ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးသည် ကမ္ဘာ့ရုပ်သေးအမျိုးအစားများထဲတွင် တစ်ခုအပါဖြစ်သည်။ မြန်မာ့ရုပ်သေးကို အင်္ဂလိပ်အမည်ဖြင့် Burmese Puppet, Burmese Marionettes, Yote The ဟု ခေါ်သည်။
မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၁၃၈-ခုနှစ်တွင် နန်းတက်သော စဉ့်ကူးမင်းလက်ထက် သဘင်ဝန်ရာထူးဖြင့် ထမ်းရွက်ရသူ ဦးသော်က စတင်တီထွင်ခဲ့သည်ဟု ဆိုသည်။ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံကဟူသော စကားအရ မြန်မာရုပ်သေးသဘင်သည် သက္ကရာဇ် ၁၂ဝ၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်းလက်ထက်တွင် စတင်ပေါ်ပေါက်သည်ဟုလည်း ဆိုရန်ရှိသည်။ ထိုမှတစ်ပါး သုတေသီ အချို့ကလည်း မြန်မာရုပ်သေးသည် မြန်မာ့မူပိုင် ဖြစ်သည်ဟု ဆိုလေသည်။ ရှေးအခါက ရုပ်သေးသဘင်ကို အမြင့်သဘင်၊ ဇာတ်ကို အနိမ့်သဘင်ဟု ခေါ်ဆိုခဲ့ကြပြီးလျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေး စသည့် သဘင်သုံးမျိုးတွင် ရုပ်စုံသဘင်သည် အခက်ဆုံး၊ အနက်ဆုံး၊ အရင့်ဆုံးဟူ၍ ပညာရှင်အပေါင်းတို့ မှတ်ယူခဲ့ကြပေသည်။
မြန်မာရုပ်သေးသဘင်သည် အလွန် စည်းကမ်းကြီးသော သဘင်မျိုး ဖြစ်သည်။ ရုပ်သေး ကပြရမည့် ပညာသည်များမှာ ရှေးအခါက ယောကျာ်း ပညာတတ်များသာ ကပြရသည်။ မည်သည့်မိန်းမမျှ မပါဝင်ရပေ။ ထိုကြောင့်ပင် ရုပ်သေးမင်းသမီးများမှာ ယောကျာ်းမင်းသမီးချည်းသာ ဖြစ်ခဲ့လေသည်။
မြန်မာ့ရုပ်သေးပညာတွင် ရုပ်သေးပန်းပုပညာ၊ ရုပ်သေးကြိုးဆွဲပညာ၊ ရုပ်သေးသဘင်ပညာများပါဝင်သည်။ မြန်မာ့ရုပ်သေးရုပ် တစ်ရုပ်တွင် ကြိုးအချောင်းရေ ၁၈ ကြိုးနှင့် ၁၉ ကြိုး နှစ်မျိုးရှိသည်။ မြန်မာ့ရုပ်သေးသည် ကြိုးအလွန်များပြီး ရှုပ်ထွေးသဖြင့် မြန်မာ့ရုပ်သေးပညာရှင်များကို နိုင်ငံတကာက လေးစားကြသည်။ မြန်မာ့ရုပ်သေးရုပ်အမျိုးအစားတွင် ရုပ် ၂၈ ပါးကို အစွဲပြုပြ်ိး ၂၈ မျိုးရှိသည်။ ဘီလူး၊ နတ်ကတော်၊ မြင်း၊ ဆင်၊ ကျား၊ မျောက်၊ သာလိကာ၊ ဇော်ဂျီ၊ ဝန်ကြီး၊ ဘုရင်၊ မင်းသား၊ မင်းသမီး၊ အိမ်ရှေ့စံ၊ ပုဏ္ဍား၊ ရသေ့၊ နတ်၊ မဟာဒေဝ၊ အဖိုးအို၊ အဖွားအို၊ လူပျက် ဟူ၍ ယေဘူယျခွဲခြားထားသည်။ ရုပ်သေးရုပ်များကို ရုပ်သေးကြိုးဆွဲသူနှင့် ဆိုင်းဝိုင်းက ဟန်ချက်ညီစွာ ပံ့ပိုးပေးရသည်။
ရုပ်သေးသဘင်သည် ကုန်းဘောင်ခေတ်တွင် ထွန်းတောက်ခဲ့သော်လည်း ကိုလိုနီခေတ်တွင် မှေးမှိန်ခဲ့ရသည်။ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်က ရုပ်သေးပညာရှင်များနှင့် ရုပ်သေးသဘင်ကို ပြန်လည်မြှင့်တင်ပေးခဲ့သည်။ ယခုခေတ်တွင် ဇာတ်သဘင်များ၌ ရုပ်သေးသဘင်ကို ထည့်သွင်းတင်ဆက်ကြသည်။ အဆို၊အက၊ အတီးအမှုတ်များဖြင့် ဖျော်ဖြေသည့် မြန်မာ့ရုပ်သေးသဘင်ကို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည်။ ရုပ်သေးပညာသည် တဖြည်းဖြည်း မှေးမှိန်လာသော်လည်း မြန်မာများ တန်ဖိုးထားအပ်သည့် ရှေးဟောင်းပညာရပ်တစ်ရပ် ဖြစ်ပါသည်။
ဦးဝေလင်း
Photo: Wiki