ရှိသော ကျွန်းများကို သံလွင်မြစ်ကြောင်းဖြင့် မျှောချသယ်ယူခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းတည်ထောင်ရ၌ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကရင်နီပြည်နယ်တွင် “ကရင်နီ” အစား “ကယား”အဖြစ် ပြောင်းလဲခေါ်ဆိုရန် ကယားအမျိုးသား ခေါင်းဆောင်များက ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်က ကျင်းပသော မြန်မာနိုင်ငံ တိုင်းပြုပြည်ပြုလွှတ်တော် ဒသမ ညီလာခံအစည်းအဝေး၌ အဆိုတင်သွင်းခဲ့သည်။
ကယားတိုင်းရင်းသားများနှင့် ကယားအမျိုးသား ခေါင်းဆောင်များ၏ ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ပြုသည့် အနေဖြင့် ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ ကရင်နီပြည်နယ်အစား ကယားပြည်နယ်ဟု အမည်ပြောင်းလဲ သတ်မှတ်ခေါ်တွင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ကယားပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြသည်။
ကယားပြည်နယ်၌ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၂၈၆၆၂၇ ဦးရှိသည်းခရိုင်နှစ်ခု၊ မြို့နယ်ခုနစ်ခုနှင့် မြို့သုံးမြို့ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်နှစ်ခုမှာ လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်တို့ဖြစ်သည်။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် နမ့်မယ်ခုံမြို့၊ လွိုင်လင်လေးမြို့တို့ ပါဝင်သည်။ ဘော်လခဲခရိုင်တွင် ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စုံမြို့နယ်နှင့် ရွာသစ်မြို့တို့ ပါဝင်ကြသည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ပြည်နယ်ခုနစ်ခုအနက် အသေးငယ်ဆုံးဖြစ်သည်။ ပြည်နယ်အတွင်း ကယားမျိုးနွယ်စု တိုင်းရင်းသားကိုးမျိုးဖြစ်သော ကယား၊ ကယန်း(ပဒေါင်)၊ ယင်းဘော်၊ ဂေခို၊ လထာ(ဇယိမ်း)၊ ကာ၊ ဂေဘား၊ ယင်းတလဲနှင့် မိုနု(မနုမနော)တို့အပြင် အခြား တိုင်းရင်းသားများဖြစ်သော ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ ကရင် အင်းသား လီရှာတို့လည်း ပျံ့နှံ့နေထိုင်ကြသည်။
ကယားပြည်နယ်၏ ထင်ရှားသော နေရာများက တောင်ကွဲစေတီ၊ လောပိတရေတံခွန်၊ လူသေအလောင်းကြီးများရှိရာ ကြတ်ဂူ၊ ငွေတောင်ဆည်တို့ဖြစ်သည်။ ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ရရှိနေသောကြောင့် အာဆီယံအသန့်ရှင်းဆုံးမြို့ဆုကို လွိုင်ကော်မြို့က ရရှိခဲ့ပြီးဖြစ်သည်။
Ref – ကယားအစိုးရအဖွဲ့၊ စွယ်စုံကျမ်း၊ Wikipedia
Photo – tripadvisor