လူသားတိုင်း တောင့်တနေတဲ့ ကိုဗစ်ကာကွယ် ဆေးရဖို့ လက်တစ်ကမ်း အလိုရောက်နေပါပြီ။ ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးစားလာတာ ခုဆိုရင် တစ်နှစ်နီးပါးရှိပါတယ်။ ဆေးကုမ္ပဏီတွေကလည်း အပြိုင်အဆိုင်ထုတ်လုပ်နေလို့ ၉၅ ရာခိုင်နှုန်းအထိ အောင်မြင်တဲ့ဆေးတွေရှိလာပါတယ်။ မကြာခင်ရရှိမယ့် ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို တင်ပြလိုက်ပါတယ်။
ဆေးကုမ္ပဏီတွေ၊ ဆေးသုတေသနလုပ်ငန်းတွေ အားလုံး ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးစားနေတာ ခုဆိုရင် နောက်ဆုံးအဆင့် Phase III ကို ရောက်နေကြပါပြီ။ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီပေါင်း ၁၀၀၀ လောက်ရှိပါတယ်။ ဒီထဲမှာ အနီးစပ်ဆုံး ကုမ္ပဏီ ၁၀ ခု လောက်ရှိပါတယ်။
အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ BioNTech ကုမ္ပဏီ ပူးပေါင်းထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအောင်မြင်တယ်လို့ ကြေညာထားပါတယ်။ Pfizer က ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ လတ်တလော အအောင်မြင်ဆုံး ဆေးဖြစ်ပါတယ်။ Phase III အဆင့်ရောက်နေပြီး ရာနှုန်းပြည့်အောင်မြင်ရင် အမေရိကန် FDA ဆီတင်ပြရပါမယ်။ FDA စစ်ဆေးတာ ပုံမှန်အားဖြင့် ကြာတတ်ပေမယ့် ကိုဗစ်အတွက် သီးသန့် အရေးပေါ်သုံးစွဲခွင့်ထောက်ခံချက်ပေးမှာ ဖြစ်ပါတယ်။
Pfizer အပြင် အမေရိကန်ဆေးကုမ္ပဏီ Moderna ကလည်း သူတို့ရဲ့ကိုဗစ်ကာကွယ်ဆေး ၉၄.၅ ရာခိုင်နှုန်းအောင်မြင်တယ်လို့ ကြေညာထားပါတယ်။ ရုရှားကာကွယ်ဆေး Sputnik V ကလည်း ၉၂ ရာခိုင်နှုန်းအောင်မြင်တယ်လို့ နိုဝင်ဘာ ၁ မှာ ကြေညာထားပါတယ်။ AstraZeneca နဲ့ Oxford တက္ကသိုလ်တွဲထုတ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးကလည်း Phase III ရောက်နေပါပြီ။ ဒီဆေးတွေကတော့ ကမ္ဘာပေါ်မှာ အလားအလာအရှိဆုံး ဆေးတွေဖြစ်ပါတယ်။
လောလောဆယ် ဆေးကုမ္ပဏီတွေအားလုံး side effect ကိုစောင့်နေကြပါတယ်။ Side Effect များရင် ကာကွယ်ဆေးကို ပြန်လည်ဖော်စပ်ပြီး အစက ပြန်စမ်းရပါတယ်။ အသက်အရွယ်အမျိုးအစားမတူညီတဲ့ လူသောင်းနဲ့ချီဆီက ရလဒ်စောင့်ရတာကြောင့် အချိန်ပေးရပါတယ်။ စမ်းသပ်မှုတစ်ခုချင်းဆီ အလိုက် ပြည်သူတွေကို အသိပေးရသလို စမ်းသပ်မှုရလဒ်တွေကိုလည်း ပညာရှင်တွေ လေ့လာလို့ရအောင် မျှဝေပေးရပါတယ်။ အစပိုင်း စမ်းသပ်မှုတွေမှာ လူနည်းပေမယ့် Side effect စောင့်ရတာများလို့ အချိန်ကြာပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ Phase III ကို ရောက်ရှိနေပါပြီ။ Phase I နဲ့ Phase II အဆင့်တွေကို ကျော်ဖြတ်ပြီးဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။
Pfizer က လူပေါင်း ၄၃၀၀၀ နဲ့ စမ်းသပ်မှုလုပ်ခဲ့ပေမယ့် လူ ၁၇၀ ကို ပြန်ရွေးပြီး ကာကွယ်ဆေး အခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Moderna က ၉၇ ဦးနဲ့ ရုရှားကာကွယ်ဆေးက လူ ၂၀ ဦးအပေါ် မူတည်ပြီး ရလဒ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Pfizer နဲ့ Moderna ဆိုရင် တစ်ယောက် ဖျားတာနဲ့ အစက ပြန်စပါတယ်။ ဗြိတိန် AstraZeneca ဆေးကုမ္ပဏီကတော့ သုတေသနအချက်အလက်တွေ နောက်ကျသွားလို့ ခုမှစမ်းသပ်နေဆဲအဆင့်ပဲရှိပါသေးတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကိုဗစ် ကာကွယ်ဆေးတွေရဲ့ အရည်အသွေး ၇၀ ရာခိုင်နှုန်း ပြည့်မှီရမယ်လို့ ကြေညာထားပါတယ်။ အမေရိကန် FDA ကတော့ လျော့လျော့ပေါ့ပေါ့ ၅၀ ရာခိုင်နှုန်းသတ်မှတ်ပေးထားပါတယ်။ EU ကတော့ အနည်းဆုံး သတ်မှတ်ချက်ရရင် အဆင်ပြေပါတယ်လို့ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးက အချိန်နဲ့အမျှလိုအပ်နေလို့ နည်းနည်းပါးပါး အဆင်ပြေလည်းရတယ်ဆိုတဲ့သူတွေ ရှိသလို အန္တရယ်ကင်းဖို့အရေးကြီးတယ်ဆိုပြီး ရာနှုန်းပြည့် လိုလားနေသူတွေလည်းရှိပါတယ်။
Pfizer ကတော့ အီးယူ FDA ထက်စာရင် အမေရိကန် FDA ကိုပိုလိုလားနေပါတယ်။ လာမယ့် အပတ်အတွင်း ဆေးကုမ္ပဏီတွေအားလုံး ဆေးထုတ်ဖို့ FDA ဆီက အရေးပေါ်ထောက်ခံချက် ယူကြပါလိမ့်မယ်။ Pfizer ကတော့ လျောက်လွှာတင်ပြီးပါပြီ။ Moderna က စမ်းသပ်မှုတချို့ကျန်သေးလို့ နည်းနည်းနောက်ကျပါမယ်။ နိုဝင်ဘာ လလယ်မှာ ဆေးအကုန်လုံး FDA တင်ဖို့ရှိပါတယ်။ အမေရိကန် FDA ကတော့ စစ်ဆေးပြီးရင် တစ်လအတွင်း ထုတ်လုပ်ဖို့ ခွင့်ပြုချက်ချပေးမှာ ဖြစ်ပါတယ်။
FDA သတ်မှတ်ချက်တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ်ချက်မတူပါဘူး။ အမေရိကန်၊ ကနေဒါ၊ အီးယူနဲ့ ယူကေတို့ကို တစ်ကမ္ဘာလုံးက စံထားဖို့များနေပါတယ်။ တရုတ်မှာလည်း ကိုယ်ပိုင်ကာကွယ်ဆေးတွေ ရှိပါတယ်။ တချို့ဆေးတွေဆိုရင် ဇူလိုင်လကတည်းက စမ်းထိုးပေးနေပါပြီ။ ခြုံငုံသုံးသပ်ရရင် ကိုဗစ်ကာကွယ်ဆေးတွေ ရနေပါပြီ။ FDA ခွင့်ပြုချက်ရတာနဲ့ ကာကွယ်ဆေးတွေထုတ်လို့ရပါပြီ။ အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ဖို့ စောင့်နေကြတာပါ။ မကြာခင် ကိုဗစ်ကင်းစင် ကမ္ဘာတစ်ခွင်ဖြစ်တော့မှာပါ..။
ဦးဝေလင်း
Photo – reuters