Advertisement

ပုပ္ပားတောင်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၏ တောင်ဘက် ပုပ္ပားမြို့အနီး တည်ရှိသည်။  ပုပ္ပားမြို့လေးသည် UNESCO စာရင်းဝင်ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည်။စံကားဝါမြေဆီသို့ သွားရာလမ်းတစ်လျှောက်၌ အညာမြေ၏ အငွေ့အသက် ဖြစ်သော လွမ်းမောဖွယ်ရာ ထန်းတောများကို မြင်တွေ့ရမည်ဖြစ်ပြီး ထန်းသမားတို့၏ဘဝဓလေ့တို့ကိုလည်း ဝင်ရောက်လေ့လာခံစားနိုင်ပါသည်။ အဆိုပါ ထန်းတောတို့တွင် အညာမြေ၏အနှစ်သာရဖြစ်သည့် ထန်းရည်ချိုနှင့် ဘူးသီးကြော်တို့၏ လိုက်ဖက်လှသောအရသာကို မြည်းစမ်းနိုင်သည်။ ထို့အပြင် ထန်းလျက်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း  စူးစမ်းလေ့လာနိုင်မည်ဖြစ်ပြီး ထန်းလျက်အမျိုးမျိုးနှင့် သန့်ရှင်းလတ်ဆတ်သော ထန်းသီးဆန်၊ ထန်းမြစ်တို့ကိုလည်း အညာပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ထိုမှတစ်ဆင့် ခရီးဆက်လာပြီး ရာသီဥတုအနည်းငယ်ပြောင်းလဲလာ၍ အေးစိမ့်စိမ့်လေးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပုပ္ပား မြို့အနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိနိုင်ပါသည်။

ပုပ္ပားမြို့သည်မြေပြန့်ဒေသတွင်ရှိသော်လည်း အနီးအနားရှိမြို့များနှင့်နှိုင်းယှဉ်လျှင်  အမြင့်ပိုင်းတွင် တည်ရှိနေသောကြောင့် အေးမြသောရာသီဥတုကို ခံစားရသည်။ ပုပ္ပားတောင်တက်လမ်းတစ်လျှောက်တွင် သစ်တောများပေါများလှသောကြောင့် အေးမြသောအအေးဓာတ်ကိုခံစားရမည်ဖြစ်သည်။

ပုပ္ပားဟူသောစကားလုံးသည် ပုပ္ပဟူသောပါဠိစကားမှဆင်းသက်လာပြီး  “ပန်း” ဟူ၍ အဓိပ္ပာယ် သက်ရောက်ပါသည်။ စံကားဝါမြေ ရွှေပုပ္ပားတွင် စံကားဝါပန်းများပွင့်ချိန်၌ ရွှေတောင်ကြီး အလားပင် စံကားဝါပန်းများဖြင့် ဝင်းဝါမွှေးကြိုင်နေတတ်ပြီး အထူးသဖြင့်  တန်ခူး၊  ကဆုန်၊  နယုန်လတို့ တွင် အများဆုံးပွင့်လေ့ရှိသည်။ ပုပ္ပားတောင်ဟုဆိုရာတွင် ၄၉၈၁ ပေ အမြင့်ရှိသော ပုပ္ပားတောင်မကြီးနှင့် ရှေးခေတ်အခါက မီးတောင်ဖြစ်ပေါ်နေစဉ်အတွင်း၌ တည်ရှိခဲ့သော ချော်ရည်တိုင် (ယခုခေတ် တန်ခိုးကြီးဘုရားများတည်ထားကိုးကွယ်ရာတောင်ကလပ်) ဟူ၍ရှိသည်။ ပုပ္ပားတောင်ကလပ်မှာ ၂၄၁၇ ပေ အမြင့်ရှိပြီး ပုပ္ပားတောင်မကြီးပေါက်ကွဲ ရာမှ ပဲ့ထွက်လာသောအစိတ်အပိုင်းဖြစ်သည်ဟု ဆိုကြသည်။ ပုပ္ပားနှင့်ပတ်သက်၍ပုပ္ပားတောင်မှ သံသတ္တုမထွက်ခြင်း၊ မြေအိုး/မြေခွက်ပြုလုပ်ခြင်းဖြင့် မကြီးပွားနိုင်ခြင်း၊ သဘာဝစိမ့်စမ်းရေများ ပေါများခြင်း၊   မြွေဆိုးမရှိခြင်း၊ ဆေးဖက်ဝင်အပင်များပေါများခြင်း စသည့် အံ့ဖွယ်များလည်းရှိသည်ဟု ဆိုကြသည်။

ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရပါသည်။ ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပါးနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။

ပ္ပားတောင်မကြီးတွင် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တို့တွင် နံနက်အရုဏ်တက်ချိန်၌ လူငယ်လူရွယ်များ၊ အသင်းအဖွဲ့ များ၊ မိသားစုများစုပေါင်း၍ ပုပ္ပားတောင်တက်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ အနီးအနားရှိ ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ တောင်တက်ဝါသနာရှင်များစွာသည်လည်း ပုပ္ပားတောင်တက်ပွဲသို့ သူငယ်ချင်း၊ အပေါင်းအသင်းမိတ်ဆွေများ၊ မိသားစုများဖြင့် ပျော်ရွှင်စွာလာရောက်ဆင်နွှဲလေ့ရှိကြသည်။

ပုပ္ပားတောင်တွင် သဘာဝအတိုင်းစိမ့်ထွက်နေသော  ရေထွက်ပေါက် ၂၀၀ ခန့် ရှိသည့်အနက် မောင်တော်ရေထွက်၊ နှမတော်ရေထွက်၊  ငဝစမ်းရေထွက်၊ ရေဆူရေထွက်နှင့် ကြို့ချောင်းရေထွက်တို့မှာ လူသိများထင်ရှားသည်။ “စံကားဝါမြေ” ဆိုသည့်အတိုင်း ရွှေဝါရောင်စံကားဝါပန်း ရနံ့များဖြင့် ထုံမွမ်းလျက်ရှိသည့် စိမ်းစိုအုံ့ဆိုင်းနေသော တောအုပ်များအကြားတွင် တသွင်သွင်စိမ့်ထွက်နေသော ကြည်လင်အေးမြလှသည့် ရေထွက်များသည် သဘာဝအလှတရားကို ချစ်မြတ်နိုးသူများအနေဖြင့် ပုပ္ပားသို့ သွားရောက်အပန်းဖြေလည်ပတ်သင့်သည့် အချက်တစ်ချက်ပင် ဖြစ်သည်။ ရေထွက်များမှ တသွင်သွင်စီးဆင်းနေသော ရေစီးသံများ၊ ကျေးငှက်လေးများ၏ တေးသံသာများကိုနားဆင်ရခြင်းဖြင့်လည်း စိတ်နှလုံးပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေမည်မှာ မလွဲဧကန်ပင်။ ဤသည်မှာပုပ္ပားဒေသကို “အညာမြေ၏အိုအေစစ်” ဟုပင် တင်စားခေါ်ဝေါ်ကြရသည့် အကြောင်း တရားပင် ဖြစ်ပေလိမ့်မည်။

၁၉၈၉ ခုနှစ်တွင် သစ်တောဦးစီးဌာနက  ဘေးမဲ့တောဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်။ အဆိုပါ ဘေးမဲ့တောဥယျာဉ်၌ နို့တိုက်သတ္တဝါ  ၁၀ မျိုး၊ ငှက်မျိုးစိတ်  ၁၈၅ မျိုး၊  လိပ်ပြာမျိုးပေါင်း ၁၀၀၊ အပင်မျိုးစိတ် ၃၀၀၊ သစ်ခွမျိုးစိတ်ပေါင်း ၈၆ မျိုးနှင့် ဆေးဖက်ဝင်အပင်ပေါင်း ၃၆၃ မျိုးတို့  ရှင်သန်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရှားပါးမျောက်မျက်ကွင်းဖြူ အကောင် ၅၀၀ ခန့်သည်လည်း မီးတောင်ဝကြီးထဲရှိ လျှိုမြောင်၊ ချိုင့်ဝှမ်းများတွင် နေထိုင်ကျက်စားလျက်ရှိသည်ဟု ဆိုကြသည်။ ခရီးသွားများအနေဖြင့် သဘာဝဘေးမဲ့တောဥယျာဉ် တောတွင်းလမ်း တစ်လျှောက် မျောက်မျက်ကွင်းဖြူတို့၏ နေထိုင်စားသောက်မှုများအား လေ့လာခြင်း၊ မြန်မာ့ရွှေသမင်ခြံသို့ လည်ပတ် ခြင်း၊ မြင်းစီးခြင်းတို့ကိုလေ့လာခြင်း၊  ရှားပါးစန္ဒကူးခြံများ၊ ပရဆေးဥယျာဉ်နှင့် ဒေသခံများ၏ မိရိုးဖလာသယံဇာတအသုံးပြုမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လွတ်လပ်စွာ လည်ပတ်ကြည့်ရှုလေ့လာခြင်းများ  ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သုတေသနပြုလုပ်လိုသူများအနေဖြင့်လည်း မျောက်မျက်ကွင်းဖြူတို့၏ ဂေဟဗေဒနှင့် ဇီဝဗေဒ၊ လိပ်ပြာမျိုးစိတ်များ ပျံ့နှံ့မှု၊ ဆေးဖက်ဝင်အပင်နှင့် သစ်ခွပန်းပင်များ၊ ပင်လယ်ရေ မျက်နှာပြင်အမြင့်အလိုက် တောပြောင်းလဲမှုအခြေအနေများ၊ သဘာဝရေထွက်စမ်းများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဘေးမဲ့တောဥယျာဉ်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် သဘာဝတရားကြီး၏ အလှတရားများကို   တဝကြီးခံစားနိုင်မည်မှာ    အမှန်ပင် ဖြစ်ပါသည်။

ပုပ္ပားတောင်ကြီး၏ အရိပ်အာဝါသကြောင့်လည်း ပူပြင်းလှသော နွေရာသီအချိန်၌ပင်လျှင် အပူချိန်လွန်ကဲမှုကိုမခံစားရဘဲ ရာသီဥတုမှန်ကန်သောကြောင့် ပုပ္ပားနယ်တစ်ဝိုက်တွင် ဥယျာဉ်ခြံမြေများပေါများပြီး အလှသစ်ပင်ပန်းမန်များအပြင် သီးပင်စားပင်များပါ ပေါကြွယ်ဝသောဒေသလည်း ဖြစ်သည်။ သဘာဝအတိုင်းစိမ်းစိုနေသော သစ်တောကြီးများတည်ရှိနေခြင်းကြောင့် မြို့ပြ၏မွန်းကျပ်မှုများမှ လွန်မြောက်ရာ နေရာတစ်ခုဖြစ်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ဦးဝေလင်း

Ref – မြန်မာ့စွယ်စုံကျမ်း၊ မေမြတ် (ဟိုတယ်ခရီး)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here