Advertisement

ဆောင်းနှင်းဝေတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလရောက်တိုင်း မြန်မာပြည်ခရီးသွားတွေ အများဆုံး သွားရောက်တဲ့ မြို့က တောင်ကြီးမြို့ဖြစ်ပါတယ်။ တန်ဆောင်တိုင်မှာ ကျင်းပတဲ့ တောင်ကြီးမီးပုံးပျံပွဲကတော့ အစည်ကားဆုံးဖြစ်ပါတယ်။ တောင်ကြီးမြို့ဟာ ရှမ်းပြည်အနောက်ပိုင်းမှာ တည်ရှိပြီး ပြည်နယ်ရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စတုတ္ထအကြီးဆုံးမြို့ဖြစ်ပါတယ်။

တောင်ကြီးမြို့တည်နှစ်ကို ၁၈၉၅ ခုနှစ် လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကိုလိုနီခေတ်တုန်းကတော့ တောင်ကြီးက ရွာငယ်လေးပဲရှိပါသေးတယ်။ မြို့အရှေ့ဘက်က ကျောက်အစွန်းကြီးကိုအစွဲပြုပြီး တောင်ကြီးလို့ ခေါ်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးတဲ့ အခါ တောင်ကြီးကို ရှမ်းပြည်တောင်ပိုင်း မြို့တော်အဖြစ်သတ်မှတ်ပြီး ရုံးစိုက်ခဲ့ပါတယ်။ နောက်ပိုင်း ခေတ်တွေပြောင်းလာပြီး စစ်အစိုးရလက်ထက်မှာ တောင်ကြီးကို ပြည်နယ်မြို့တော်အဖြစ်သတ်မှတ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။  တောင်ကြီးမြို့ရဲ့ ထင်ရှားတဲ့နေရာတွေက စပ်စံထွန်းဆေးရုံ၊ စော်ဘွားများသားကျောင်း၊ ရွှေဘုန်းပွင့်စေတီ၊ ရွှေမုဓောဘုရား၊ ငါးရက်ဈေးတို့ဖြစ်ပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်

နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော်နဲ့ မီးပုံပျံပွဲတော်က ခွဲခြားလို့မရပါဘူး။ မီးပုံပျံလွှတ်တဲ့အခါ နေ့မီးပုံးပျံနဲ့ ညမီးပုံးပျံဆိုပြီး နှစ်မျိုးရှိပါတယ်။ မီးပုံးကို အလှဆင်ပြီး လွှတ်တင်ကြတာ အရမ်းကြည့်လို့ကောင်းပါတယ်။ နေ့စဉ် တန်ဆောင်မုန်းလပြည့်နေ့ဝန်းကျင်မှာ ကျင်းပလေ့ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။

ရွှေဘုန်းပွင့် စေတီ

တောင်ကြီးရောက်ရင် မဖြစ်မနေဖူးကြတဲ့ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါတယ်။  ရွှေမုဓောဘုရားကို သွားရင်းနဲ့ဝင်လို့ရပါတယ်။ တောင်ချွန်းသွားရင်လဲ ရွှေဘုန်းပွင့်ဘုရားကနေ သွားလို့ရပါတယ်။

ရွှေမုဓောဘုရား

ရွှေဘုန်းပွင်သွားတဲ့လမ်းနဲ့တစ်လမ်းတည်းကိုသွားပြီး တောင်ပေါ်မှာ လမ်းနှစ်ခွ တွေ့ရင် ရွှေမုဓောလို့ညွှန်ထားတဲ့ လမ်းအတိုင်းသွားလို့ရပါတယ်။ ဘုရားပေါ်ကနေကြည့်ရင် တောင်ကြီးဂေါက်ကွင်း ကိုလဲ မြင်ရပါတယ်။

တောင်ချွန်း 

တောင်ကြီးရောက်ရင် မရောက်ရောက်အောင်သွားပြီး တောင်ကြီးရဲ့ အလှကို ကြည့်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ Sightseeing ဝါသနာပါသူတွေ သွားသင့်တဲ့နေရာတစ်ခုဖြစ်ပြီး ဆောင်းတွင်းဘက်သွားရင်တော့ အလှဆုံးပါ။ တောင်ချွန်းကို တက်မယ်ဆိုရင်တော့ ရွှေဘုန်းပွင့်ထိ ကားနဲ့သွားပြီး ၄၅မိနစ်လောက် လမ်းလျှောက် တက်ရင်ရောက်ပါတယ်။

စိန်ပန်းပြာတန်း

နိုဝင်ဘာက တောင်ကြီးမှာ စိန်ပန်းပြာတွေ ပွင့်တဲ့ရာသီပါ။ စိန်ပန်းပြာတွေ ကြည့်တဲ့ နေရာ အများကြီးရှိပါတယ်။

ထင်းရှူးတော

ထင်းရှူးတောကတော့ တောင်ကြီးကနေ မြို့ပြင်ဘက် နည်းနည်းလေး ထပ်သွားရတယ်။ ထင်းရှူး ပင်ကြီးတွေကို ကုန်းပေါ်က ကြည့်လိုက်ရင်ကို အတော်လှနေတဲ့နေရာလေးပါ။

ရုရှားကန်

ဟိုအရင် ရုရှားတွေ ဖောက်လုပ်ခဲ့တဲ့ ကန်လို့ ပြောပါတယ်။ ဒီကန်ကြီးကနေ တောင်ကြီးမြို့တစ်မြို့လုံးကို ရေပေးဖူးပါတယ်။

ထန်စန်းဂူ

ပအို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာရှိတဲ့ ဒီ ဂူကြီးကိုတော့ တောင်ကြီးကနေ တစ်နာရီလောက်သွားရပါတယ်။ ထန်စန်းဆိုတဲ့ အဓိပ္ပာယ်က ဆင်လောက်ကြီးတဲ့ ဂူ လို့ မြန်မာလိုအဓိပ္ပာယ်ရပါတယ်။ ဂူကြီးက တကယ်ကိုဆင်တွေဝင်ရလောက် အောင်ကြီးမားတယ်။ ကိုဗစ်ကာလပြီးရင် အရမ်းလှတဲ့ တောင်ကြီးမြို့ကို သွားလည်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဦးဝေလင်း

သမိုင်းကိုးကား ….ကိုလောင်လောင်၊ ချီလီ၊ တောင်ကြီးအုပ်ချုပ်ရေးအဖွဲ့၊ wikipedia

Photo: Mary Mya, Ko Shane

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here