တန်ဆောင်မုန်းလဟာမြန်မာ့ပြက္ခဒိန်မှာဆိုရင် ၈လမြောက်ဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်မှာတော့ ၁၁လမြောက်ဖြစ်တဲ့ နိုဝင်ဘာလမှာကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ကတော့ ၂၈ရက်နေ့မှာကျရောက်ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေဟာမသိုးသင်္ကန်းတွေကို တညအတွင်းပြီးအောင်ရက်လုပ်ပြီး လပြည့်နေ့မှာရဟန်းတော်တွေကိုလှူဒါန်းလေ့ရှိတယ်။ အစားအသောက်တွေဟာ နေ့ကူးရင်သိုးသွားတတ်ပါတယ်။ ဒီဥပမာအတိုင်း သင်္ကန်းကိုနေ့မကူးခင်ရက်လုပ်ပြီးလှူဒါန်းရတဲ့အတွက် မသိုးသင်္ကန်းလို့ခေါ်တာပါ။
နှစ်တိုင်းရွှေတိဂုံဘုရားနဲ့ အနယ်နယ်အရပ်ရပ်ကတန်ခိုးကြီးဘုရားတွေမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေကျင်းပလေ့ရှိပေမယ့် ဒီနှစ်ကတော့ကိုဗစ်ကြောင့် ဒီပွဲကျင်းပဖို့အခက်အခဲရှိမယ်ထင်တယ်။ လပြည့်နေ့မတိုင်ခင်ကူးစက်မှုတွေလျော့ပါးသွားဖို့ပဲ ဆုတောင်းပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်တွေစုံလင်တဲ့ညဖြစ်တာမို့ ဒီညမှာဆေးဝါးအစီအရင်တွေတန်ခိုးပြတတ်တယ်လို့ ရှေးကယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်လပြည့်နေ့မှာဆေးမင်ကြောင်ထိုးတာမျိုး၊ ထိုးပြီးသားဆေးမင်ကြောင်ကို သိဒ္ဒိတင်တာမျိုးတွေလုပ်တတ်ကြပါတယ်။
ဒီအခါမှာ ကြတ္တိကာနက္ခတ် (သူခိုးနက္ခတ်) ထွန်းတောက်ချိန်နဲ့ကြုံကြိုက်တာမို့ ဆေးစွမ်းပြတဲ့အခါ ဆေးမင်ထိုးထားတဲ့သူတွေဟာ ကြောင်တကောင်လိုပေါ့ပါးသွက်လပ်ခြင်း၊ မှောင်ရိပ်ခိုလိုက်တာနဲ့ကိုယ်ပျောက်ခြင်းစတဲ့သူခိုးတယောက်မှာရှိတဲ့စွမ်းရည်တွေရသွားတယ်လို့ အဆိုရှိတယ်။
ဒါကြောင့်ဆေးစွမ်းပြမပြသိရဖို့ လူငယ်တွေဟာမင်ကြောင်ထိုးပြီးတဲ့အခါ တန်ဖိုးသိပ်မကြီးတဲ့ဥစ္စာပစ္စည်းတွေကို မိုးမလင်းခင်ပိုင်ရှင်မသိအောင်ခိုးရင်း ရွာလယ်မှာသွားထားလေ့ရှိပါတယ်။ မနက်ကျရင်တော့ခိုးထားသမျှကိုပိုင်ရှင်ဆီပြန်အပ်ရတာပေါ့။ ခိုးရင်းလူမိသွားရင်တော့ ခေါင်းတုံးတုံးပြာလူးပြီး ရေလောင်းလေ့ရှိတယ်။ ပြီးတော့မကောင်းတဲ့စိတ်တွေပျောက်သွားအောင်ဆိုပြီး ဘုန်းကြီးဝတ်ရပါတယ်။
ဒီကျီးမနိုးပွဲဓလေ့ဟာနောက်ပိုင်းမှာမသမာသူတွေကပုံမှားရိုက်ပြီးခိုးမှုတွေကျူးလွန်လာတဲ့အတွက် အခုခေတ်မှာတော့မရှိသလောက်ဖြစ်သွားပါပြီ။
တန်ဆောင်မုန်းလပြည့်နေ့မှာနောက်ထပ်ထူးခြားတဲ့ဓလေ့ကတော့ မယ်ဇလီဖူးတွေခူးပြီး အသုပ်သုပ်စားကြ၊ အသိမိတ်ဆွေတွေကိုဝေမျှကြတဲ့ဓလေ့ပါပဲ။ ကောင်းကင်ပေါ်ကနက္ခတ်တာရာတွေရဲ့အစွမ်းကြောင့် နွယ်မြတ်သစ်ပင်တွေဆေးဘက်ဝင်တယ်လို့ အယူရှိတဲ့အတွက်ကြောင့်ပါ။

Siamese cassia လို့ခေါ်တဲ့မယ်ဇလီပင်ရဲ့အဖူးအရွက်တွေမှာ barakol လို့ခေါ်တဲ့ဒြပ်ပေါင်းတမျိုးပါပြီး စိတ်ကိုတည်ငြိမ်စေ၊ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အစွမ်းသတ္တိရှိကြောင်းဖတ်ဖူးပါတယ်။
ဆီမီးမြိုင်တဲ့လတန်ဆောင်တိုင်မှာကျင်းပလေ့ရှိတဲ့ပွဲတော်တွေအကြောင်းသိသလောက်ပြောပြလိုက်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုဗစ်ကင်းစင်ပြီး တန်ဆောင်တိုင်ပွဲကိုကျန်းမာလုံခြုံစွာဆင်နွှဲနိုင်ပါစေဗျား…။
ပြည်ရွှေဆံတော်ဘုရားပွဲ။ ။ လေးဆူဓာတ်ပျော်ရွှေဆံတော်ဘုရားပွဲဟာ နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့မှာကျင်းပလေ့ရှိပါတယ်။
မုံရွာဖိုဝင်တောင်ဘုရားပွဲ။` ။မုံရွာကဖိုဝင်တောင်ဘုရားပွဲဟာ လပြည့်နေ့မတိုင်ခင်တရက်နဲ့ လပြည့်နေ့မှာကျင်းပလေ့ရှိပြီး အနီးအနားကျေးရွာတွေကဈေးသည်တွေဟာ ဆေးဘက်ဝင်တဲ့သစ်ဥသစ်ဖုမျိုးစုံကိုရောင်းချလေ့ရှိပါတယ်။
ရွှေစည်းခုံဘုရားပွဲ။` ။ရွှေစည်းခုံဘုရားကိုအမှီပြုပြီးကျင်းပတဲ့ပွဲဈေးမှာ ဒေသထွက်ပစ္စည်းတွေဝယ်နိုင်တယ်။ ဗုဒ္ဓဝင်နဲ့ နတ်တွေကိုအခြေခံတဲ့ပြဇာတ်တွေလည်း တင်ဆက်လေ့ရှိပါတယ်။
တောင်ကြီးမီးပုံးပျံပွဲ။` ။တန်ဆောင်တိုင်ပွဲတော်တွေကို မြန်မာနိုင်ငံအနှံ့အပြားမှာဆင်နွှဲကြပေမယ့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကတော့ အစည်ကားဆုံးနဲ့ လူသိအများဆုံးဖြစ်ပါလိမ့်မယ်။ နှစ်စဉ် ၉ရက်လောက်အချိန်ယူကျင်းပလေ့ရှိပါတယ်။