Advertisement

ကျွန်တော်တို့တွေ အစားအစာကို ပုံမှန်စားသုံးကြပေမယ့် အချိန်တိတိကျကျစားသုံးတဲ့သူ နည်းပါးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေအားလုံးကတော့ အချိန်တိတိကျကျလုပ် နေတာတွေ့ရပါတယ်။ ဇီဝယန္တရားဟာ စားလိုက်တဲ့အစာကို စားတဲ့အချိန်ပေါ် မူတည်ပြီး တုံ့ပြန်တာကိုတွေ့ရပါတယ်။ နေ့အချိန် စားသလား၊ ညအချိန်စားသလား စားတဲ့အချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်အပေါ်ကွဲပြားစွာ အကျိုးသက်ရောက် ပါတယ်။

ညစာ

ဇီဝပညာရှင်တွေက စမ်းသပ်ခံ ကြွက်လေးတွေကို အုပ်စုနှစ်စုခွဲပြီး တစ်စုကို ၂၄ နာရီပတ်လုံး အစာစားစေပါတယ်။ နောက်တစ်စုကိုတော့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းသာ အစာစားစေပါတယ်။ ဒုတိယအုပ်စုဟာ ကျန်းမာပြီး ပိန်ပိန်ပါးပါး ဖြစ်နေတာတွေ့ရပါတယ်။ ပထမအုပ်စုဝင်ကြွက်တွေဟာ ကိုယ်အလေးချိန် တိုးလာတာ၊ သွေးတွင်းအချိုဓာတ်တွေ များလာတာ တွေ့ရပါတယ်။ သူတို့ကိုလည်း ဒုတိယအုပ်စုလိုနေ့အချိန် ပဲ အစာစားစေရာမှာတော့ ကိုယ်အလေးချိန်လျော့သွားတာ၊ အချိုဓာတ်လျော့သွားတာတွေ တွေ့ရပါတယ်။ ဒါကြောင့် အဖြစ်များလှတဲ့ ဆီးချို၊ အသည်းအဆီဖုံး စတဲ့ရောဂါတွေအတွက် အစာစားတဲ့အချိန်ကို သတိပြုကြဖို့ ဖြစ်လာပါတယ်။

ကိုယ်တွင်း အင်္ဂါတွေဟာ နေ့အချိန်တစ်မျိုး၊ ညအချိန် တစ်မျိုး လုပ်ပါတယ်။ ကမ္ဘာ တစ်ဝန်း က လူပေါင်း ၆၃၄၅၁၁ ဦးကို လေ့လာရာမှာ အိပ်ချိန်လျော့နည်း သူတွေမှာ ကိုယ်အလေးချိန်တိုးလာပြီး ဝဖြိုးသူတွေဖြစ်လာတာကို တွေ့ရပါတယ်။ ညဘက် ကောင်းစွာအိပ်မပျော်ခဲ့ရင် အစာစားချင်စိတ်ကို အားပေးတဲ့ ဟော်မုန်းတွေ မြင့်တက်လာပြီး ဆာလောင်မှုကို ဟန့်တားတဲ့ ဟော်မုန်းတွေကတော့ လျော့သွားပါတယ်။ သွေးထဲကအချို ဓာတ်တွေကို ထိန်းထားနိုင်တဲ့ အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းအင်ကို ကျဆင်းစေတာ၊ အဆီဓာတ်တွေစုပုံလာစေတာ၊ ဆက်စပ်ပြီး ဆီးချိုရောဂါ၊ အဝလွန်တာတွေဖြစ်လာစေတာ ဖြစ်ပါတယ်။ ၂၄ နာရီပတ်လုံးအစာကို တစွတ်စွတ်စားနေတတ်သူတွေ၊ ညဘက် အစာများများ စားတတ်သူတွေမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်ရုံသာမက သင်ကြားမှုနဲ့ မှတ်ဉာဏ်ဆိုင်ရာစွမ်းရည်တွေ ကျဆင်းသွားတာ တွေ့ရ ပါတယ်။

မနက်စာ

ညအချိန် အစာမစားခြင်း ဟာ အစားရှောင်ခြင်း အမျိုးမျိုးထက် အကျိုးရှိနေနိုင်ကြောင်း ယူဆကြပါတယ်။ ညနေ ၆ နာရီ၊ နောက်အကျဆုံး ည ၈ နာရီ နောက်ပိုင်း အစာမစားဘဲ နေကြည့်ပါ။ အဲဒီနောက်ပိုင်း ၁၂ နာရီခြားပြီးမှ အစာစားပါ။ ည ၈ နာရီ ညစာစားထားတယ်ဆိုပါစို့ နံနက် ၈ နာရီမှာ နံနက်စာစားပါ။ အစာလမ်းကြောင်းကို ပြည့်ဝစွာ အနားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ အတော်အကျိုးပြုနိုင်တာ တွေ့ရပါလိမ့်မယ်။ အရေးကြီးတာက နံနက်စာကိုတော့ စားရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရ ဖြည့်တင်းဖို့ နံနက်စောစာဟာ အလွန်အရေးကြီး ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာ အစာစားနည်း

၁။ ညနေစာ (သို့မဟုတ်) ညစာကို ညနေ ၆နာရီ-ည ၈ နာရီ နောက်ဆုံးထားစားပါ။ အဲဒီအချိန်ကျော်ရင် အစာမစားပါနဲ့၊ ရေသောက်နိုင်ပါတယ်။

၂။ နံနက်စာကို ရှင်ဘုရင်လိုစား၊ နေ့လယ်စာကို မင်းသားလိုစား၊ ညစာကို သူတောင်းစားလိုစား ဆိုတဲ့ အဆိုရှိပါတယ်။ ဒါကြောင့် နံနက်စာကို ရှင်ဘုရင်စားသလို ကောင်းနိုးရာရာတွေ ဝေဝေဆာဆာ စားနိုင်ပါတယ်။ တစ်နေ့တာအာဟာရ အတွက် အင်အားတွေ ဖြည့်တင်းပေးခြင်း ဖြစ်ပါတယ်။ နေ့လယ်စာကတော့ မင်းသားလို အလှစားပါလို့ ဆိုပါတယ်။ သို့သော် နေ့လယ်စာကိုလည်း အင်အားအတွက် ပြည့်ပြည့်ဝဝ စားသင့်တယ်လို့ ထင်ပါတယ်။ ညစာကတော့ ပေါ့ပေါ့ပါးပါး ရှိတာလေးနဲ့ တင်းတိမ်ရုံလေးစားပါလို့ ဆိုပါတယ်။ ညစာကတော့ အရေးကြီးတာပါ။ ညနေ၊ ညပိုင်း အချိန်စောစောလေး စားနိုင်လေကောင်းလေ ဖြစ်ပါတယ်။

၃။ ညစာစားပြီးတာနဲ့ နံနက်မိုးလင်းတဲ့အထိ ဘာမှ မစားသင့်တော့ပါ။ ရေကိုသာသောက်သင့် ပါတယ်။ အချိုရည်တွေ၊ အသီးအနှံစတာ တွေလည်း မစားတော့ဘဲအစာလမ်းကြောင်းကို ၁၂ နာရီလောက် အနားပေးဖို့လိုပါတယ်။

ရှေးမြန်မာ မိသားစုတွေ ညစာစားတဲ့အခါ စုဝေးစကားပြောကြ၊ ဘုရားဝတ်ပြုကြ၊ စောစောအိပ်ရာဝင်ကြပါတယ်။ ရှေးမြန်မာတွေရဲ့ ဘဝနေထိုင်ပုံဟာ ရိုးရှင်းပြီး သဘာဝစည်းချက်နဲ့လည်း ကိုက်ညီပါတယ်။ ဒါကြောင့် ရောဂါဘယတွေ ကင်းဝေးအောင် အစာစားချိန်ကို သတိပြုဆင်ခြင်သင့်ပါတယ်။

ဦးဝေလင်း

Ref – Reader Digest 2020

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here