သာယာလှသည့် ရာသီဥတု၊ လှပသော ပန်းခင်းကြီးများရှိသည့် ပြင်ဦးလွင် (ခေါ်) မေမြို့ကို ကန္တာရထဲက အိုအေစစ်အဖြစ်တင်စားနိုင်သည်။ အပူချိန်မြင့်မားသော မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်ဦးလွင်မြို့သည် အေးချမ်းစွာ တည်ရှိနေသည်။ ပြင်ဦးလွင်မြို့သည် အမည်အားဖြင့် မေမြို့၊ တောင်လှေကားမြို့၊ တောင်စခန်းမြို့၊ ပန်းဦးမြို့၊ ပန်းမြို့တော်ဟု ခေါ်တွင်ခဲ့ကြသည်။ ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းတွင်ပါဝင်ပြီး မန္တလေးမြို့နှင့် ၄၂ မိုင်၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၁၂ ပေတွင် တည်ရှိသောမြို့ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြင်ဦးလွင်မြို့တွင် လူဦးရေ ၂၅၅၀၀၀ ဦး နေထိုင်လျက်ရှိသည်။ ရှမ်းရွာလေးတစ်ရွာမှ စတင်ခဲ့သော ပြင်ဦးလွင်မြို့သည် ထင်ရှားသော သမိုင်းကြောင်း ရှိခဲ့သည်။
အင်္ဂလိပ်-မြန်မာ တတိယကျူးကျော်စစ်အပြီး ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအထက်ပိုင်းကို သိမ်းပိုက်ခဲ့ကြသည်။ ပူပြင်းလှသည့် မန္တလေးရာသီဥတုမှ ခေတ္တအနားယူရန် နွေရာသီ ဘုရင်ခံရုံးစိုက်ရာမြို့အဖြစ် အင်္ဂလန်နှင့် ရေမြေတောတောင်ရာသီဥတု ကိုက်ညီမှုရှိသည့် ရှမ်းဓနုရွာလေးကို ရွေးချယ်ကာ မေမြို့အဖြစ် မြို့ပြစီမံကိန်းဖော်ဆောင်ပြီးတည်ခဲ့သည်။ ရေခံမြေခံကောင်းသည့် ရှမ်းရွာလေးကို အင်္ဂလိပ်တို့ သဘောကျနှစ်သက်ခဲ့သည်။ အင်္ဂလိပ်တို့ စတည်တည်ထောင်စဥ်က ရှမ်းဓနုရွာတွင် အိမ်ခြေ ၂၄ လုံးခန့်သာရှိသေးသည်။ မေမြို့ မြို့တည်ရာတွင် ထိုအချိန်က အင်္ဂလန်တွင် ရှိနေသည့် တိုက်တာနေအိမ် အဆောက်အအုံများ၊ လမ်းနာမည်များနှင့် အနီးစပ်ဆုံး တူညီအောင် ဆောင်ရွက်ခဲ့ကြသလို ချယ်ရီ၊ ယူကလစ်၊ ပင်လယ်အုန်း(ခါတော်မီ) ပင်များမှအစ စတော်ဘယ်ရီ၊ ဒေစီ၊ ဒေလီယာ စသည့် သစ်ပင်ပန်းပင်တို့ကို အင်္ဂလန်မှ မှာယူစိုက်ပျိုးစေခဲ့သည်။

မေမြို့ကို စတည်တည်ဆောက်ခဲ့သည့် အင်္ဂလိပ် ဗိုလ်ချုပ်မေကို အစွဲပြုပြီး မေမြို့ဟု ခေါ်တွင်ခဲ့သည်။ ပြင်ဦးလွင်မြို့တွင် ဗိုလ်ချုပ်မေ၏ အုတ်ဂူကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ မေမြို့အဖြစ် ၁၈၉၆ ခုနှစ်တွင် စတင်မြို့တည်ဆောက်၍ ဥရောပပုံစံ အဆောက်အအုံများ ဆောက်လုပ်သည့် အထဲတွင် ၁၉၀၆ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။ ထိုအချိန်က ပြည်သူ့ဆေးရုံကြီးကို ဥရောပတိုက် သားများအတွက် အဆောင်(Europeon Ward) နှင့် အာရှတိုက်သားများအတွက်(Asian Ward) ဟူ၍ ခွဲခြားဆောက်လုပ်စေခဲ့သည်။
ဆေးရုံကြီး၌ ဥရောပတိုက်သား ဆရာ၀န်ကြီးတစ်ဦးကို အုပ်ချုပ်စေ၍ လက်ထောက် ဆရာ၀န် နှစ်ဦး၊ ဥရောပအမျိုးသမီးသူနာပြု လေးဦးတို့ကို ထားရှိခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံတစ်ခုဖြစ်နေရာ မြန်မာပြည်အနှံအပြားတွင် တာ၀န်ထမ်းဆောင်လျက်ရှိနေကြသော အင်္ဂလိပ်တို့သည် မိမိတို့၏ ကလေးများ မီးဖွားသန့်စင်ရာတွင် ‘ကိုလိုနီကျွန်’ နိုင်ငံတွင် မမွေးဖွားဘူးဟုဆိုကာ အင်္ဂလန်အထိပြန်၍ မွေးဖွားခဲ့ကြရသည်။ သို့သော်လည်း ထိုခေတ်ထိုအချိန်က ယခုကဲ့သို့ လေယာဉ်များ ပေါများစွာမရှိသေးဘဲ ပင်လယ်ရေကြောင်း ခရီးမှပင် သင်္ဘောများနှင့် ရက်ရှည်လများစွာ သွားရသောကြောင့် လမ်းခရီးတွင် အန္တရာယ်များပြီး အချိန်ကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။
ထို့ကြောင့်လည်း အင်္ဂလန်အစိုးရသည် ထိုအခက် အခဲများကို ပြေလည်စေရန် မြန်မာပြည်အရပ်ရပ်ရှိ ဥရောပတိုက်သူများ ကလေးမွေးဖွားမည်ဆိုလျှင် မေမြို့ပြည်သူ့ဆေးရုံကြီး၌ လာရောက်မွေးဖွားပါက မွေးစားရင်းတွင် Born in England အင်္ဂလန်တွင် မွေးဖွားသည်ဟု ထည့်သွင်းမှတ်တမ်းတင်ပေးခဲ့သည်။ ယခင်ကတည်းက အင်္ဂလန်နှင့် တောတောင်ရေမြေ ရာသီဥတု တူညီခဲ့သည့် မေမြို့သည်လည်း ထိုအချိန်မှစ၍ ဒုတိယအင်္ဂလန်ဟု ထင်ပေါ်ကျော်ကြား လူသိများခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ တစ်ခေတ်တစ်ခါက ပြင်ဦးလွင်(ခေါ်) မေမြို့သည် ဒုတိယ အင်္ဂလန်ဖြစ်ခဲ့ရပြီး အဆိုပါ ဒုတိယ အင်္ဂလန်ဖွားဥရောပတိုက် သားများသည် ယနေ့အချိန်အထိ အင်္ဂလန်တွင် သက်ရှိထင်ရှားရှိနေသေးကြောင်း သိရသည်။ မေမြို့ကို စစ်အစိုးရလက်ထက်တွင် ပြင်ဦးလွင်ဟု အမည်ပြောင်းလဲခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
Wai Lin
Ref – Wikipedia, Thet Naing, Lonely Planet