Advertisement

အရှေ့တောင်အာရှမှာ အပန်းဖြေကမ်းခြေဆိုရင် အင်ဒိုနီးရှား ဘာလီကမ်းခြေက နာမည်ကြီးပါတယ်။ ဒါပေမယ့် မြန်မာမှာလည်း ဘာလီလိုလှတဲ့ ကမ်းခြေတွေအများကြီးရှိပါတယ်။ ကြော်ငြာအားနည်းလို့ လူမသိသေးတာပါ။ မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေမှာ လှပတဲ့သဲသောင်တွေ၊ ပင်လယ်ပြာရေပြင်တွေ၊ ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားပြီး ရေမိုင် ၁၃၀၀ ကျော်ရှိပါတယ်။ မြန်မာ့ ကမ်းခြေတွေက ရခိုင်နဲ့ဧရာဝတီမှာရှိသလို မွန်၊ တနင်္သာရီကမ်းရိုးတမ်းတစ်လျောက်မှာလည်း ရှိပါတယ်။ လေ့လာသူတွေကတော့ မြန်မာကမ်းခြေတွေကို အခုလိုအမျိုးအစားခွဲထားပါတယ်။

(၁) ငပလီ (ရေအောက်လေ့လာရန်)

(၂) ငွေဆောင် (စုံတွဲ ခရီးသွားရန်)

(၃) ချောင်းသာ (ပင်လယ်စာ စားရန်)

(၄) မောင်းမကန် (အလှအပ)

(၅) စက်စဲ (ဘုရားဖူးရန်)

မြန်မာ့ကမ်းခြေတွေထဲက အလှဆုံးကမ်းခြေ ၅ ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) ငပလီ

မြန်မာနိုင်ငံရဲ့အလှဆုံးကမ်းခြေကို ပြပါဆိုရင် ငပလီကို ပြရပါလိမ့်မယ်။ ငပလီဟာ သံတွဲမြို့ရဲ့ လေးမိုင် အကွာမှာရှိပြီး ကမ်းခြေ အရှည် ၂ မိုင်ကျော်ရှိပါတယ်။ ပထမအင်္ဂလိပ်မြန်မာစစ်အပြီး အီတလီလူမျိုးတွေက သူတို့နိုင်ငံရဲ့ နေပယ်ကမ်းခြေနဲ့တူလို့ နေပယ်ကနေ ငပလီဆိုပြီး အမည်တွင်လာတာဖြစ်ပါတယ်။  ရှည်လျားတဲ့သဲသောင်ပြင်၊ လှပတဲ့ အုန်းပင်တွေအများကြီးရှိတဲ့ ကမ်းခြေဖြစ်ပါတယ်။ ငပလီကမ်းခြေနားက တံငါရွာတွေကိုလည်း လေ့လာလို့ရပါတယ်။ ရေအောက်အလှကြည့်တာ၊ စက်ဘီးစီးတာတွေ လုပ်လို့ရပါတယ်။ ငပလီကမ်းခြေရဲ့ သင်္ကေတကတော့ ၁၉၇၄ ခုနှစ်က ထုဆစ်ခဲ့တဲ့ ရေသူမရုပ်ထု ဖြစ်ပါတယ်။

(၂) ငွေဆောင်

ငွေဆောင်ကတော့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ တည်ရှိပါတယ်။ ရန်ကုန်က ကားစီးရင် ငါးနာရီခန့်ကြာပါတယ်။ ၂၀၀၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကမ်းခြေဖြစ်ပါတယ်။ ချောင်းသာထက်ပိုပြီး ရေကြည်လင်မှုရှိပါတယ်။ ငွေဆောင်ကိုရောက်ရင် ငှက်ကျွန်း၊ ကျွန်းလျားရှည် နဲ့ လိပ်ကျွန်းတွေကို ထပ်မံလည်ပတ်နိုင်ပါတယ်။ ဇီဝဇိုးငှက်တွေလည်း ကြည့်လို့ရပါတယ်။

(၃) ချောင်းသာကမ်းခြေ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် မှာတည်ရှိပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပြည်သူတွေအလာများတဲ့ ကမ်းခြေဖြစ်ပါတယ်။ ချောင်းသာကမ်းခြေလည်ပတ်ရင်းကနေ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း၊ ကျောက်မောင်နှမ ကျွန်း၊ ငှက်တောင်နဲ့ ဥတုချောင်းတွေကိုလည်း သွားရောက်လည်ပတ်လို့ရပါတယ်။ လာရောက် လည်ပတ်သူများလို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိပေမယ့် ချောင်းသာကတော့ စည်ကားနေဆဲဖြစ်ပါတယ်။ ချောင်းသာကမ်းခြေရဲ့ Trademark က ပင်လယ်စာဖြစ်ပါတယ်။ ချောင်းသာကမ်းခြေမှာ ပင်လယ်စာ ဈေးသက်သာပြီး အမျိုးအစားအစုံအလင်ရနိုင်ပါတယ်။ ချောင်းသာကမ်းခြေနားမှာ လည်ပတ်စရာ ဆင်စခန်းလည်းရှိပါတယ်။

(၄) စက်စဲကမ်းခြေ

ဘုရားဖူးရင်း ကမ်းခြေသွားချင်သူတွေအတွက် စက်စဲကမ်းခြေရှိပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က စက်စဲကမ်းခြေဟာလည်း ထင်ရှားတဲ့ကမ်းခြေဖြစ်ပါတယ်။ စက်စဲကမ်းခြေမှာ ကျိုက္ကမီရေလယ်ဘုရားရှိပါတယ်။ သံလွင်မြစ်ရေစီးပြောင်းတဲ့ အချိန်ဆို စက်စဲကမ်းခြေမှာ နုန်းတင်တက်ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဧည့်သည်တွေအလာများပါတယ်။

(၅) မောင်းမကန် ကမ်းခြေ

မောင်းမကန်ကမ်းခြေကတော့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာတည်ရှိပါတယ်။ မောင်းမကန်ကမ်းခြေက ခုမှပေါ်လာတဲ့ ကမ်းခြေမဟုတ်ပါဘူး။ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ မြေးတော် အလောင်းစည်သူမင်းကြီး လက်ထက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီးရဲ့ မောင်းမမိတ်သံတွေ ရေဆင်းချိုးရကနေ မောင်းမကန်လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။ မောင်းမကန်ကမ်းခြေကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဧည့်သည်တွေ အလာများပါတယ်။ သဲသောင်ပြင်ကျယ်ပြန့်ပြီး ၂ မိုင်လောက် ရှည်လျားပါတယ်။ မောင်းမကန်ရေက ကြည်လင်ပြီး ရေကစားလို့ အလွန်ကောင်းပါတယ်။

ကိုဗစ်ပြီးရင် သွားရောက်လည်ပတ်ဖို့ ကမ်းခြေတွေကို မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။

ဦးဝေလင်း

Photo credit: Naomi Sun, Thiha Lulin

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here