Advertisement

လူကြီးတွေ ငယ်ငယ်တုန်းက ပြောဖူးတယ်..။ ဂျပန်တွေ ဉာဏ်ကောင်းတာ ပင်လယ်ငါးစားလို့တဲ့..အတိအကျမသိသေးတဲ့ အရွယ်ဆိုတော့ လက်ခံရတာပေါ့။ တီထွင်မှုအများစုလုပ်သူတွေက ဂျပန်နိုင်ငံသားတွေ ဖြစ်နေတော့ လေးစား အားကျတာပေါ့။  တကယ်တန်းလေ့လာကြည့်တဲ့အခါ ဂျပန်တွေ မွေးကတည်းက ဉာဏ်ကောင်းခဲ့တာတော့ မဟုတ်ပါဘူး။ ဉာဏ်ကောင်းအောင် လေ့ကျင့်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ပြာပုံအတိဖြစ်နေတဲ့ နိုင်ငံကို နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံ ပြန်ဖြစ်အောင်လုပ်နိုင်တာ နည်းတဲ့စွမ်းရည်မဟုတ်ပါဘူး။ ဂျပန်တွေက တီထွင်ဖန်တီးမှုကို အရမ်း ဦးစားပေးပါတယ်။ တီထွင်ဖန်တီးသူတွေကိုလည်း နေရာပေးပါတယ်။ ဒီလိုမျိုး တီထွင်ဖန်တီးတတ်တဲ့ စွမ်းရည်ရဖို့ ငယ်စဥ်ကလေးဘဝကတည်းက စနစ်တကျသင်ကြား ပေးထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသက်သွေးကြောဟာ ပညာရေးပါ။ ဆရာကောင်းမှ တပည့်ကောင်းမယ်ဆိုတဲ့ မူဝါဒအတိုင်း ဆရာကောင်းတွေကို စဥ်ဆက်မပြတ်မွေးထုတ်နိုင်ပါတယ်။ ဂျပန်အစိုးရတိုင်းကလည်း ပညာရေးကို အထူးဦးစားပေးပါတယ်။

ဂျပန်တွေ ဉာဏ်ကောင်းခြင်းရဲ့ အဓိက အချက်က ဦးနှောက်ကို အမြဲတမ်းအလုပ်ပေးထားတာ ကြောင့် ဖြစ်ပါတယ်။ ဂျပန်လူမျိုးက လုပ်စရာမရှိရင် ဂိမ်းဆော့နေတဲ့ လူမျိုးပါ။  ဉာဏ်စမ်းပဟေဠိတွေ၊ IQ Test တွေကို အရမ်းစိတ်ဝင်စားပါတယ်။ ဂျပန်တွေ ဂိမ်းဆော့တယ်ဆိုတာ ဖျော်ဖြေရေးသီးသန့်မဟုတ်ပါဘူး။ ဉာဏ်ကောင်းအောင်ဆော့တဲ့ သဘောတရားတွေ အများကြီးပါ ပါတယ်။ ဂျပန်နိုင်ငံမှာ ဂိမ်းကစားတာကို ကလေးတွေကနေ အဖိုးအဖွားတွေအထိ ကစားကြပါတယ်။ Sudoku ကနေ Nitento အထိ ဂိမ်းကစားပြီး ဉာဏ်ရည်ထက်မြက်အောင် လုပ်ကြပါတယ်။ ဂျပန်တွေ ဉာဏ်ကောင်းအောင် ကစားတဲ့ဂိမ်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) Brain Age

Brain Age ဂိမ်းကို တိုဟုတုဆေးတက္ကသိုလ်ပါမောက္ခ  ဒေါက်တာတာဝါရှီမာက သက်ကြီးရွယ်အိုတွေ မှတ်ဉာဏ်ပြန်ကောင်းလာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ Nitento ရဲ့ Brain Age ဂိမ်း ကို အခြေခံပြီး ထုတ်လုပ်ထားပါ။ Brain Age ကစားရင် သင်္ချာစွမ်းရည်ထက်မြက်ပြီး မှတ် ဉာဏ် ပြန်ကောင်းစေပါတယ်။

(၂) Sudoku

မြန်မာလို ဆုဒိုခုဆိုတဲ့ ဂဏန်းဆက်တဲ့ဂိမ်းက ကမ္ဘာကျော်တဲ့ဂိမ်းပါ။ မှတ်ဉာဏ်ကို စစ်ဆေးပြီး ဖြတ်ထိုးဉာဏ်ကောင်းစေတဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Sudoku ဂိမ်းကို ၁၉၈၆ ခုနှစ်မှာ Nikoli ကုမ္ပဏီက တီထွင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ အရောက်မှာ ကမ္ဘာတစ်ဝန်းလုံး Sudoku ကစားနေကြပါပြီ။ Sudoku မှာ အလျားလိုက်အကွက် ၉ ကွက်၊ ဒေါင်လိုက် အကွက် ၉ ကွက် ပါရှိပါတယ်။ ဂဏန်း ၁ ကနေ ၉ ထိကို နေရာချန်ပြီး ထောင်လိုက်၊ အလျားလိုက်မတိုက်အောင် နေရာချရတာပါ။ ဂဏန်းတွေနေရာမှာ တိရစ္ဆာန်လေးတွေ၊ အပင်လေးတွေထည့်ပြီး ကစားလို့ရပါတယ်။

(၃) Azan

Azan ဂိမ်းကတော့ ပေသီးတွက်နည်းနဲ့ပိုတူပါတယ်။ Azan ကိုဘာသာပြန်ရင် စိတ်တွက်သင်္ချာလို့ ပြောရင်ရပါတယ်။ စိတ်တွက်သင်္ချာနည်းကို ဂျပန်ကလေးတွေက တစ်နေ့ ၂ နာရီသင်ရပါတယ်။

ထူးခြားတဲ့ ဂျပန်ပညာရေး

ဂျပန်နိုင်ငံရဲ့ ပညာရေးဆိုတာ ကျောင်းပညာရေးသီးသန့်မဟုတ်ပါဘူး။ အိမ်ပညာရေးဆိုပြီး သီးသန့်ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အခြေခံပညာရေးစနစ်မှာ စာဖတ်စွမ်းရည်ကို အဓိက ဦးစားပေးပါတယ်။ ဆရာတွေက ကျောင်းသားတွေကို စာမသင်ခင် ၁၀မိနစ် လောက် စာဖတ်ခိုင်းပါတယ်။ ကြိုက်နှစ် သက်တဲ့ စာအုပ်ကို ဆယ်မိနစ်ဖတ်ပြီးမှစာသင်တဲ့စနစ်ကို နှစ် ၃၀ လောက်သင်ကြားပေးပါတယ်။

ခုခေတ်စားနေတဲ့ ကမ်ပိန်းပုံစံတွေဆိုတာ ဂျပန်တွေစလုပ်ခဲ့တာပါ။ ဂျပန်နိုင်ငံမှာ သက်ဦးစံပိုင် ဘုရင်ခေတ်ကတည်း လူထုလှုပ်ရှားမှု၊ အလုပ်မလုပ်မနေရစနစ်၊ အချိန်တိကျရေးလှုပ်ရှားမှုတွေကို လုပ်ခဲ့ကြပါတယ်။ အချိန်ရဲ့တန်ဖိုးကို ဂျပန်နိုင်ငံသားတိုင်း နားလည်ကြပါတယ်။ ပညာရေးမှာလည်း ဒီလို တိတိကျကျ လှုပ်ရှားမှုတွေရှိပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံသားတွေဟာ အခြားနိုင်ငံသားတွေထက် အမိန့်နာခံမှုပိုကောင်းပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာတတ်ဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်လာသူတွေဖြစ်ပါတယ်။ ဂျပန်တွေကတော့ ဉာဏ်ကောင်းတယ်ဆိုတာကို မျိုးရိုးဗီဇနဲ့ မသက်ဆိုင်ဘူး၊ အလေ့အကျင့်နဲ့ပဲဆိုင်တယ်လို့ ပြောပါတယ်။

ဝေလင်း

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here